ရာသီကုန်ထိ နားရမယ့် တိုမီယဆုရဲ့ ဒဏ်ရာအတွက် အဖြေရှိပြီးသားဖြစ်တဲ့ အာဆင်နယ်
အာဆင်နယ်အသင်းဟာ ယခုအပတ်မှာ တိုမီယဆု ရာသီကုန်အထိ လွဲချော်တော့မယ်ဆိုတဲ့သတင်းကို သိခဲ့ရပြီးနောက် နောက်ထပ် ကြီးမားတဲ့ ဒဏ်ရာပြဿနာ ထိုးနှက်ချက်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် နောက်ခံလူဟာ အင်္ဂါနေ့က လန်ဒန်မှာ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ရတာဖြစ်ပြီး စပို့တင်း လစ္စဘွန်းနဲ့ ပွဲစဉ်အပြီးမှာ ကွင်းထဲကနေ ချိုင်းထောက်နဲ့ ထွက်ခွာသွားတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ “တိုမီက အင်္ဂါနေ့ လန်ဒန်မှာ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပြီး ဒီရာသီလက်ကျန်အချိန်တွေကို လွဲချော်မှာဖြစ်ပါတယ်။ အသင်းမှာရှိတဲ့အားလုံးက လာမယ့်ရာသီမတိုင်ခင် ရာသီကြိုလေ့ကျင့်ရေးကို ပူးပေါင်းနိုင်အောင် တိုမီနဲ့အတူ ပြင်းပြင်းထန်ထန် အလုပ်လုပ်နေပြီဖြစ်ပါတယ်။”လို့ ရေးသားထားတာဖြစ်ပါတယ်။
တိုမီယဆု မပါဝင်နိုင်မှုက အာဆင်နယ်အတွက် ကြီးမားတဲ့ ပြဿနာတစ်ခုဖြစ်လာမှာဖြစ်ပြီး ဂျပန်နောက်ခံလူဟာ ယခုရာသီမှာ ပထမဦးစားပေးညာနောက်ခံလူမဟုတ်ပေမယ့် လိုအပ်တဲ့အချိန်တိုင်း ဘယ်နောက်ခံ၊ ညာနောက်ခံနေရာမှာ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။
ဘန် ဝှိုက်ဟာ ညာနောက်ခံနေရာမှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ပြသနေတဲ့ ကစားသမားတွေထဲက တစ်ဦးအဖြစ် ပေါ်ထွက်လာမှုကြောင့် တိုမီယဆုဟာ ညာနောက်ခံနေရာအတွက် ဒုတိယပွဲထွက်ကစားသမားဖြစ်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆီးဒရစ် ဆိုအာရက်စ်က ဖူလ်ဟမ်ကို အငှားထွက်ကစားနေတာကြောင့် အာဆင်နယ်ဟာ ယခုရာသီကုန်အထိ ပရီးမီးယားလိဂ်ဖလား တိုက်ပွဲအတွက် အသုံးပြုစရာ ညာနောက်ခံကစားသမားစစ်စစ် မရှိတော့တာ ဖြစ်ပါတယ်။
ဂန်နားတွေဟာ ရာသီကုန်ဖို့ ၁၀ ပွဲကစားဖို့ ကျန်ရှိနေသေးတာကြောင့် ပရိသတ်တွေဟာ အသင်းရဲ့ ဒဏ်ရာပြဿနာကြောင့် စိုးရိမ်ပူပင်နေကြမှာဖြစ်ပေမယ့်လည်း အာတီတာက ဒီလိုမျိုး ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဖောင်ဒေးရှင်း ချထားပြီးသားဖြစ်ပါတယ်။ တနင်္ဂနွေနေ့က ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ စပိန်လူမျိုးနည်းပြက ၎င်းရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ကွက်ကျော်မြင်နိုင်စွမ်းကို သောမတ်စ် ပါတေးကို ညာနောက်ခံနေရာမှာ ကစားခိုင်းပြီး ပြသခဲ့တာ ဖြစ်ပါတယ်။
ဂါနာကွင်းလယ်လူဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ၎င်းရဲ့ အရပ်အမောင်း၊ ကိုယ်ကာယတောင့်တင်းမှုက ပြိုင်ဘက်ကစားသမားတွေကို ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးအောင်လုပ်ဖို့၊ ဘောလုံးပေးပို့မှုတွေမှာ ကြားဖြတ်နှောင့်ယှက်ဖို့၊ ပြိုင်ဘက်တွေဆီကနေ ဘောလုံးလုယူရာဖို့ အသုံးဝင်တာဖြစ်ပါတယ်။
ပါတေးဟာ အရင်တုန်းက ခံစစ်မှာ ကစားခဲ့ဖူးတဲ့ ကစားသမားဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်မှာတုန်းက ညာနောက်ခံလူအဖြစ် ၁၁ ပွဲ ကစားခဲ့ဖူးပြီး ၈ ပွဲ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ပရိသတ်တွေ မမေ့သေးဘူးဆိုရင် ၂၀၁၈ ခုနှစ်တုန်းက အာဆင်နယ်နဲ့ ရင်ဆိုင်ကစားခဲ့တဲ့ပွဲစဉ်တုန်းက အက်သလက်တီကို မက်ဒရစ်ရဲ့ ခံစစ် ညာတောင်ပံမှာ ပါတေးက ဂိုဒင်၊ ဟီမီနက်ဇ်၊ လူးကပ်စ် ဟာနန်ဒက်ဇ်တို့နဲ့အတူ ကစားခဲ့ပြီး အာဆင်ဝင်းဂါးရဲ့အသင်းကို အရေးကြီးတဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ တိတ်ဆိတ်နေအောင် လုပ်ခဲ့ဖူးတာဖြစ်ပါတယ်။
ပါတေးရဲ့ နေရာစုံကစားနိုင်စွမ်းကြောင့် ညာနောက်ခံနေရာကို ပြောင်းကစားခိုင်းမယ်ဆိုရင် ဝှိုက်က ဆာလီဘာရဲ့ နေရာမှာ ဝင်ကစားနိုင်မှာဖြစ်ပြီး အဲဒီအခါကျရင် ပါတေးနေရာ ဘယ်သူ ဝင်ဖြည့်မှာလဲဆိုရင် ချဲလ်ဆီးကနေ ခေါ်ယူခဲ့တဲ့ ဂျော်ဂျင်ညိုက ဝင်ကစားပေးဖို့ အဆင်သင့်ရှိနေပါကြောင်း တင်ပြအပ်ပါတယ်။
- Posted In:
- News