ပေါင်သန်း ၉၀ တန်အပြောင်းအရွှေ့အတွက် ပြောဆိုဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေတဲ့ အာဆင်နယ် coyg

ပေါင်သန်း ၉၀ တန်အပြောင်းအရွှေ့အတွက် ပြောဆိုဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့် ဒီကလန် ရိုက်စ်အတွက် ပေါင်သန်း ၉၀ တန် နွေရာသီအပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့မှာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး ဆုဖလား မျှော်လင့်ချက် အဆုံးသတ်သွားခဲ့ပြီးနောက် ဂန်းနားတွေဟာ လာမယ့်ရာသီအတွက် စတင်ပြီး စီစဉ်နေပြီ ဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ နောက်ထပ် ဆုဖလားစိန်ခေါ်နိုင်တဲ့ အသင်းကို တည်ဆောက်သွားနိုင်ဖို့ မျှော်လင့်နေပြီး ယခုနွေရာသီမှာ အသင်းရဲ့ အားပေးထောက်ခံမှုကို ရရှိလိမ့်မယ်လို့ မျှော်မှန်းထားတာဖြစ်ပါတယ်။

မြောက်လန်ဒန်ကလပ်အသင်းဟာ ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတာကြောင့် ဒီကလန် ရိုက်စ်ဟာ အာဆင်နယ်အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး Daily Mail ရဲ့ ဖော်ပြချက်အရ ဂန်းနားတွေဟာ နွေရာသီပစ်မှတ်ကို ခေါ်ယူဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေပြုလုပ်ပြီး စိတ်ဝင်စားမှုကို နောက်တဆင့် တက်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းက တောင်းဆိုထားတဲ့ ပေါင်သန်း ၁၀၀ ကို ပေးချေလိုခြင်းမရှိပေမယ့်လည်း ဒီကလန် ရိုက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် အသင်းရဲ့ လက်ရှိ အပြောင်းအရွှေ့ စံချိန်တင်ကြေးကို ချိုးဖျက်ဖို့ ဆန္ဒရှိနေပုံပေါ်ပါတယ်။

ဂန်းနားတွေဟာ ၂၀၁၉ ခုနှစ်တုန်းက နီကိုလာ ပေပေအတွက် ပေးချေခဲ့ရတဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းထက် ကျော်လွန်ပြီး သုံးစွဲသွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဝက်စ်ဟမ်းအသင်းခေါင်းဆောင်အတွက် ပေါင်သန်း ၉၀ အထိ ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။

 

အာဆင်နယ်ဟာ ဒီကလန် ရိုက်စ်ကို တစ်ပတ်လုပ်ခလစာ ပေါင် ၃ သိန်းထက် ကျော်လွန်တဲ့ မက်မောလောက်ဖွယ်စာချုပ်နဲ့ ကမ်းလှမ်းသွားမယ်လို့ ယုံကြည်မှုတွေ ရှိနေပြီး အဲဒီလို ကမ်းလှမ်းမှုက မန်ယူနိုက်တက်၊ မန်စီးတီး၊ လီဗာပူးလ်နဲ့ နယူးကာဆယ်တို့လို ပြိုင်ဘက်အသင်းတွေရန်ကို ကာကွယ်နိုင်အောင် အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။

ဒီကလန် ရိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းရဲ့ တန်ဖိုးအရှိဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ပွဲပေါင်း ၂၄၀ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပေမယ့်လည်း နည်းပြ မွိုက်စ်က အင်္ဂလန်ကွင်းလယ်ကစားသမားအနေနဲ့ ယခုနွေရာသီမှာ အသင်းကို စွန့်ခွာဖို့ အခွင့်အရေးကောင်းရှိနေတယ်လို့ မကြာသေးမီက ဝန်ခံခဲ့တာဖြစ်ပါတယ်။

ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေသလိုပဲ ဂန်းနားတွေဟာ အခြား ပစ်မှတ်တွေဖြစ်တဲ့ ခရစ္စတယ် ပဲလေ့စ်ကွင်းလယ်ကစားသမား ဂေးဟီ၊ လေဗာကူဆင် တောင်ပံကစားသမား မူဆာ ဒီယာဘီတို့ကိုလည်း ခေါ်ယူဖို့ စဉ်းစားနေတာဖြစ်ပါတယ်။ ယခုနွေရာသီမှာ အာတီတာအတွက် သိသာထင်ရှားတဲ့ ငွေကြေးပမာဏ ရရှိနိုင်မှာဖြစ်တာကြောင့် အာဆင်နယ်ဟာ ကစားသမားတွေကို ရောင်းထုတ်ပြီး မျှော်မှန်းထားတဲ့ အသုံးစရိတ်ကို ပြန်လည်ကာမိဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။

၂၀၂၂-၂၀၂၃ ရာသီ ပရီးမီးယားလိဂ် ၃၅ ပွဲမှာ ၃၄ ပွဲအထိ ပါဝင်ကစားပေးခဲ့တဲ့ ဂရာနစ် ချာကာဟာ အသင်းကနေ ထွက်ခွာခွင့်ပြုခြင်းခံရနိုင်ပြီး တီယာနီကို နယူးကာဆယ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဖိုလာရင် ဘာလိုဂန်လည်း ရင်းမ်စ်နဲ့ အငှားစာချုပ်ပြည့်လို့ ပြန်လာတာနဲ့ အပြီးသတ် ပြောင်းရွှေ့သွားနိုင်ပြီး ရိစ် နယ်လ်ဆန်ကလည်း အာဆင်နယ်ရဲ့ နောက်ဆုံးစာချုပ်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီးနောက် ရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet