ပေါင် ၂၅ သန်းတန် ချာကာရဲ့နိုင်ငံအသင်းဖော်ကို ခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရ သတင်းများ
အာဆင်နယ်အသင်းအနေနဲ့ အသင်းခေါင်းဆောင် အော်ဒီဂွါ့ဒ်ကို ၂၀၃၀ ထိ သက်တမ်းရှိမယ့် စာချုပ်သစ် တစ်ရပ်ဖြင့် ထပ်မံသက်တမ်းတိုးဖို့ အလိုရှိနေတယ်လို့ ဆိုပါတယ်။ အာဆင်နယ်အသင်းနဲ့ အသင်းခေါင်းဆောင်တို့ရဲ့ လက်ရှိစာချုပ် သက်တမ်းဟာ ၂၀၂၅ ထိ ရှိနေသေးပေမယ့် ယခုရာသီမှာ အထင်ကြီးစရာကောင်းတဲ့ ခြေစွမ်းကိုတသမတ်တည်းပြနေတဲ့ အော်ဒီဂွါ့ဒ်ကို ပိုမိုကောင်းမွန်သော စာချုပ်တစ်ရပ်ဖြင့် ဆုချလိုကြတာလည်းဖြစ်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ဝီလီယမ် ဆာလီဘာ နှင့် ဂရားနစ် ချာကာတို့နဲ စာချုပ်သက်တမ်းတိုး ကိစ္စများ ဆောင်ရွက်ပြီးလျှင် အသက် ၂၄ နှစ်အရွယ် နော်ဝေကစားသမားနဲ့ စာချုပ်သစ်အတွက် စတင်ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ စတိဗ် ကေ သတင်းဌာန အဆိုအရ နှစ်ဖက်စလုံးမှ သဘောတူညီချက် ရရှိရင် ဆန္ဒရှိနေကြတယ်လို့ ဆိုပါတယ်။ အော်ဒီဂွါ့ဒ်ဟာ ဒီရာသီ ဂန်းနားတို့ ဆွတ်ခူးဖို့ နီးစပ်နေတဲ့ ပရီးမီးယားလိဂ်ဖလားအတွက် အဓိကနေရာမှာ စွမ်းဆောင်ပေးသူများတွင်ပါဝင်နေသူဖြစ်ပြီး ၂၈ ပွဲ ကစားပြီးချိန်မှာ ၁ဝဂိုးသွင်းယူပြီး ၆ ဂိုး ဖန်တီးပေးထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက The Players Tribune အင်တာဗျူးမှာ အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါ့ဒ်က ” အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ရတာ အရမ်းဂုဏ်ယူမိသလို ကျွန်တော် ဒီမှာ အကြာကြီးဆက်နေချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ရက်ဘူး ဆဲလ်ဘတ်အသင်းရဲ့တိုက်စစ်မှူး နော့အာ အိုကာဖော်ကို လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒီအသက် ၂၂ အရွယ် ဆွစ်ဇာလန်တိုက်စစ်မှူးဟာ သြစတြီးယား ကလပ်အသင်း ဆဲလ်ဘတ်အတွက် ၃၄ ပွဲ ကစားပြီး ၁၄ ဂိုးသွင်းယူပေးထားပါတယ်။ အာဆင်နယ်အသင်းနည်းတူ စပါးစ်အသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ကလည်း အိုကာဖော်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ပေါင် ၂၅ သန်းခန့်ရရင် ဆဲလ်ဘတ်အသင်းမှ ရောင်းချဖွယ်လည်းရှိနေပါတယ်။ အာဆင်နယ်အသင်းမှာ ပျော်ရွှင်နေပြီး ကစားသမား သက်တမ်းကုန်ဆုံးတဲ့အထိ ကစားဖွယ်ရှိနေတဲ့ ဆွစ်ဇာလန်အသင်းခေါင်းဆောင် ချာကာအနေနဲ့လည်း အိုကာဖော်ကို အာဆင်နယ်အသင်းက ခေါ်ယူမှုမှာ တစိတ်တပိုင်း ပါဝင်ကူညီ ဆွဲဆောင်တိုက်တွန်းပေးဖွယ်ရှိတယ်လို့ သတင်းများ အရသိရှိရပါတယ်။
ယူရို ၂၀၂၄ ခြေစစ်ပွဲများ၊ အာဖရိကဖလား ခြေစစ်ပွဲများနဲ့ ချစ်ကြည်ရေးပွဲများ ကစားရန် နိုင်ငံတကာအသင်းအသီးသီးအတွက် သွာရောက်ကစားပေးမည့် အာဆင်နယ်ကစားသမား ၁၈ ဦးထိ ရှိတယ်လို့ သိရှိရပါတယ်။ လက်ရှိ အာဆင်နယ်အသင်းကြီး လူစာရင်းကနေ အင်္ဂလန်လက်ရွေးစင်အသင်းမှ ဆာကာ၊ ရမ်စ်ဒေးလ်၊ အီတလီအသင်းမှ ဂျော်ဂျင်ညို၊ ယူကရိန်းအသင်းမှ ဇင်ချန်ကို၊ ပိုလန်အသင်းမှ ယာကု ခီဗီယော၊ အမေရိကန်အသင်းမှ မတ် တာနာ၊ အက်စတိုးနီးယားအသင်းမှ ကားလ်ဟိန်း၊ နော်ဝေးအသင်းမှ မာတင် အော်ဒီဂွါ့၊ ဂါနာအသင်းမှ သောမတ်စ် ပါတေး၊ စကော့တလန်အသင်းမှ ကီရန် တီယာနီ၊ ဆွစ်ဇာလန်အသင်းမှ ဂရားနစ် ချာကာ၊ ဘယ်လ်ဂျီယံအသင်းမှ ထရော့စ်ဆာဒ်၊ အင်္ဂလန် ယူ-၂၁ အသင်းမှ စမစ် ရိုးနဲ့ ပေါ်တူဂီ ယူ-၂၁ အသင်းမှ ဖေဘီယို ဗီယာရာတို့ကို ရွေးချယ်ခေါ်ယူသွားကြပါတယ်။
အာဆင်နယ်အသင်းမှနေပြီး အငှားစေလွှတ်ထားတဲ့ ကစားသမားတွေထဲမှ ဘာမင်ဟမ် စီးတီးအသင်းကို အငှားနဲ့ သွားရောက်ကစားနေတဲ့ အက်စတန် ထရတ်စတီကို အမေရိကန်လက်ရွေးစင်အသင်း၊ တူရဂီကလပ်အသင်း အလန်ယစပေါကို အငှားသွားရောက်ကစားနေတဲ့ ဂိုးသမား အဲလက်စ် ရူနာဆန်ကို အိုင်ယာလန်အသင်း၊ ဘာလိုဂန်ကို အင်္ဂလန် ယူ-၂၁ အသင်းနဲ့ တာဗာရက်စ်ကို ပေါ်တူဂီ ယူ-၂၁ လက်ရွေးစင်အသင်းတို့က ရွေးချယ်ခေါ်ယူထားကြပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ခရီးလမ်းမှာ ကျော်ဖြတ်ရမယ့်ပွဲစဉ် ၁၀ ပွဲသာ ကျန်ရှိနေပြီး အဲဒီ ၁၀ ပွဲကနေ ရမှတ် ၂၅ မှတ် ထပ်မံရရှိပြီး ရမှတ်စုစုပေါင်း ၉၄ မှတ်ရရှိခဲ့လျှင် အဓိက ချန်ပီယံဖလား စိန်ခေါ်သူ မန်ချက်စတာစီးတီးအနေနဲ့ လက်ကျန် ၁၁ ပွဲမှာ ၁၁ လုံးအနိုင်ရရှိခဲ့လျှင်လည်း ဂရုစိုက်စရာမလိုပဲ ပရီးမီယားလိဂ်ချန်ပီယံအဖြစ် ဂန်းနားတွေအနေနဲ့ ဖြစ်လာမှာပါ။ ဒီလိုဖြစ်လာဖို့အတွက် လက်ကျန် ၁၀ ပွဲမှာ ၈ ပွဲနိုင် ၁ ပွဲ သရေ ရလဒ်ထွက်ဖို့တော့ လိုနေပြီး လက်ကျန်ပွဲ ၁၀ ပွဲထဲမှ ခက်ခဲမယ့် မန်စီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်မယ့်ပွဲတွေထဲက အနည်းဆုံး တပွဲလောက် ရလဒ်ကောင်းခဲ့ရင် ချန်ပီယံခရီးလမ်းက ပိုချောမွေ့သွားမှာ ဖြစ်ပါတယ်။
ပြင်သစ် လီဂူး ဝမ်းရဲ့ရိမ်းစ်အသင်းမှာ အငှားသွားရောက်ကစားနေပြီး ခြေစွမ်းပြကာ ၁၇ ဂိုးထိသွင်းယူထားနိုင်တဲ့ အာဆင်နယ်လူငယ်တိုက်စစ်မှူးလေး ဘာလိုဂန်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ အသင်းတွေထဲမှာ မာဆေးလ်၊ RB လိုက်ဇစ်၊ ဗီလာရီးရဲလ်အသင်းတွေသာက ယခု ဘိုင်ယန်မြူးနစ်အသင်းလဲ ပါဝင်လာတယ်လို့ သတင်းများ ထွက်ရှိနေပါတယ်။ အသက် ၂၁ နှစ်အရွယ် ဟေးအန့် အကယ်ဒမီထွက် ကစားသမားလေး ဘာလိုဂန်အနေနဲ့ အာဆင်နယ်အသင်းကြီးမှာ ကစားလိုခြင်းက သူ့ရဲ့ အိပ်မက်လို့ ပြောထားခဲ့ပေမယ့် လာမယ့်ရာသီ အာဆင်နယ် ပထမအသင်းကြီးမှာ ပါဝင် ကစားခွင့်မရခဲ့ပါက အသင်းကြီးတွေက ခေါ်ယူခဲ့ရင် အသင်းပြောင်းဖို့ စဉ်းစားဖွယ်ရှိတယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူများက ခန့်မှန်းသုံးသပ်ထားကြပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ အာဆင်နယ်အသင်းဆီက ၂၀၁၇ က ခေါ်ယူခဲ့တဲ့ ဂနာဘရီကို ခေါ်ယူသလို ပုံစံမျိုးနဲ့ ဘာလိုဂန်ကို ခေါ်ယူဖို့ အစီအစဉ်ရှိနေတာဖြစ်ပါတယ်။ အဲဒီအချိန်က အာဆင်နယ်အသင်းမှာ ပွဲထွက်ကစားခွင့် မရဖြစ်နေတဲ့ လူငယ်ကစားသမားလေး အသက် ၂၁ နှစ်အရွယ် ဂနာဘရီကို ပွဲထွက်ခွင့်ပါ အာမခံခဲ့တဲ့အတွက် ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ယခုအခါ ဂနာဘရီဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားများစွာ ဆွတ်ခူးထားပြီး ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်မှာ ကျော်ကြားနေတဲ့ ကစားသမားတစ်ယောက် ဖြစ်နေပြီ ဖြစ်ပါတယ်။ ARSENAL MYANMAR