ဆာကာပြသဖို့လိုတဲ့အရာနဲ့ ဘန် ဝှိုက်ပေးနေတဲ့အရာကို ပြောပြခဲ့တဲ့ လီဗာပူးလ်ဂန္တဝင် coyg

ဆာကာပြသဖို့လိုတဲ့အရာနဲ့ ဘန် ဝှိုက်ပေးနေတဲ့အရာကို ပြောပြခဲ့တဲ့ လီဗာပူးလ်ဂန္တဝင်

လီဗာပူးလ်ဂန္တဝင် ဂျွန် ဘန်းစ်က ယခုရာသီမှာ ထိပ်တန်းခြေစွမ်း ရရှိနေတဲ့ အာဆင်နယ်ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ဘူကာယို ဆာကာနဲ့ ဘန် ဝှိုက်တို့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

ဆာကာဟာ လက်ရှိအချိန်အထိ ကလပ်အသင်းနဲ့ နိင်ငံအသင်းအတွက် အလွန်ကောင်းမွန်တဲ့ရာသီကို ပိုင်ဆိုင်နေခဲ့သူဖြစ်ပြီး ဟေးအမ်း အကယ်ဒမီထွက်ဟာ ကွင်းအတွင်း စွမ်းဆောင်ရည်နဲ့အတူ တပတ်ချင်း ဆက်လက် တိုးတက်လာနေတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်သာ ရှိသေးတာကြောင့် အင်္ဂလန်ကြယ်ပွင့်ဟာ ခြေစွမ်းတိုးတက်လာစရာ အများကြီး ရှိနေဆဲဖြစ်ပြီး ဂျွန် ဘန်းစ်က ဆာကာရဲ့ တိုးတက်မှုကို ၎င်းရဲ့ သွင်းဂိုးအရေအတွက်ကို တိုးမြှင့်နိုင်တဲ့အရည်အချင်းအပေါ်မှာ အခြေခံပြီး ဆုံးဖြတ်လို့ မရဘဲ လက်ရှိ ခြေစွမ်းအတိုင်း ရာသီအများအပြားမှာ ဆက်လက် ပြသရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“သူ့အနေနဲ့ ခြေစွမ်းတည်တည်ငြိမ်ငြိမ်နဲ့ စွမ်းဆောင်ရမှာပါ။ တိုးတက်မှုဆိုတာက တစ်ရာသီကို ဂိုး ၄၀ လောက် သွင်းဖို့ မလိုအပ်ပါဘူး။ တိုးတက်မှုဆိုတာက အချိန်ကာလကြာရှည် တည်တည်ငြိမ်ငြိမ်နဲ့ စွမ်းဆောင်နိုင်ဖို့ပါ။ သူက ပြင်းပြင်းထန်ထန် အလုပ်လုပ်နေပြီးသား၊ အခွင့်အရေးတွေ ဖန်တီးပြီး ဂိုးတွေ သွင်းယူနေပြီးသားပါ။ ဒါပေမယ့် သူ အဲဒါကို တစ်ပတ်ပြီး တစ်ပတ် လုပ်ပြရမှာပါ။ အဲဒီတော့ အခု သူ ဖြစ်နေတာထက် ပိုကောင်းတဲ့ ဘောလုံးသမားဖြစ်လာဖို့ ကျွန်တော် မထင်ထားပေမယ့် သူ ဒါကို ၇ ရာသီ၊ ၈ ရာသီ၊ ၉ ရာသီလောက် လုပ်ပြနိုင်တယ်ဆိုတာကို ပြသဖို့ လိုတယ်။ သူ လုပ်နေပြီးသားအရာတွေကို ဆက်လုပ်နေရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဆာလီဘာ အသင်းနဲ့ ပြန်လည်ပူးပေါင်းလာမှုကြောင့် ဘန် ဝှိုက်ကို ဘယ်လိုလုပ်ရမလဲဆိုတာ အကြပ်ရိုက်ခဲ့ပြီး အင်္ဂလန်နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီ နွေရာသီမှာ ပေါင်သန်း ၅၀ နဲ့ ပြောင်းလာပြီးကတည်းက အဓိက ဗဟိုခံစစ် ၂ ဦးထဲက တစ်ဦးဖြစ်ကြောင်း သက်သေပြသခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘန် ဝှိုက်ဟာ ဒီရာသီမှာ ညာနောက်ခံလူအဖြစ် ကစားပေးခဲ့ပြီး အာဆင်နယ်ရဲ့ နည်းဗျူဟာပိုင်းကို သိသိသာသာ ပြုလွယ်ပြင်လွယ်ရှိလာစေခဲ့တာ ဖြစ်ပါတယ်။ ဂျွန် ဘန်းစ်က အာဆင်နယ် ညာနောက်ခံလူ ဘန် ဝှိုက်က ၎င်းရဲ့ အခန်းကဏ္ဍသစ်နဲ့ အသားကျအောင် လုပ်နိုင်ခဲ့တဲ့ပုံစံနဲ့ပတ်သက်ပြီး အထင်ကြီးခဲ့တာဖြစ်ပါတယ်။

“ဘန် ဝှိုက်က အာဆင်နယ်ကို ခံစစ်ပိုင်း အားသာချက်အချို့ ပေးခဲ့တယ်။ အာဆင်နယ်က အရင်တုန်းက ခံစစ်ပိုင်းမှာ နည်းနည်း ဆိုးရွားခဲ့တယ်။ ဒါပေမယ့် သူက အရမ်းကောင်းတဲ့ နောက်ခံလူဖြစ်ပြီး သူက အသင်းကို ဟန်ချက်ညီမှုတွေ အများကြီး ပေးနေပါတယ် ။ဟင့်အင်း။ သူက ထရင့် အလက်ဇန်းဒါး-အာနိုးလို တစ်ချိန်လုံး တောင်ပံမှာ တက်လိုက်၊ ဆင်းလိုက်လုပ်နေတဲ့သူမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် သူက သူတို့ကို မတူညီတဲ့တစ်စုံတရာကို ပေးနေပါတယ်။ အဲဒါက တိုက်စစ်ကစားသမားတွေကို ပွဲစဉ်ရဲ့ တိုက်စစ်ဆင်တဲ့အပိုင်းကို ပိုပြီး အာရုံစိုက်နိုင်စေပါတယ်။ သူက ပြိုင်ဘက်အသင်းက ဖြတ်တင်ဘောတွေ ပြုလုပ်တဲ့အခါမှာ အာဆင်နယ်ကို သက်တောင့်သက်သာ ခံစားရအောင် လုပ်ပေးပါတယ်။ ဘာလို့လဲဆိုတော့ သူက သာမန်အားဖြင့် ဗဟိုခံစစ်ကစားသမားဖြစ်နေလို့ပါ”လို့ ပြောကြားသွားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet