ဆာလီဘာမပါဝင်နိုင်မှုကြောင့် ဟာလန်းပြဿနာတကျော့ပြန်မှာ စိုးနေရတဲ့ အာဆင်နယ်
အာဆင်နယ်ဟာ ယခုရာသီမှာ အဓိကကစားသမားတွေ ဒဏ်ရာရရှိမှုကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပေမယ့်လည်း ဝီလီယံ ဆာလီဘာ မပါဝင်နိုင်မှုက ၎င်းတို့ရဲ့ ဆုဖလားစိန်ခေါ်မှုကို နှောင့်နှေးစေနိုင်တဲ့ ခြိမ်းခြောက်မှုဖြစ်နေပါတယ်။
ပြင်သစ်နောက်ခံကစားသမားဟာ မတ်လ ၁၆ ရက်နေ့က စပို့တင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီးကတည်းက မကစားနိုင်တော့တာဖြစ်ပြီး ဂန်းနားတွေဟာ ဆာလီဘာ ကြံ့ခိုင်မှုပြန်ရလာအောင် နေ့တိုင်း ကစားသမားနဲ့အတူ ကြိုးစားနေသလို အာတီတာကလည်း ဂန်းနားကြယ်ပွင့်က ကောင်းကောင်း တိုးတက်မှုတွေ ရှိနေတယ်လို့ ပြီးခဲ့တဲ့အပတ်မှာ ပြောခဲ့တာပါ။
ဒါပေမယ့်လည်း ပြင်သစ်နောက်ခံလူဟာ သောကြာနေ့ ဆောက်သမ်တန်နဲ့ ကစားရမယ့် အိမ်ကွင်းပွဲစဉ်နဲ့ ဗုဒ္ဓဟူးနေ့မှာ အစ်တီဟတ်ကို သွားကစားရမယ့် အရေးကြီးတဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်ဖို့ မရေမရာဖြစ်နေတာဖြစ်ပါတယ်။
ဆာလီဘာမပါဝင်ချိန်မှာ ဂန်းနားတွေရဲ့ ကျစ်လစ်တဲ့ ခံစစ်ဟာ အက်ကြောင်းတွေ ပေါ်လာခဲ့ပြီး ၄ ပွဲမှာ ပေးဂိုးမရှိ ပွဲစဉ်မရှိခဲ့ဘဲ ၆ ဂိုး ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ဒီမတိုင်ခင် ဆာလီဘာရှိနေခဲ့ချိန်တုန်းက ပရီးမီးယားလိဂ်မှာ ၁၂ ပွဲ ပေးဂိုးမရှိအောင် ထိန်းသိမ်းနိုင်ခဲ့ပြီး တစ်ပွဲကို ပျမ်းမျှ ပေးဂိုးက ၁ ဂိုးအောက် လျော့နည်းနေခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဂျေးဇု၊ ဇင်ချန်ကို၊ ပါတေးတို့လို အဓိကကစားသမားတွေ မပါဝင်ဘဲ ဒီရာသီမှာ အချိန်အပိုင်းအခြားတစ်ခုကို ဖြတ်သန်းခဲ့ဖူးပေမယ့်လည်း ဆာလီဘာ မပါဝင်နိုင်မှုက အသင်းအတွက် အနစ်နာဆုံးဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဝီလီယံ ဆာလီဘာဟာ ဒဏ်ရာမရရှိခင်အထိ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲတိုင်း ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး ဘရာဇီးလ်နောက်ခံလူ ဂါဘရီယဲလ်နဲ့အတူ အားကောင်းတဲ့ ဗဟိုခံစစ်အတွဲကို ပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။
ဂါဘရီယဲလ်ဟာ အကြမ်းပတမ်းကစားတတ်တဲ့ နောက်ခံလူဖြစ်ပြီး ဆာလီဘာ ရှိနေမှုက ၎င်းကို အသာစီးရရှိစေခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်နောက်ခံလူဟာ မကြာခဏ ပထမဘောလုံးကို အရယူဖို့ မကြာခဏ ရှေ့တက်ချိန်မှာ ဆာလီဘာက ၎င်းရဲ့ မြန်နှုန်းနဲ့အတူ ဂါဘရီယဲလ်ရဲ့နောက်ကနေ ရှင်းထုတ်ဖို့ အဆင်သင့်ရှိနေခဲ့တာဖြစ်ပါတယ်။
ဆာလီဘာနဲ့ ဂါဘရီယဲလ်တို့ ခံစစ်အတွဲဟာ အာဆင်နယ်ကို ယခုရာသီမှာ ပိုမို ရှေ့ရောက်တဲ့ ခံစစ်ကစားပုံ ကစားနိုင်စေခဲ့ပြီး အဲဒါကြောင့် ပြိုင်ဘက် ကွင်းဘက်ခြမ်းမှာ မကြာခဏဆိုသလို ဘောလုံးရရှိစေခဲ့တာဖြစ်ပါတယ်။
ဆာလီဘာမပါဝင်နိုင်မှုကြောင့် ဂန်းနားတွေဟာ စွမ်းဆောင်ရည် သိသိသာသာ ကျဆင်းသွားခဲ့ပြီး Opta ကိန်းဂဏန်းတွေအရ တနင်္ဂနွေနေ့က ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ခံစစ်စည်းက ယခုရာသီ ပျမ်းမျှရှိခဲ့တာနဲ့ နှိုင်းယှဉ်ရင် ၃ မီတာလောက် နောက်ဆုတ်သွားတယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။
ဟိုးဒင်းဟာ ကျစ်လစ်တဲ့ နောက်ခံလူဖြစ်ပေမယ့်လည်း ဆာလီဘာရဲ့မြန်နှုန်းမျိုး ကင်းမဲ့နေပြီး အဲဒီပြဿနာကို တိုမီယဆု ရာသီကုန်အထိ လွဲချော်နေမှုက ပိုဆိုးစေခဲ့တာ ဖြစ်ပါတယ်။ ညာနောက်ခံလူဟာ ဆာလီဘာ ဒဏ်ရာရခဲ့တဲ့ပွဲမှာပဲ ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ယခုရာသီ ဆုဖလားပြိုင်ပွဲမှာ သတ်မှတ်ပေးနိုင်တဲ့အခိုက်အတန့်အများအပြားရှိခဲ့ပေမယ့် စပို့တင်းကို ရှုံးနိမ့်ခဲ့မှုက အကြီးမားဆုံး ရှုံးနိမ့်မှုတွေထဲက တစ်ခုဖြစ်ခဲ့တာ ကျိန်းသေပါတယ်။
အာတီတာအနေနဲ့ ဘန် ဝှိုက်ကို ပြီးခဲ့တဲ့ရာသီတုန်းကလိုမျိုး ဗဟိုခံစစ်မှာသုံးပြီး တိုမီယဆုကို ညာနောက်ခံနေရာမှာ အသုံးပြုချင်ခဲ့မှာဖြစ်ပြီး ဆာလီဘာ မပါဝင်နိုင်မှုက ဝက်စ်ဟမ်းနဲ့ပွဲမှာ တော်တော်လေး သိသာခဲ့တယ်လို့ ခံစားခဲ့ရပါတယ်။ အဲဒါက ဇင်ချန်ကို မပါဝင်နိုင်မှုကလည်း တစ်စိတ်တပိုင်း ပါခဲ့မှာဖြစ်ပြီး ယူကရိန်းနောက်ခံလူဟာ အာဆင်နယ်ရဲ့ တိုက်စစ်စတင်မှုမှာ အဓိကသော့ချက်ဖြစ်ခဲ့ပေမယ့်လည်း ဆာလီဘာကလည်း အရေးကြီးခဲ့တာဖြစ်ပါတယ်။
ဆာလီဘာနဲ့ ဂါဘရီယဲလ်တို့ဟာ ဒီရာသီမှာ အခြား အာဆင်နယ်ကစားသမားတွေထက် ဘောလုံးပေးပို့မှု ပိုမို ပြုလုပ်ခဲ့ပြီး ဂန်းနားတွေဟာ ဆာလီဘာမပါဝင်ဘဲ စီးတီးကို ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံရှိခဲ့ဖူးတာဖြစ်ပါတယ်။
ဇန်နဝါရီက အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တုန်းက ဆာလီဘာက လူစားဝင်ကစားသမားအဖြစ် ကစားပေးခဲ့တာဖြစ်ပြီး အာတီတာက ဂါဘရီယဲလ်နဲ့ ဟိုးဒင်းတို့ကို ပွဲထွက်ကစားစေခဲ့တာ ဖြစ်ပေမယ့်လည်း ပထမပိုင်းမှာ ဟိုးဒင်းက ဟာလန်းနဲ့ ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ခဲ့ရပြီးနောက် အဝါကတ်ထိခဲ့တာကြောင့် ဆာလီဘာက လူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။
အဆင်နယ်အသင်းအနေနဲ့ လာမယ့်အပတ်မှာ အဲဒီသမိုင်း တစ်ပတ်လည်လာမှာကို ကြောက်ရွံ့နေမှာဖြစ်ပြီး ဟိုးဒင်းအနေနဲ့ နောက်ထပ်တစ်ကြိမ် အာလင်း ဟာလန်းကို ထိန်းချုပ်လို့မရနိုင်ဘဲ ရုန်းကန်ရနိုင်ခြေရှိနေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း လက်ရှိမှာတော့ မိုဟာမက် အယ်လ်နန်နီက ဆာလီဘာဟာ နောက်ကျောဒဏ်ရာကနေ ပြန်လည်ထူထောင်ရေးတွေမှာ တိုးတက်မှုတွေ ရှိနေပြီဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပြီး ပြင်သစ်နောက်ခံလူက အလေးမရုံထဲက လေ့ကျင့်ရေးစက်ဘီးပေါ်မှာ လေ့ကျင့်ခန်းလုပ်နေတာကို ဗီဒီယိုရိုက်ပြီး တင်ခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet