ကိုင်ဆေဒိုရော ရိုက်စ်ကိုပါ ဒီနွေမှာ ဂန်းနားတို့ ဘာကြောင့်ခေါ်ဖို့ လိုတာလဲ
အာတီတာဟာ ၎င်းရဲ့ ကွင်းလယ်ပဟေဋ္ဌိကို အဖြေထုတ်နိုင်ဖို့အတွက် ကွင်းလယ်ကစားသမား ၂ ဦးသာ လိုအပ်တော့တာဖြစ်ပြီး ဘာကြောင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
အာတီတာဟာ ၂၀၁၉ ခုနှစ်မှာ အာဆင်နယ်ကို တာဝန်ကိုင်တွယ်ခဲ့ချိန်မှာ မျှော်မှန်းခဲ့တဲ့ ပုံရိပ်အတိုင်း ပြုပြင်ပြောင်းလဲနိုင်ဖို့ နှစ်အတော်ကြာ ခက်ခက်ခဲခဲ အလုပ်လုပ်ခဲ့ရတာဖြစ်ပါတယ်။ စပိန်လူမျိုးနည်းပြဟာ ၎င်းရဲ့အိပ်မက်အသင်းကို တည်ဆောက်ရာမှာ တစ်နေရာပြီး တစ်နေရာ အင်အားဖြည့်တင်းခဲ့တာဖြစ်ပြီး ယခုနွေရာသီမှာ ပထမဆုံး အင်အားဖြည့်တင်းဖို့ လိုအပ်နေတဲ့နေရာကတော့ ကွင်းလယ်ဖြစ်ပါတယ်။
ဂျော်ဂျင်ညို၊ ပါတေး၊ အော်ဒီဂွါဒ်၊ ဗီယာရာ၊ ချာကာတို့အားလုံးက ကြံ့ခိုင်မှုပြည့်ဝနေရင် အာဆင်နယ်ရဲ့ ကွင်းလယ်က ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို ယှဉ်ပြိုင်နိုင်စွမ်းရှိပေမယ့်လည်း ဒင်း ဂျုံးစ်က ဂါနာကွင်းလယ်လူသာ မပါရင် ဂန်းနားကွင်းလယ်က ကမောက်ကမဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒင်း ဂျုံးစ်က အာတီတာအနေနဲ့ ပါတေးမပါရင် အဲဒီလို ဖြစ်နေတာကို ရှောင်လွှဲချင်ရင် ဒီလာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ ကွင်းလယ်ကစားသမား ၂ ဦးအထိ ခေါ်ယူသင့်တယ်လို့ အလေးအနက် ပြောကြားခဲ့တာဖြစ်ပါတယ်။
“အနည်းဆုံးတော့ ကွင်းလယ်ကစားသမား တစ်ဦးလိုနေတာ အသိသာကြီးပါ။ ဒါပေမယ့် ချန်ပီယံလိဂ်လည်း ကစားရဖို့ ရှိနေပြီး ပါတေးသာ အသင်းထဲက ရုတ်တရက်ပျောက်ဆုံးသွားရင် ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် ကွင်းလယ်ကစားသမား ၂ ဦးလောက်တော့ လိုနိုင်ပါတယ်။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒင်း ဂျုံးစ်ရဲ့ ထင်မြင်ယူဆချက်ဟာ နားလည်နိုင်စရာဖြစ်ပြိး အာဆင်နယ်ဟာ ပါတေးလောက်ကောင်းမွန်တဲ့ ကွင်းလယ်ခံစစ်ကစားသမားမျိုး မရှိဘဲ ဂျော်ဂျင်ညိုကို ဂါနာကွင်းလယ်လူရဲ့နေရာမှာ အရန်သင့်သုံးဖို့ ခေါ်ခဲ့ပေမယ့်လည်း အဲဒီလောက် မကောင်းတာဖြစ်ပါတယ်။
မေးခွန်းထုတ်စရာရှိတာက ပါတေးလောက် ကောင်းတာ ဘယ်သူရှိလဲဆိုရင် မွိုက်စ် ကိုင်ဆေဒို ဒါမှမဟုတ် ဒီကလန် ရိုက်စ်တို့ ဖြစ်နိုင်ပြီး ဒီကစားသမား ၂ ဦးစလုံးကို အာတီတာက ကွင်းလယ်အတွက် စိတ်ဝင်စားနေမယ်လို့ ယုံကြည်ရပါတယ်။
အာဆင်နယ်အနေနဲ့ ဒီကစားသမား ၂ ဦးထဲက တစ်ဦးကို ခေါ်ယူနိုင်မယ်ဆိုရင် အရမ်းကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်မှာဖြစ်ပေမယ့်လည်း နှစ်ဦးစလုံး ခေါ်ယူနိုင်မယ်ဆိုရင်တော့ အာတီတာရဲ့ ကွင်းလယ်ကို တက်ကြွလှုပ်ရှားမှုအပြည့်နဲ့ ကွင်းလယ်အဖြစ် ပြုပြင်ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။
ဒီကလန် ရိုက်စ်နဲ့ ကိုင်ဆေဒိုတို့ ၂ ဦးနဲ့သာဆိုရင် အာဆင်နယ်ရဲ့ ကွင်းလယ်ဟာ ပရီးမီးယားလိဂ်မှာတင်မဟုတ်ဘဲ ဥရောပမှာပါ အကောင်းဆုံးကွင်းလယ်ကစားသမားမဖြစ်လာဘူးလို့ ဘယ်သူကမှ ပြောနိုင်မှာမဟုတ်တာ သေချာပါတယ်။
Arsenal Myanmar
Ref: Internet