အဓိကပစ်မှတ်အတွက် ဘိုင်ယန်ထက်ပိုပြီး ဆွဲဆောင်မှုရှိနေတဲ့ အာဆင်နယ် coyg

အဓိကပစ်မှတ်အတွက် ဘိုင်ယန်ထက်ပိုပြီး ဆွဲဆောင်မှုရှိနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဒီကလန် ရိုက်စ်ကို ခေါ်ယူမယ့် ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းထက် အနည်းငယ် အသာစီးရရှိနေသေးတယ်လို့ သိရပြီး ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့်ဟာ ဂျာမနီကို ပြောင်းရွှေ့တာထက် လန်ဒန်မှာပဲ ဆက်ပြီး နေချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ကို ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်အပါအဝင် ဥရောပထိပ်သီးအသင်းကြီးတွေက ခေါ်ယူဖို့ ကြိုးပမ်းနေကြတာဖြစ်ပေမယ့်လည်း ဂန်းနားတွေဟာ ဒီကလန် ရိုက်စ်ကို ခေါ်ယူမယ့်ပြိုင်ပွဲထဲမှာ ကာလရှည် ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ယခုရာသီကုန်မှာ လန်ဒန်ကွင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုပြောကြားခဲ့ပြီး ဝက်စ်ဟမ်းအသင်းဟာ ကစားသမားရဲ့ ရည်မှန်းချက်ကို လေးစားရုံသာမက ဒီကလန် ရိုက်စ်က ကြီးမားတဲ့ လစာပမာဏတောင်းဆိုတော့မယ်ဆိုတာကိုလည်း သိနေတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ဒီကလန် ရိုက်စ်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၂၀ ဝန်းကျင်သတ်မှတ်ထားပြီး ဘိုင်ယန်မြူးနစ်အသင်းက ပေါင် ၈၇ သန်းနဲ့ အဖွင့်ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဂျာမန် ဘွန်ဒက်စ်လီဂါချန်ပီယံတွေဆီကနေ စိတ်ဝင်စားမှု အခိုင်အမာ ရရှိနေပေမယ့်လည်း ဒီကလန် ရိုက်စ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့က မရေမရာဖြစ်နေဆဲဖြစ်တယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နည်းပြ တူဟယ်ဟာ ဝက်စ်ဟမ်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားကို အလွန်နှစ်သက်သူဖြစ်ပြီး မကြာသေးမီကမှ အပြောင်းအရွှေ့အတွက် ဒီကလန် ရိုက်စ်တို့ သားအဖနဲ့ ဖုန်းခေါ်ဆိုခဲ့တာဖြစ်ပါတယ်။

တူဟယ်က ဒီကလန် ရိုက်စ်သာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့လာမယ်ဆိုရင် ကြယ်ပွင့်ကစားသမားဖြစ်အောင် လုပ်ပေးမယ်လို့ ပြောကြားခဲ့ကြောင်း ယုံကြည်ရပြီး ဂျာမန်လူမျိုးနည်းပြဟာ လာမယ့်ရာသီမှာ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ကို အဓိကထားပြီး အသင်းကို တည်ဆောက်သွားဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သတင်းတွေကလည်း ဖော်ပြခဲ့ပါတယ်။

ဒီကလန် ရိုက်စ်ကို ခေါ်ယူမယ်ဆိုရင် အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးပေးချေရမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းဟာ ဝက်စ်ဟမ်းအသင်း စျေးလျှော့ပေးအောင် ကစားသမားတွေပါ အလိုက်ပေး ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကစားသမားဘက်မှာတော့ ဒီကလန် ရိုက်စ်ဟာ ပရီးမီးယားလိဂ်မှာ အနာဂတ်ရှိနေသေးတယ်လို့ မြင်နေပြီး တစ်မြို့တည်းဖြစ်တဲ့ အာဆင်နယ်ကို ပြောင်းရွှေ့တာက ၎င်းရဲ့ ငယ်ရွယ်သေးတဲ့ မိသားစုကို နိုင်ငံသစ် နေရာသစ်မှာ အခြေချရမယ့်အရေးကနေ ရှောင်လွှဲနိုင်စေမှာ ဖြစ်ပါတယ်။

ဇန်နဝါရီလကတည်းက အာတီတာက ဒီကလန် ရိုက်စ်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွက် ထိပ်တန်းပစ်မှတ်ဖြစ်တယ်လို့ သတ်မှတ်ခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ အပြောင်းအရွှေ့ပြုလုပ်ဖို့ ကစားသမားရောင်းချရမှုကနေ ဘတ်ဂျက်စုစုပေါင်း ပေါင်သန်း ၁၈၀ လောက်အထိ မြှင့်တင်နိုင်အောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ဂရာနစ် ချာကာက ဂန်းနားတွေအတွက် ပွဲပေါင်း ၃၀၀ နီးပါးပါဝင်ကစားပေးခဲ့ပြီးနောက် လေဗာကူဆင်အသင်းကို ပြောင်းရွှေ့ဖို့ တနင်္ဂနွေနေ့ အမ်းမရိတ်စ်မှာ ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပြီဖြစ်ပြီး အာဆင်နယ်ဟာ ဘာလိုဂန်နဲ့ တီယာနီတို့အတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားမှာဖြစ်ပါတယ်။

ဒီကလန် ရိုက်စ်ဟာ အနာဂတ် မရေမရာဖြစ်နေပေမယ့်လည်း ဇွန်လ ၇ ရက်နေ့ ဖီအိုရင်တီးနားနဲ့ ကစားရမယ့် ယူရိုပါကွန်းဖရင့်လိဂ်ဗိုလ်လုပွဲမှာ ဝက်စ်ဟမ်းကို ဦးဆောင်သွားမှာဖြစ်ပြီး အာဆင်နယ်အသင်းက ဒီပွဲစဉ်အပြီးမှာ ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့်ကို ကမ်းလှမ်းသွားမှာဖြစ်တယ်လို့ နာမည်ကျော် ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုက ပြောကြားခဲ့ပါတယ်။

“အာဆင်နယ်က ဒီအပြောင်းအရွှေ့မှာ ယုံကြည်ချက်ရှိနေတုန်းပါပဲ။ အာဆင်နယ်က ဒီအပြောင်းအရွှေ့အတွက် ပြောဆိုဆွေးနွေးခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ ဒီကလန် ရိုက်စ်ကို လိုချင်လို့ပါ။ သူက ဦးစားပေးပါ။ သူက အသင်းပစ်မှတ်ပါ။ အရေးကြီးတဲ့ဟာတစ်ခု ပြောစရာရှိတယ်။ အာဆင်နယ်က ကွန်းဖရင့်လိဂ်ဗိုလ်လုပွဲအပြီးမှာ ဝက်စ်ဟမ်းကို ကမ်းလှမ်းမှု ပြုလုပ်သွားမှာပါ။ ဒါက ခံစားနေရတာပါ။ အာဆင်နယ်က ဗိုလ်လုပွဲအပြီး အခြေအနေကို တိုက်စစ်ဆင်ချင်နေတယ်။ ဘာလို့ ဗိုလ်လုပွဲအပြီးမှလဲဆိုရင် ဝက်စ်ဟမ်းကို လေးစားသမှုနဲ့ပြောမှာဖြစ်ပြီး သူတို့တွေ ဗိုလ်လုပွဲမတိုင်ခင် ဘာဖြစ်လာမလဲဆိုတာ မသိကြဘူး(နိုင်၊ မနိုင် မသေချာ)။ အဲဒီတော့ အခုအချိန် သွားဆွေးနွေးရင် အဓိပ္ပာယ်မရှိပါဘူး။ ဝက်စ်ဟမ်းက အခုဆိုရင် ဗိုလ်လုပွဲအပေါ်မှာပဲ ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်နေပေမယ့် ပွဲအပြီးမှာတော့ ကမ်းလှမ်းမှု ရှိလာပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet