ဂန်းနားကြယ်ပွင့်ရဲ့ အလွန်ကောင်းမွန်တဲ့ အရည်အချင်းကြောင့် အံ့အားသင့်ခဲ့တဲ့ ချေးဝဲလ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ
-နယူးကာဆယ်လ်ယူနိုက်တက်ဟာ ဂါဘရီ ဗေဂါရဲ့ စာချုပ်လျော်ကြေး ပေါင် ၃၃ သန်းကို ပေးချေသွားဖို့ ဆန္ဒရှိပေမယ့်လည်း လာလီဂါကြယ်ပွင့်က ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်ကို ပိုမိုပြောင်းရွှေ့ချaင်နေတယ်လို့ သိရပါတယ်။ Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဥရောပရဲ့ တောက်ပလာနေတဲ့ ကြယ်ပွင့်တွေထဲက တစ်ဦးကို စိတ်ဝင်စားမှုတွေ မြင့်တက်လာနေပြီး နယူးကာဆယ်လ် ယူနိုက်တက်အသင်းဟာ ဗေဂါရဲ့စာချုပ်လျော်ကြေး ပေါင် ၃၃ သန်းကို ပေးချေသွားချင်နေရုံတင်မကဘဲ တစ်ပတ်လုပ်ခလစာ ပေါင် ၈၅၀၀၀ လည်း ကမ်းလှမ်းသွားချင်နေတယ်လို့ AS က ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့်လည်း Mundo Deportivo က နယူးကာဆယ်လ်၊ လီဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ်တို့လို အသင်းတွေထက် ဗေဂါဟာ အာဆင်နယ်ကိုပဲ နည်းပြ အာတိတာရဲ့ တိုက်စစ်အသားပေးပြီး ဘောလုံးပိုင်ဆိုင်မှု အဓိကထားတဲ့ ကစားဟန်ကြောင့် ရွေးချယ်သွားလိမ့်မယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။
-အာဆင်နယ်ပရိသတ်တွေဟာ အင်္ဂလန်နဲ့ ယူကရိန်းပွဲစဉ်အပြီးမှာ ချဲလ်ဆီးအသင်းက ယူကရိန်းကြယ်ပွင့် မာဒရစ်ခ်ကို လက်ဦးမှု ရယူပြီး ခေါ်ယူသွားခဲ့တာကို စိတ်သက်သာရာ ရခဲ့ကြပါတယ်။ အာဆင်နယ်အသင်းဟာ မာဒရစ်ခ်အစား ထရော့ဆာ့ဒ်ကို ခေါ်ယူခဲ့ပြီး ဘရိုက်တန်ကြယ်ပွင့်ဟောင်းက အမ်းမရိတ်စ်မှာ တောက်ပတဲ့ခြေစွမ်းပြသနေတာကြောင့်လည်း ဂန်းနားတွေဟာ ရှက်တာဒိုးနတ်ကြယ်ပွင့်ဟောင်းကို မလွမ်းကြတော့တာဖြစ်ပါတယ်။
တနင်္ဂနွေနေ့ညနေမှာ ဘူကာယို ဆာကာက ဆောက်ဂိတ်ရဲ့အသင်းမှာ ရင်သပ်ရှုမောဖွယ်စွမ်းဆောင်ရည်နဲ့ လွှမ်းမိုးနိုင်စွမ်းကို ပြသခဲ့ချိန်မှာ မာဒရစ်ခ်ကတော့ ကွင်းထဲမှာ ပျောက်နေခဲ့တာဖြစ်ပြီး ပွဲအပေါ်မှာ အကျိုးသက်ရောက်မှု မပြသနိုင်သလို ဆာကာရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့တဲ့ အပြစ်ရှိသူလည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် ယူကရိန်းနည်းပြ ထရူဘင်က မိနစ် ၆၀ ဝန်းကျင်မှာ မာဒရစ်ခ်ကို လူစားလဲခဲ့တာဖြစ်ပြီး အာဆင်နယ်ပရိသတ်တွေဟာ ရှက်တာဒိုးနတ် ကြယ်ပွင့်ကို မခေါ်မိတာ ဘုရားမတာပဲလို့ ပြောဆိုခဲ့ကြပါတယ်။
-မတ်လ နိုင်ငံတကာအားလပ်ရက်အပြီးမှာ လက်ရွေးစင်အသင်းနဲ့ သွားရောက်ပူးပေါင်းခဲ့ကြတဲ့ အာဆင်နယ်ကြယ်ပွင့် ၁၄ ဦးစလုံးဟာ ယခုအပတ်မှာ အသင်းကို ပြန်လည်ရောက်ရှိလာပြီး ယခုရာသီ ဆုဖလားပြိုင်ပွဲကို အဆုံးအဖြတ်ပေးမယ့်နောက်ဆုံး ၁၀ ပွဲကို ကစားဖို့ အဆင်သင့်ဖြစ်နေဖို့က အာတီတာ အမြင်ချင်ဆုံးနဲ့ အတောင့်တဆုံးအရာဖြစ်မှာဖြစ်ပါတယ်။
လက်ရှိမှာ တိုမီယဆု၊ အယ်လ်နန်နီတို့ကလွဲရင် ကျန်ကစားသမားတွေ ဒဏ်ရာကင်းစင်နေပြီး အာတီတာရဲ့ လူစာရင်းထဲမှာ ကြံ့ခိုင်မှုပြည့်ဝနေတဲ့ ကစားသမား ၂၂ ဦးရှိနေတဲ့အထဲက နိုင်ငံတကာအားလပ်ရက်အပြီး လက်ကျန် ၁၀ ပွဲအတွက် အားအကောင်းဆုံး ၂၀ ဦးလူစာရင်းကို Football.london က ရွေးချယ်ပေးခဲ့ရာမှာ ရမ်းစ်ဒေးလ်၊ တန်နာ၊ တီယာနီ၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ခီဗီယော၊ ဟိုးဒင်း၊ ဇင်ချန်ကို၊ ပါတေး၊ အော်ဒီဂွါဒ်၊ စမစ်ရိုး၊ ဗီယာရာ၊ ဂျော်ဂျင်ညို၊ ချာကာ၊ ဆာကာ၊ ဂျေးဇု၊ မာတီနယ်လီ၊ အန်ကီးတီးယား၊ ထရော့ဆာ့ဒ်တို့ ပါဝင်ခဲ့ပါတယ်။
-ချဲလ်ဆီးကြယ်ပွင့်နောက်ခံလူ ဘန် ချေးဝဲလ်က အာဆင်နယ်တောင်ပံကစားသမား ဆာကာအနေနဲ့ ဘယ်နောက်ခံနေရာမှာ ပွဲထွက်ကစားခဲ့တာကို မယုံနိုင်ဖြစ်ခဲ့မိတယ်လို့ ပြောကြားခဲ့ပြီး ဂန်းနားကြယ်ပွင့်ရဲ့ ကွင်းတွင်း၊ ကွင်းပြင်ပမှာ လုပ်ဆောင်နေတဲ့အရာတွေအတွက် ချီးကျူးခဲ့ပါတယ်။ “သူ ဘယ်နောက်ခံနေရာမှာ ကစားခဲ့တာကို မယုံနိုင်ပါဘူး။ အရမ်းကောင်းတဲ့ အရည်အချင်းရှိတဲ့ ကစားသမားပါ။ သူ ကွင်းထဲမှာ ပေးနိုင်တာကို အားလုံးမြင်ကြမယ်လို့ ကျွန်တော်ထင်တယ်။ သူက ဘောလုံးလောကမှာ ကျွန်တော် တွေ့ဖူးသမျှအကောင်းဆုံးလူတွေထဲက တစ်ဦးပါ။”
“ကျွန်တော် သူ့ကို နေ့တိုင်း လေ့ကျင့်ရေးစခန်းမှာ တွေ့တယ်။ သူက အားလုံးကို ပျော်ရွှင်စရာတွေ ယူဆောင်လာပေးတယ်။ သူက အမြဲတမ်း ပြုံးနေပြီး သဘောကောင်းတဲ့သူတစ်ယောက်ပါ။ ပြီးတော့ သူ ကွင်းထဲမှာ ပါဝင်ကစားပေးတဲ့အချိန်မှာ ဒီလိုမျိုး ကျွန်တော်တို့အတွက် စွမ်းဆောင်ပေးတယ်။ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်က ကျွန်တော်တို့ကို နောက်ဆုံးမှာ နိုင်ပွဲရရှိစေခဲ့တယ်။ ကျွန်တော် သူ့အတွက် ဝမ်းမြောက်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
-အာဆင်နယ်ကြယ်ပွင့်ဟောင်း အဲလက်စ် အိုင်ဝိုဘီက အသင်းဖော်ဟောင်း ရိစ် နယ်လ်ဆန်ဟာလေ့ကျင့်ရေးအစီအစဉ်တွေမှာ ဟာသပဲ လို့ ပြောကြားခဲ့ပါတယ်။ “သူက နောက်ထပ် အာဆင်နယ်အကယ်ဒမီထွက်ပါ။ သူက လေ့ကျင့်ရေးမှာကျတော့ နောက်ထပ်လူတစ်ယောက်ပုံစံမျိုးပါ။ သူက လေ့ကျင့်ရေးမှာ ဟာသပါပဲ။ သူ့မှာ လမ်းမပေါ်က အရည်အချင်းတွေ ရှိနေပြီး စိတ်ရှည်တဲ့သူတစ်ယောက်အဖြစ်နဲ့ ကျွန်တော် သူ့ကို ချီးကျူးရမှာပါ။ သူ ဝင်ကစားရတဲ့အချိန်တိုင်း စွမ်းဆောင်ပေးခဲ့တယ်။ သူက အကျိုးသက်ရောက်မှု အရှိဆုံး လူစားဝင်ကစားသမားဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ပုံမှန်ကစားခွင့်မရဘဲ ထိပ်တန်းခံယူချက်မျိုးနဲ့ ဒီလို လုပ်နိုင်တဲ့ တစ်စုံတယောက်ကို ကျွန်တော် အမှတ်ပေးရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet