ဂန်းနားပစ်မှတ်အတွက် ရှားရှားပါးပါး သဘောတူခဲ့ကြတဲ့ သရဲနီကြယ်ပွင့်ဟောင်း ၂ ဦး
ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် အော်ရယ်လီယန် ချွင်မင်နီဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတဲ့ နောက်ဆုံးကစားသမားဖြစ်ပါတယ်။
ဂန်းနားတွေဟာ ဂရားနစ် ချာကာကို ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းဖြစ်တဲ့ လေဗာကူဆင်အသင်းကို ထွက်ခွာခွင့်ပေးခဲ့ပြီး သောမတ်စ် ပါတေးကိုလည်း သင့်တော်တဲ့ကမ်းလှမ်းမှုတွေ ရလာမယ်ဆိုရင် ထွက်ခွာခွင့်ပြုသွားမှာဖြစ်ပါတယ်။ အမ်းမရိတ်စ်ကို ရောက်ရှိလာတော့မယ့် ကွင်းလယ်ကစားသမားတစ်ဦးကတော့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်ဖြစ်ပြီး အာဆင်နယ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၁၀၅ သန်းနဲ့ ပြောင်းရွှေ့လာမှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပါတေးကို ထွက်ခွာခွင့်ပြုလိုက်မယ်ဆိုရင်တော့ အာတီတာအနေနဲ့ ဒီကလန် ရိုက်အပြင် နောက်ထပ် ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးကို လိုအပ်ဖွယ်ရှိနေပြီး ချွင်မင်နီက စပိန်လူမျိုးနည်းပြရဲ့ ပစ်မှတ်စာရင်းထဲက နာမည်တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ချွင်မင်နီဟာ ပြီးခဲ့တဲ့နွေရာသီကမှ ပေါင် ၈၅.၃ သန်းဝန်းကျင်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်တာကြောင့် စျေးပေါပေါနဲ့ ရနိုင်ဖွယ်မရှိဘဲ မိုနာကိုကြယ်ပွင့်ဟောင်းဟာ ပေါ့ဂ်ဘာရဲ့ အရင်တုန်းက မှတ်ချက်စကားသာ ယုံကြည်ရမယ်ဆိုရင် မြောက်လန်ဒန်အသင်းအတွက် အလွန်ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်လာမှာဖြစ်ပါတယ်။
ပေါ့ဂ်ဘာက ၂၀၂၁ ခုနှစ်တုန်းက ချွင်မင်နီနဲ့ပတ်သက်ပြီး မေးမြန်းခြင်း ခံခဲ့ရချိန်မှာ ပေါ့ဂ်ဘာက M6 ကို “သူက အရမ်းကောင်းတယ်။ သူက ကောင်လေးမဟုတ်ပါဘူး။ သူက ခွန်အားအများကြီးရှိတဲ့ ယောင်္ကျားတစ်ယောက်ဆိုတာ ကွင်းထဲမှာ ပြသခဲ့ပြီးပါပြီ။ သူနဲ့အတူ ကစားရတာက စိတ်ပျော်ရွှင်စရာကောင်းပါတယ်။ ကျွန်တော် သူ့ကို တွန်းအားပေးဖို့ အမြဲတမ်း ရှိနေမှာပါ။ သူက အများကြီး ယူဆောင်လာပေးတယ်။ သူ့မှာ သူမတူတဲ့ နည်းစနစ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာအရည်အသွေးတွေရှိတယ်။ ပြင်သစ်လက်ရွေးစင်အသင်းထဲကို လူငယ်ကစားသမားတွေ ရောက်လာပြီး သူတို့အစွမ်းတွေ အများကြီး ပြသတာ မြင်ရတာ ကောင်းမွန်ပါတယ်။သူက တိုးတက်လာဖို့ပဲ ရှိတယ်။ သူက အရမ်း အရမ်းငယ်သေးတယ်။ သူက ပစ္စုပ္ပန်ဖြစ်သလို အနာဂတ်လည်း ဖြစ်ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ချွင်မင်နီနဲ့ပတ်သက်ပြီး နောက်ထပ် ချီးကျူးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းက ရီယို ဖာဒီနန်ဖြစ်ပြီး ပြင်သစ်လူငယ်ကြယ်ပွင့်ရဲ့ အရည်အသွေးကို ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အပြီး BBC ရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ဒီမှာ နားထောင်။ ချွင်မင်နီက ငယ်ရွယ်တဲ့ကလေးဖြစ်ပြီး သူက အမှားတွေ လုပ်ပါလိမ့်မယ်။ ဒါပေမယ့် သူက ထူးခြားတဲ့ပါရမီရှင်ပါ။ သူက မယုံကြည်နိုင်လောက်တဲ့ အခိုက်အတန့်တွေကို ဖန်တီးပေးနိုင်ပါတယ်။ ပြင်သစ်ပွဲထွက် ၁၁ ဦးစာရင်းမှာ ပေါ့ဂ်ဘာကို အစားထိုးဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် အခုအချိန်အထိတော့ ချွင်မင်နီကတော့ အလွန်ကောင်းမွန်နေခဲ့ပါတယ်။ ချွင်မင်နီက ရီးရဲလ်မက်ဒရစ်အတွက် ဘာကြောင့် သူ ကစားပေးနေတာလဲဆိုတာကို ပြသခဲ့တာပါ။ သူက စိတ်ရှည်သည်းခံတယ်။ ပါရမီရှိတယ်။ ထိန်းချုပ်နိုင်စွမ်းရှိတယ်။ သူက ခင်ဗျားလိုအပ်တဲ့အရာအားလုံးရှိပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet