All or Nothing စီးရီးထဲက အာတီတာရဲ့အပြုအမူအပေါ် ခံစားချက်ကို ပြသခဲ့တဲ့ ဂန်းနားများ coyg

All or Nothing စီးရီးထဲက အာတီတာရဲ့အပြုအမူအပေါ် ခံစားချက်ကို ပြသခဲ့တဲ့ ဂန်းနားများ

အာဆင်နယ်ကစားသမားတွေဟာ Amazon ရဲ့ မှတ်တမ်းတိုရုပ်ရှင်အဖွင့်မှာ ဂန်းနားနည်းပြရဲ့ ပုံစံက အများအမြင်မှာ ရယ်စရာဖြစ်နေပေမယ့်လည်း အာတီတာနဲ့ ၎င်းရဲ့ ထူးခြားတဲ့ စကားပြောဟန်ကို အပြည့်အဝ ထောက်ခံနေကြပါတယ်။

All or Nothing မှတ်တမ်းတိုရုပ်ရှင်ဟာ ၂၀၂၁-၂၀၂၂ ရာသီကို ရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်တွေကို အာတီတာရဲ့ အလုပ်လုပ်ပုံနဲ့ပတ်သက်ပြီး အတွင်းကျကျ သိရှိအောင် တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ကင်မရာတွေဟာ ပွဲမတိုင်ခင်နဲ့ ပွဲအပြီး အဝတ်လဲခန်းထဲမှာ ရှိနေခဲ့ပြီး အာတီတာက ကစားသမားတွေကို စိတ်အားတက်ကြွလာအောင် ကြိုးပမ်းတဲ့ ပြင်းထန်တဲ့ အခိုက်အတန့်အချို့ကို ရိုက်ကူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အထူးခြားဆုံးမြင်ကွင်းတစ်ခုက ရာသီအဖွင့်ပွဲစဉ် ၅ ပွဲမှာ ၃ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း တော့တင်ဟမ်ဟော့စပါးနဲ့ ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မတိုင်ခင်မှာ ဖြစ်ပြီး အာတီတာဟာ ဘုတ်ပြားပေါ်မှာ ၎င်းရဲ့ ထင်မြင်ချက်တွေကို ရေးဆွဲပြီး ကစားသမားတွေကို စကားပြောဆိုခဲ့တာဖြစ်ပါတယ်။

“ငါ့ကောင်တို့ ငါတို့တွေ ကြီးမားတဲ့နှလုံးသားနဲ့ ကစားရမယ်။”လို့ နှလုံးပုံနဲ့ ဦးနှောက်ပုံကို ရေးဆွဲနေချိန်မှာ ပြောကြားခဲ့ပြီး “တစ်ချိန်တည်းမှာပဲ ငါတို့တွေ ကြီးမားတဲ့ ဦးနှောက်နဲ့ ကစားရမယ်။ ဒီနှစ်ခုကို အတူတကွ လုပ်ဆောင်ရမယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာတီတာရဲ့ အသင်းလိုက်ပြောဆိုမှုဟာ ယေဘုယျအားဖြင့် အဝတ်လဲခန်းအတွင်းက ကစားသမားတွေဆီကနေ စိတ်ရှုပ်ထွေးတဲ့ တုံ့ပြန်မှု ရရှိခဲ့ပြီး လူအများကို ပြသခဲ့တဲ့အချိန်မှာ ရယ်မောသံတွေနဲ့ တီရှပ်လုပ်ဝတ်တဲ့ Memes တွေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ဂိုးသမား မတ် တန်နာက အာဆင်နယ်ကစားသမားတွေဟာ အာတီတာ ဘုတ်ပေါ်မှာ ရေးသားခဲ့တဲ့အတိုင်း ကစားနေကြတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ဒါက သူ ဘယ်သူလဲဆိုတာပါပဲ။ သူက ခင်ဗျားစိတ်ကို မတူညီတဲ့နည်းလမ်းတွေနဲ့ အလုပ်လုပ်စေတယ်။ ခင်ဗျားရဲ့ အတွေးတွေကို ဖွင့်ဖို့နဲ့ ခင်ဗျားရဲ့ သွေးတွေကို မတူညီတဲ့နည်းလမ်းနဲ့ စုပ်ယူဖို့ ကြိုးပမ်းတယ်။ မတူညီတဲ့ တွေးခေါ်ပုံတွေကို နားလည်လာအောင် လုပ်ပေးတယ်။ အဲဒါက သူနဲ့ပတ်သက်ပြီး ကျွန်တော် အနှစ်သက်ဆုံးအရည်အချင်းတွေထဲက တစ်ခုလို့ ထင်ပြီး သူက အမြဲတမ်း ကျွန်တော့်ဆီကနေ အားပေးထောက်ခံမှုကို ရနေမှာပါ”

“ကျွန်တော် ကွင်းထဲမှာ ဘာလုပ်ရလဲဆိုတာ အရေးမပါပါဘူး။ သူက ကျွန်တော့်ရဲ့ ထောက်ခံမှုကို ရနေမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် တကယ်ကို ပြင်းပြင်းထန်ထန် အလုပ်လုပ်တာကို သူ သိနေလို့ပါ။ ကျွန်တော်နေ့တိုင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။ ဒီလိုမျိုး လူတစ်ယောက်အတွက် ကစားပေးရတာက လွယ်ကူတယ်။ သူ ဘယ်လိုပဲ တောင်းဆိုသည်ဖြစ်ဖြစ်ပေါ့။ ခင်ဗျား သိလား။ ခင်ဗျား ကွင်းထဲကိုသွားပြီး သူ့ရဲ့အကြံအစည်တွေ တကယ့်လက်တွေ့မှာဖြစ်လာအောင် လုပ်ပေးဖို့ ကြိုးပမ်းပေးရတာမျိုးပေါ့။ သူက ခင်ဗျားကို အမြဲတမ်း ထောက်ခံနေမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။

အမေဇုန်ရဲ့ စီးရီးထဲမှာ နောက်ထပ် သတိမထားမိဘဲ မနေနိုင်စရာ မိန့်ခွန်းတွေလည်း ရှိနေပြီး တစ်ကြိမ်မှာဆိုရင် အာတီတာဟာ အသင်း ဓာတ်ပုံဆရာအဖြစ် အလုပ်လုပ်လာခဲ့တာ နှစ်ပေါင်း ၃၀ ရှိပြီဖြစ်တဲ့ စတူးဝပ် မက်ဖားလိန်းကို ၎င်းရဲ့ ခံစားချက်အချို့ကိုတောင် ပြောဆိုခွင့်ပေးခဲ့တာဖြစ်ပါတယ်။ နောက်တစ်ကြိမ်မှာတော့ အာတီတာက ကလေးဘဝတုန်းက နှလုံးခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရာကနေ လူကောင်း ပကတိပြန်ဖြစ်အောင် လုပ်ဆောင်ခဲ့ရတဲ့ ဖြစ်ရပ်မှန်ကို ကိုးကားပြီး စိတ်အားတက်ကြွဖွယ် မိန့်ခွန်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်ကလည်း ဒီလို နည်းစနစ်တွေက အသင်းလိုက် အစည်းအဝေးမှာ ပျင်းရိစရာဖြစ်သွားဖို့ အခွင့်အရေးအနည်းငယ်သာရှိတာကြောင့် ကစားသမားတွေကို အာရုံစိုက်နိုင်အောင် အကူအညီဖြစ်စေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“သူ့ရဲ့ အသင်းလိုက်စကားပြောဆိုမှုတွေက လုံးဝကို မတူညီပါဘူး။ သူက အဲဒါကို လန်းဆန်းနေအောင် အမြဲထားထားတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ တစ်ခါတလေ သူ စာနဲ့ရေးပြတယ်။ တစ်ခါတလေ သူ စကားပြောတယ်။ တစ်ခါတလေ သူ အသင်းသားတွေကို စကားပြောခွင့်ပေးတယ်။ အဲဒါက ခင်ဗျားကို ထိတွေ့မှုရှိနေစေပြီး သူ့ရဲ့ ဘဝထဲကိုလည်း ခင်ဗျားကို ဝင်ခွင့်ပေးတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ သူနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သိခဲ့ရတဲ့ အကြောင်းအရာအသစ်တွေ ရှိပြီး အဲဒါတွေကို ခင်ဗျား သူ စာအုပ်ရေးတာမျိုး ဒါမှမဟုတ် တစ်ခုခုကနေ သိအောင် လုပ်တာမျိုးမလုပ်ဘူးဆိုရင် ဘယ်တော့မှ သိရမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

အာတီတာရဲ့ ချဉ်းကပ်ပုံဟာ ယခုရာသီမှာ ကျိန်းသေပေါက် အလုပ်ဖြစ်နေပြီး အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁ နေရာမှာ ၈ မှတ်ဖြတ် ဦးဆောင်ပြီး ၁၉ နှစ်အတွင်း ပထမဆုံး အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet