ဖလားလက်လွှတ်ခဲ့ရတဲ့ အာတီတာကို အသင်းမပြောင်းခင် မှတ်ချက်ပေးခဲ့တဲ့ ချာကာ coyg

ဖလားလက်လွှတ်ခဲ့ရတဲ့ အာတီတာကို အသင်းမပြောင်းခင် မှတ်ချက်ပေးခဲ့တဲ့ ချာကာ

ဂရာနစ် ချာကာက အာတီတာဟာ အာဆင်နယ်ကို ကြီးမြတ်မှုဆီ ဦးဆောင်ပေးနိုင်မယ့် သင့်တော်တဲ့နည်းပြဆိုတာထက်တောင်ပိုတဲ့နည်းပြဖြစ်တယ်လို့ အပြည့်အဝ ယုံကြည်နေပါတယ်။

အာဆင်နယ်ရဲ့ ဆုဖလားစိန်ခေါ်မှုဟာ စနေနေ့က နော်တင်ဟမ် ဖောရက်စ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အဆံးသတ်သွားခဲ့တာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းဟာ တနင်္ဂနွေနေ့မှာ ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီး အစ်တီဟတ်မှာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်သွားခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ယခုရာသီမှာ မန်ချက်စတာစီးတီးကို အမှတ်ပေးဇယားထိပ်ဆုံးကနေ အချိန်များစွာ ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ၂ လအတွင်းမှာ အရာအားလုံးက ပြောင်းလဲသွားခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ နောက်ဆုံး ၈ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အဲဒီထဲမှာ မန်ချက်စတာစီးတီးနဲ့ ဘရိုက်တန်ကို အပြတ်အသတ် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တွေအပြင် လီဗာပူးလ်၊ ဝက်စ်ဟမ်း၊ ဆောက်သမ်တန်တို့နဲ့ စိတ်ပျက်ဖွယ် သရေကျခဲ့တဲ့ပွဲစဉ်တွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ယခုရာသီ ဦးဆောင်ထားနိုင်မှုကနေ လဲပြိုခဲ့တာကြောင့် အာဆင်နယ်အနေနဲ့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို နောက်ထပ်တစ်ကြိမ် စိန်ခေါ်နိုင်ပါ့မလားလို့ မေးခွန်းတွေ မြင့်တက်လာပြီး အထူးသဖြင့် မန်ချက်စတာစီးတီးကလည်း အားကောင်းပြီးရင်း ကောင်းလာနေသလို မန်ယူနိုက်တက်လိုအသင်းကလည်း ဒီနွေရာသီမှာ လူအင်အား တိုးမြှင့်မှုတွေ ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ကနေ လေဗာကူဆင်ကို ပြောင်းရွှေ့တော့မယ့် ဆွစ်ဇာလန်ကွင်းလယ်ကြယ်ပွင့် ဂရာနစ် ချာကာကတော့ အာတီတာရဲ့အသင်းဟာ လာမယ့်ရာသီမှာ ဆုဖလားကို ထပ်မံစိန်ခေါ်နိုင်မယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။

“ကျွန်တော်တို့ အရမ်းကောင်းတဲ့ရာသီကို ကစားခဲ့ကြပေမယ့် ကျွန်တော်တို့ ဆက်ပြီးတော့ လုပ်သွားရမှာပါ။ ကျွန်တော်တို့ နောက်ထပ်တစ်ဆင့် ခြေလှမ်းရမှာပါ။ ဘာလို့လဲဆိုတော့ လာမယ့်ရာသီက ဒီရာသီထက် အများကြီးပိုပြီး ခက်ခဲမှာမို့လို့ပါ။ ကျွန်တော်တို့ အဲဒါကို သိပါတယ်။ အခု ဖြစ်ပြီးပြီဆိုတော့ ပြောဖို့က လွယ်ပါတယ်။ ကျွန်တော် ဆိုလိုတာက ကျွန်တော်တို့ကို ဝက်စ်ဟမ်းနဲ့ ဆောက်သမ်တန်ပွဲတွေက သတ်သွားခဲ့တာဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ ဒါပေမယ့် တခြားပွဲတွေမှာ အရာအားလုံးက ကျွန်တော်တို့ လက်ထဲမှာ ရှိနေခဲ့ဆဲပါ။ ဟုတ်တာပေ့ါ။ ကျွန်တော်တို့ မန်စီးတီးပွဲကို ရှုံးခဲ့ပေမယ့် အဲဒီပွဲအပြီးမှာ ကျွန်တော်တို့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဖြစ်နိုင်သမျှ ကြာကြာ ဆက်ရှိနေဖို့ ဆက်ပြီး အနိုင်ယူဖို့ လိုပြီး ကြိုးစားဖို့လိုတယ်လို့ ထင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ မလုပ်နိုင်ခဲ့ဘူး။ ဘရိုက်တန်နဲ့ပွဲမှာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းပဲ ရှုံးနိမ့်ခဲ့တယ်။ ဖောရက်စ်နဲ့ပွဲကလည်း အရမ်းခက်ခဲတဲ့ပွဲဖြစ်ခဲ့တယ်။”

အာတီတာက အာဆင်နယ်ကို ဦးဆောင်ဖို့ သင့်တော်တဲ့သူလားလို့ မေးမြန်းခဲ့ရာမှာ အသက် ၃၀ အရွယ်ကစားသမားက ၎င်းရဲ့ နည်းပြဘက်က ကာကွယ်ခဲ့ပြီး “ခင်ဗျား ဒီမေးခွန်းကို မေ့ထားလိုက်လို့ရတယ်။ သူက ဒီအသင်းအတွက် သင့်တော်တဲ့နည်းပြဆိုတာထက်တောင် ပိုပါတယ်။ ကျွန်တော်တို့ ၁၁ လလောက် ဘယ်လို အလုပ်လုပ်ခဲ့ရလဲဆိုတာကို မမေ့ဖို့ လိုတယ်။ ကျွန်တော်တို့ အခု နောက်ဆုံး ၂ ပွဲမှာ ရှုံးနိမ့်ခဲ့ရင် လူတွေက ခုဖြစ်နေတာပဲ မြင်ကြမှာ။ ဒါပေမယ့် ကျွန်တော်တို့ ၁၁ လလောက် အလုပ်လုပ်ခဲ့တာကို မမေ့ကြပါနဲ့။ တကယ်လို့ တစ်စုံတယောက်က ရာသီမတိုင်ခင် ဒီနေရာမှာ ကျွန်တောတို့ ရှိနေမယ်လို့ ပြောခဲ့ရင် အားလုံးက အဲဒါကို လက်ခံကြမယ်လို့ ထင်တယ်။ ကျွန်တော်တို့ရဲ့ ပန်းတိုင်က ထိပ်ဆုံး ၄ နေရာထဲမှာ ပြန်ရှိနေဖို့ဆိုတာ ကျိန်းသေပါတယ်။ အခု ကျွန်တော်တို့က ဒုတိယလေ။ ဟုတ်တာပေါ့။ ခင်ဗျားက ဆုဖလားနဲ့ အရမ်းနီးကပ်တဲ့အချိန်မှာ ဆုဖလား အနိုင်ရချင်မှာပါ။ ဒါပေမယ့် ကျွန်တော်တို့က ကျွန်တော်တို့ ရှိနေဖို့ ထိုက်တန်တဲ့နေရာဖြစ်တဲ့ ဆုဖလားစိန်ခေါ်နိုင်တဲ့နေရာမှာ ရှိနေခဲ့ပြီး လာမယ့်ရာသီမှာ ဘာတွေဖြစ်မလဲဆိုတာ ကြည့်တာပေ့ါ။ ကျွန်တော်တို့ နောက်ထပ်တစ်ဆင့်ကို ခြေလှမ်း လှမ်းသွားရမှာပါ”

“ဟုတ်ပါတယ်။ ကျွန်တော်တို့ အားလုံးအတွက် ဝမ်းနည်းစရာနေ့ပါ။ အာဆင်နယ်ပရိသတ်တွေအားလုံးအတွက်ရောပေါ့။ ကျွန်တော်တို့ ဒီလိုမျိုး အဆုံးမသတ်ချင်ခဲ့ဘူး။ ဒါပေမယ့် အဲဒါက အခုဖြစ်လာပြီ။ ဆုဖလားလည်း မရှိတော့ဘူး။ အခုအချိန်မှာ ရှေ့ဆက်ပြီး ဘာဖြစ်မလဲဆိုတာ ပြောဖို့ ခက်ခဲတာ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ စိတ်ပျက်ပြီး ဝမ်းနည်းနေလို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ ဆက်ပြီး လုပ်သွားမှာပါ။ ကျွန်တော်တို့ ၁၁ လ အရမ်းကောင်းကောင်း အလုပ်လုပ်ခဲ့တယ်။ အိမ်ကွင်းက နောက်ဆုံးပွဲစဉ်ကို ပျော်ရွှင်ခံစားပြီး ရှေ့ဆက်သွားဖို့ စောင့်မျှော်ကြရအောင်”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet