ဆုဖလားနဲ့ပတ်သက်ပြီး ဇင်ကြီးကို စိတ်တိုအောင် ပြောခဲ့တဲ့ ဂျေးဇု coyg

ဆုဖလားနဲ့ပတ်သက်ပြီး ဇင်ကြီးကို စိတ်တိုအောင် ပြောခဲ့တဲ့ ဂျေးဇု

ဂါဘရီယဲလ် ဂျေးဇုက ဇင်ချန်ကိုကို ပရီးမီးယားလိဂ်ဆုဖလားရရှိခဲ့ရာမှာ ပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့ပြီးနောက် ယူကရိန်းကြယ်ပွင့်က လူသတ်ချင်စိတ်ပါ ပေါက်တဲ့အထိ ဒေါသထွက်ခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဂန်းနားကြယ်ပွင့် ၂ ဦးဟာ နောက်ထပ် ပရီးမီးယားလိဂ်ဖလား အောင်မြင်မှု ရရှိဖို့အတွက် တိုက်ပွဲဝင်နေကြတာဖြစ်ပြီး ဂျေးဇုနဲ့ ဇင်ချန်ကိုတို့ဟာ မန်ချက်စတာစီးတီးနဲ့ ရှိခဲ့တဲ့အချိန်အတွင်း ၄ ကြိမ်အထိ အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဂျေးဇုနဲ့ ဇင်ချန်ကိုတို့ဟာ ရာသီကုန်ဖို့ ၉ ပွဲသာ လိုတော့ချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ်ဦးဆောင်နေတဲ့ အာဆင်နယ်အတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေးဇုက ၎င်းတို့ ၂ ဦးရဲ့ ဆက်ဆံရေးအကြောင်း ဖွင့်ဟခဲ့ရာမှာ ယူကရိန်းနောက်ခံလူက မြောက်လန်ဒန်မှာ အရယ်ရဆုံးသူတွေထဲကမှာ ပါဝင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ မန်စီးတီးကြယ်ပွင့်ဟောင်း ၂ ဥိးဟာ လက်ရှိအချိန်အထိ ဂွါဒီယိုလာရဲ့လက်အောက်မှာ ပရီးမီးယားလိဂ်အောင်မြင်မှုနဲ့ပတ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက် စနောက်နေကြဆဲဖြစ်ပါတယ်။

“အဲလက်စ်က ဟာသဖောက်တဲ့နေရာမှာ ဘုရင်တစ်ပါးပဲလို့ ထင်တယ်။ တစ်ချိန်လုံး သူက တစ်ယောက်မဟုတ်တစ်ယောက်နဲ့ ဟာသဖောက်နေတာပါ။ တစ်နေ့ကျတော့ သူက ခင်ဗျားသိတဲ့အရာကို ပြောပြီး အင်း မင်းသိလား ငါ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်အနိုင်ရခဲ့တယ်။ ပြီးတော့ နောက်ဆုံးဖလား တစ်ခုက ငါမင်းကို ပေးခဲ့တာဆိုပြီး နောက်ပြောင်ခဲ့တယ်။ သူ ပြောတာက နောက်ဆုံးဖလားက ပြီးခဲ့တဲ့ရာသီမှာ ငါ ဗီလာနဲ့ပွဲမှာ လူစားဝင်လာခဲ့တယ်။ ငါတို့တွေ ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့တယ်တဲ့”

“သူ လူစားဝင်လာပြီး ပွင့်ပွင့်လင်းလင်း ပြောရရင် သူက ပွဲကို နညး်နည်း ပြောင်းလဲပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ သူ ဘောလုံး လက်ခံရရှိခဲ့ပြီး တိုက်စစ်ဆင်ပြီး ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့လို့ပါ။ သူ ပြောတာက ငါမင်းကို ဖလားတစ်လုံး၊ ပရီးမီးယားလိဂ်ဖလားတစ်လုံးပေးခဲ့တယ်။ ငါ့ကြောင့် မင်း ဖလား ၄ လုံးရတာတဲ့။ ကျွန်တော်က အဲဒါနဲ့ ဟုတ်ပါပြီ။ ငါ အဲဒါကို လက်ခံပါတယ်။ ဒါပေမယ့်ကွာ ပရီးမီးယားလိဂ် ၄ ကြိမ်မှာ မင်းက ပွဲ ၂၀ လောက်ပဲ ပွဲထွက်ခွင့်ရခဲ့တာနော်ဆိုပြီး ပြန်ပြောလိုက်တော့ သူ ကျွန်တော့်ကို သတ်ချင်စိတ်ပါ ပေါက်သွားခဲ့ပါတယ်”လို့ ဂျေးဇုက ပြောပြခဲ့ပါတယ်။

အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဇင်ချန်ကိုက ဘရာဇီးလ်တိုက်စစ်မှူးနဲ့ရင်းနှီးတဲ့ ဆက်ဆံရေးအကြောင်း ဖွင့်ဟခဲ့ပြီး ဂျေးဇုက ဂန်းနားတွေဆီကို ပြောင်းရွှေ့ချင်လာအောင် ကြိုးပမ်းခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့က အရမ်းရင်းနှီးကြပြီး သူ့ကို အများကြီး ချစ်ပါတယ်။ သူက ကျွန်တော့် သူငယ်ချင်းကြီးဖြစ်ပြီး သူက အာဆင်နယ်ကို ပြောင်းဖို့ ဆွေးနွေးမှုတွေနဲ့ ခုဖြစ်နေတဲ့အရာတွေအားလုံးမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။သူက ဒီအံ့အားသင့်စရာကလပ်အသင်းနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့အရာတွေကို ပြောပြခဲ့တယ်။ ဒီပတ်ဝန်းကျင်၊ ဒီလူတွေနဲ့ ဒီမှာရှိသမျှလူတွေအားလုံးအကြောင်းရောပေါ့။ အဲဒါကြောင့် ကျွန်တော် တကယ် အထင်ကြီးမိခဲ့ပြီး အရမ်းပျော်ရွှင်မိပါတယ်။”လို့ အာဆင်နယ်ကို ပြောင်းရွှေ့လာပြီးနောက် ဇင်ချန်ကိုက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂါဘရီယဲလ် ဂျေးဇုက အသင်းဖော်ကို စနောက်ခဲ့တာဖြစ်ပေမယ့်လည်း ဇင်ချန်ကိုဟာ ဒီရာသီမှာလည်း ဒဏ်ရာပြဿနာကြောင့် ပါဝင်ပတ်သက်မှု နည်းပါးခဲ့ပြီး အာတီတာရဲ့အသင်းအတွက် ပရီးမီးယားလိဂ် ၁၇ ပွဲသာ ပွဲထွက်ပါဝင်နိုင်သေးတာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet