တင်းဘားနဲ့သဘောတူညီမှုရအပြီး ဂန်းနားတွေပြုလုပ်နိုင်သေးတဲ့ အပြောင်းအရွှေ့ ၁၀ ခု user

တင်းဘားနဲ့သဘောတူညီမှုရအပြီး ဂန်းနားတွေပြုလုပ်နိုင်သေးတဲ့ အပြောင်းအရွှေ့ ၁၀ ခု

အာဆင်နယ်အသင်းဟာ ယူရီယန် တင်းဘားအတွက် အိုင်းယက်စ်အသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှု ရရှိခဲ့ပြီးနောက် ယခုနွေရာသီမှာ နောက်ထပ် အပြောင်းအရွှေ့ ၁၀ ခုအထိ လုပ်ဆောင်နိုင်ဖွယ်ရှိပါတယ်။

အာတီတာဟာ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေကို ရောင်းထုတ်နိုင်သလို နောက်ထပ် ကစားသမားသစ် ခေါ်ယူမှုတွေ အများအပြားလည်း ထပ်မံ လုပ်ဆောင်ဖွယ်ရှိပြီး ဗုဒ္ဓဟူးနေ့ညနေမှာ အာဆင်နယ်က ခိုင် ဟာဗတ်ဇ်ကို ယခုနွေရာသီရဲ့ ပထမဆုံးခေါ်ယူမှုအဖြစ် ကြေညာခဲ့တာဖြစ်ပါတယ်။

တင်းဘားနဲ့ ဒီကလန် ရိုက်စ်တို့ဟာ အမ်းမရိတ်စ်ကို ရောက်ရှိလာတော့မယ့် နောက်ထပ်ကစားသမား ၂ ဦးဖြစ်ပြီး အင်္ဂလန်ကွင်းလယ်ကစားသမားအတွက် ယခုအပတ်မှာ ပြောင်းရွှေ့ကြေးပေါင် ၁၀၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ယူရီယန် တင်းဘားအတွက် အာဆင်နယ်နဲ့ အိုင်းယက်စ်တို့ဟာ ပေါင်သန်း ၄၀ နဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ ဒတ်ချ်သတင်းစာ De Telegraaf က ဖော်ပြခဲ့ပေမယ့်လည်း ဂန်းနားတွေရဲ့ နွေရာသီ လုပ်ငန်းတွေက ဒီတင်မပြီးသေးတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ လက်ရှိမှာ နောက်ထပ် ကစားသမား ၂ ဦးရောက်ရှိလာမှာကို စောင့်မျှော်နေပြီး နွေရာသီအပြောင်းအရွှေ့စျေးကွက်ပိတ်တဲ့အချိန်အထိ ကစားသမား ၈ ဦးအထိ ထွက်ခွာဖို့လည်း ရှိနေသေးတာဖြစ်ပါတယ်။

ကစားသမားအဝင်

ရိုမီယို လာဗီယာ

လာဗီယာဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့တဲ့ ဆောက်သမ်တန်ကို စွန့်ခွာဖို့ ပြင်ဆင်နေပြီး ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ် တစ်ရာသီအပြည့်ကစားပြီးနောက်ပိုင်း အာတီတာရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ လာဗီယာကို အင်္ဂလန်က တခြားအသင်းတွေကလည်း မျက်စိကျနေပြီး အာတီတာသာ ကွင်းလယ်ကစားသမား ၁ ဦး ဒါမှမဟုတ် ၂ ဦးလောက်အထိ ထွက်ခွာခွင့်ပေးခဲ့မယ်ဆိုရင် ဆောက်သမ်တန်ကွင်းလယ်ကြယ်ပွင့်ကို ခေါ်ယူမှာဖြစ်ပါတယ်။

ဇာဗီ ဆိုင်မွန်

ပြင်သစ်သတင်းစာ L’Equipe ရဲ့ ယခုအပတ်အစောပိုင်း ဖော်ပြချက်အရ အာဆင်နယ်ဟာ ပီအက်စ်ဗွီကြယ်ပွင့် ဆိုင်မွန်ကို စိတ်ဝင်စားနေပြီး ဒတ်ချ်လူငယ်ကြယ်ပွင့်ဟာ ဒတ်ချ်လိဂ်မှာ ပထမဆုံး ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဆိုင်မွန်ဟာ ပီအက်စ်ဂျီကို ပြန်လည်ပြောင်းရွှေ့ဖို့ ရွေးချယ်ခွင့်ရှိပေမယ့် လီဂူးဝမ်းချန်ပီယံတွေက အဲဒီလို လုပ်ဆောင်ချင်တဲ့ဆန္ဒမရှိဘူးလို့ ယင်းသတင်းကပဲ ဖော်ပြခဲ့ပြီး ကစားသမားက မကြာသေးမီကမှ အာဆင်နယ်အပြောင်းအရွှေ့ဂုရု ဒေးဗစ်ဒိန်းရဲ့သား ဒါရင်း ဒိန်းကို အေးဂျင့်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ကစားသမားအထွက်

ချာကာ

နှလုံးလှ လူမိုက်ကြီးရဲ့ လေဗာကူဆင်ကို ပြောင်းရွှေ့မယ့်ကိစ္စ အထမမြောက်သေးတာက အာတီတာအနေနဲ့ အစားထိုးခေါ်ယူမှုအရင်ဆုံး လိုချင်နေတာကြောင့်ဖြစ်ပါတယ်။

သောမတ်စ် ပါတေး

ပါတေးဟာ ဂျူဗင်တပ်အပြင် ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့ဖို့လည်း သတင်းတွေ ထွက်ပေါ်နေပြီး ရိုက်စ်သာ ရောက်လာရင် ပထမအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ရနိုင်ပါတယ်။

ရော့ဘ် ဟိုးဒင်း

ဘက်ရှစ်တက်ရှ်အသင်းက ဟိုးဒင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဂန်းနားနောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းမှာ ဆာလီဘာ ဒဏ်ရာရရှိသွားတာကြောင့် ဝင်ကစားပေးရချိန်မှာ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ဆမ်ဘီ လိုကွန်ဂါ

ဘယ်လ်ဂျီယမ်ကွင်းလယ်လူဟာ ခရစ္စတယ် ပဲလေ့စ်ကို အငှားနဲ့ ထွက်ကစားခဲ့တဲ့ကာလအတွင်း နည်းပြ ပက်ထရစ် ဗီယာရာ ထုတ်ခံရပြီးနောက် နေရာမရဖြစ်ခဲ့တာဖြစ်ပါတယ်။ လိုကွန်ဂါအနေနဲ့ ပုံမှန်ပွဲထွက်ကစားချိန်လိုချင်ရင်တော့ လာမယ့်ရာသီမှာ အသင်းသစ် ရှာဖွေရမှာပါ

နီကိုလာ ပေပေ

အာဆင်နယ်ဟာ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးရှင်ကို ခေါ်ယူမယ့်အသင်းကို ရှာဖွေနေပြီး တောင်ပံကစားသမားဟာ နိစ်မှာ အငှားနဲ့ ထွက်ကစားတာလည်း မစွံတာကြောင့် လီဂူးဝမ်းကလပ်အသင်းက အပြီးသတ်မခေါ်ယူဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ဖိုလာရင် ဘာလိုဂန်

ဘာလိုဂန်ဟာ နောက်ထပ်တစ်ကြိမ် အငှားနဲ့တော့ ထွက်မကစားတော့ဘူးလို့ ရှင်းရှင်းလင်းလင်းပဲ ထုတ်ပြောထားသူဖြစ်ပြီး ရင်းမ်စ်မှာ အငှားကစားသမားအဖြစ် ခြေစွာခဲ့ပြီးနောက် ခေါ်ချင်တဲ့အသင်းကတော့ မရှားသူဖြစ်ပါတယ်။

နူနို တာဗာရက်စ်

တာဗာရက်စ်အတွက် အာဆင်နယ်မှာ အနာဂတ်က မရှိတော့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ မာဆေးလ်မှာ အထင်ကြီးဖွယ်ခြေစွမ်းအချို့ ပြသနိုင်ခဲ့ပေမယ့်လည်း ဆက်လက်တိုးတက်ဖို့အတွက်ဆိုရင် အသင်းသစ်ပဲ ရှာရမှာပါ။

ဆီးဒရစ် ဆိုအာရက်စ်

တင်းဘားကို ခေါ်ယူမှုက ဆီးဒရစ်ရဲ့ ပွဲထွက်ကစားခွင့်ကို ပိုမိုနည်းပါးသွားစေမှာဖြစ်ပြီး ညာနောက်ခံလူဟာ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲကို ဝင်ရောက်တော့မှာဖြစ်ပေမယ့်လည်း စာချုပ်သက်တမ်းကုန်တဲ့အထိ မနေဘဲ ထွက်ခွာဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet