ဂန်းနားတွေရဲ့လာမယ့်ရာသီ ပရီးမီးယားလိဂ်စိန်ခေါ်နိုင်စွမ်းကို သုံးသပ်ခဲ့တဲ့ အာဆင်ဝင်းဂါး
အာဆင်ဝင်းဂါးက အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို နောက်ထပ်တစ်ကြိမ် စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိနေပြီး လူအင်အားမဖြည့်တင်းဘဲနဲ့တောင် အမှတ်ပေးဖလားစိန်ခေါ်နိုင်မယ့် လူစာရင်းကို ပိုင်ဆိုင်ထားပြီးသားလို့ ယုံကြည်နေတာဖြစ်ပါတယ်။
ဂန်းနားတွေဟာ အလွန်ကောင်းမွန်တဲ့ ပရီးမီးယားလိဂ်ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ မန်ချက်စတာစီးတီးသာ သိသိသာသာ ခြေမချော်ဘူးဆိုရင် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်မယ့် အခွင့်အရေးနဲ့ လွဲချော်ဖွယ်ရှိနေပြီဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ယခုရာသီအစောပိုင်းမှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ဖလားကိုသာ မကိုင်မြှောက်နိုင်ခဲ့ဘူးဆိုရင် အမ်းမရိတ်စ်မှာ စိတ်ပျက်မှုတွေ ရှိလာမှာဖြစ်ပေမယ့်လည်း ဒုတိယနေရာနဲ့ ရာသီပြီးဆုံးရင်လည်း ပြီးခဲ့တဲ့ရာသီတွေတုန်းက ချန်ပီယံလိဂ်ဝင်ခွင့်တောင် မရခဲ့တာကြောင့် ကြီးကြီးမားမား တိုးတက်မှုဖြစ်နေဦးမှာဖြစ်ပါတယ်။
အာဆင်ဝင်းဂါးက အကောင်းဘက်ကနေ မြင်နေတာ ကျိန်းသေပြီး အာတီတာဟာ သိပ်မဝေးလှတဲ့အနာဂတ်မှာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“ကျွန်တော်တို့မှာ ဆုဖလားရရှိအောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိတဲ့ ကစားသမားတွေ အသင်းရဲ့ နေရာတိုင်းမှာ ရှိနေတယ်လို့ ထင်ပါတယ်။ ဒီနှစ်မဟုတ်ဘူးဆိုရင် လာမယ့်နှစ် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရည်အသွေးကတော့ ရှိနေပါတယ်။ ခင်ဗျား သိပါတယ်။ အသင်းက အထူးသဖြင့် အရမ်းငယ်ရွယ်ပြီး ရှေ့ကိုဆက်သွားနေတယ်။ ဒါပေမယ့် ကျွန်တော် သူတို့ ကစားတဲ့ပုံစံကို နှစ်သက်တယ်။ သူတို့တွေက ရွေ့လျားနိုင်စွမ်းရှိတယ်။ သူတို့တွေက ပင်နယ်တီဧရိယာဝန်းကျင်မှာ ထက်မြက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တယ်။ သူတို့တွေက အတူတူ ကောင်းကောင်းကစားနိုင်ပြီး လိုအပ်တဲ့အရာတွေအားလုံး ရှိနေပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet