ကြယ်ပွင့်ကစားသမား ၂ ဦးရဲ့သတင်းကောင်းကြားခဲ့ရတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ coyg

ကြယ်ပွင့်ကစားသမား ၂ ဦးရဲ့သတင်းကောင်းကြားခဲ့ရတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

-အာဆင်နယ်အသင်းဟာ တိုမီယဆုနဲ့ ဝီလီယံ ဆာလီဘာတို့ ကြံ့ခိုင်မှု အပြည့်အဝ ပြန်လည်ရရှိဖို့အတွက် နီးစပ်နေပြီဖြစ်တယ်ဆိုတဲ့ အားတက်စရာသတင်းကောင်းကို ကြားခဲ့ရပြီဖြစ်ပြီး နှစ်ဦးစလုံးဟာ ဒူးဒဏ်ရာနဲ့ နောက်ကျောကနေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ နှစ်ဦးစလုံးဟာ အနည်းဆုံး ရာသီကြိုကာလရဲ့ အစိတ်အပိုင်းအချို့မှာ ပါဝင်ကစားပေးသွားတော့မှာဖြစ်ပြီး တိုမီယဆုက မတ်လက စပို့တင်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ပြီးနောက် လက်ကျန်ရာသီပွဲစဉ်တွေကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဆာလီဘာကလည်း အားလပ်ရက်ကနေ ပြန်လာတာနဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆိုသွားမှာဖြစ်ပြီး လာမယ့်လ ဂျာမနီက လေ့ကျင့်ရေးစခန်းမှာ ပါဝင်သွားမယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။ တိုမီယဆုနဲ့ ဆာလီဘာတို့ကို ရာသီကြိုလေ့ကျင့်ရေးမတိုင်ခင် ကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်အောင် လုပ်ဆောင်နေတဲ့ လီအန်ဒရို ထရော့ဆာ့ဒ်၊ မာတီနယ်လီတို့နဲ့အတူ စပိန်မှာ မြင်တွေ့ခဲ့ရပါတယ်။

-အာဆင်နယ်အသင်းဟာ ဒီကလန် ရိုက်စ်အတွက် ဝက်စ်ဟမ်းနဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် အင်္ဂလန်ကြယ်ပွင့်ဟာ ဂန်းနားဖြစ်လာဖို့ အနီးစပ်ဆုံးအခြေအနေမှာရှိနေပြီဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ဂရီးလစ်ရှ် မန်စီးတီးကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ နှစ်ဖက်စလုံးဟာ ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှု ရရှိထားပြီးဖြစ်တာကြောင့် သက်တောင့်သက်သာရှိနေကြပြီး အချိန်ယူပြီး အေးအေးဆေးဆေးလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုကတော့ ဝက်စ်ဟမ်းနဲ့ အာဆင်နယ်တို့ဟာ ပြောင်းရွှေ့ကြေးပေးချေမှု အချက်အလက်တွေနဲ့ပတ်သက်ပြီး လုပ်ဆောင်နေကြဆဲဖြစ်တာကြောင့် အပြောင်းအရွှေ့ကိစ္စက ငြိမ်နေတာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဝက်စ်ဟမ်းက ပေါင် ၁၀၅ သန်းကို ၁၈ လအတွင်း ပေးချေစေချင်ပေမယ့် ဂန်းနားတွေက ၄ နှစ်အရစ်ကျနဲ့ ကမ်းလှမ်းထားတာကြောင့် အနည်းငယ်အခက်တွေ့နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီကလန် ရိုက်စ်က အာဆင်နယ်အသင်းကစားသမားတစ်ဝက်လောက်ဖြစ်နေတာကြောင့် ငွေပေးချေမှု ကိစ္စလောက်နဲ့တော့ အပြောင်းအရွှေ့က နှောင့်နှေးနိုင်မှာမဟုတ်ဘူးလို့ သတင်းရင်းမြစ်တစ်ဦးက The Sun ကို ပြောဆိုခဲ့ပါတယ်။

-အိုင်းယက်စ်ကြယ်ပွင့် ယူရီယန် တင်းဘားကလည်း ယူရိုသန်း ၄၀ နဲ့ သဘောတူညီမှု ရရှိထားပြီးဖြစ်တာကြောင့် ဒီကလန် ရိုက်စ်ရဲ့ အပြောင်းအရွှေ့အပြီးမှာ အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာမယ်လို့ မျှော်မှန်းခြင်း ခံထားရပြီး ဂန်းနားတွေဟာ ယခုနွေရာသီမှာ ပေါင်သန်း ၂၀၀ အထိ သုံးစွဲတော့မှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ တင်းဘားနဲ့ သဘောတူညီမှု ရရှိခဲ့ပြီးနောက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီအဓိကပစ်မှတ်ဖြစ်ခဲ့တဲ့ ကိုင်ဆေဒိုကို ခေါ်ယူဖို့ အာရုံစိုက်လာပြီး ဘရိုက်တန်ကြယ်ပွင့်ဟာ ပုဂ္ဂိုလ်ရေးအရ ချဲလ်ဆီးနဲ့ သဘောတူညီမှု ရရှိထားတာကြောင့် ပြောင်းရွှေ့ကြေးကို ချဲလ်ဆီးနဲ့ ဘရိုက်တန်တို့က ဆွေးနွေးနေတာဖြစ်ပေမယ့်လည်း ဂန်းနားတွေရဲ့ စိတ်ဝင်စားမှု ပြန်လည်အသက်သွင်းခဲ့တာကို အီကွေဒေါကွင်းလယ်လူရဲ့ အေးဂျင့်က ကြိုဆိုတဲ့အနေနဲ့ ညှိနှိုင်းပေးဖို့ ကြိုးပမ်းလာတာကို တွေ့ရပါတယ်။

-အာဆင်နယ်လူငယ်ကြယ်ပွင့်လေး အီသန် နွာနယ်ရီဟာ ချဲလ်ဆီးနဲ့ မန်ချက်စတာစီးတီးတို့ဆီကနေ စိတ်ဝင်စားမှုကို ခံနေရပေမယ့်လည်း အမ်းမရိတ်စ်မှာ စာချုပ်သက်တမ်းတိုးဖို့ အလွန်နီးစပ်နေပြီဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် ကစားသမားဟာ မနက်ဖြန်မှာ အာဆင်နယ်နဲ့ ချုပ်ဆိုထားတဲ့ အကယ်ဒမီစာချုပ်ဟာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် အသင်းနဲ့ လမ်းခွဲတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ နွာနယ်ရီဟာ မတ်လ ၂၀၂၄ ခုနှစ်မှာ အသက် ၁၇ နှစ်ပြည့်တဲ့အချိန်မှသာ ပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုနိုင်မှာဖြစ်တာကြောင့် အာဆင်နယ်ဟာ ပညာတော်သင်စာချုပ် ချုပ်ဆိုသွားဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ပြောဆိုဆွေးနွေးမှုတွေဟာ မှန်ကန်တဲ့ ဦးတည်ချက်အတိုင်း သွားနေတယ်လို့ ဖက်ဘရီဇီယို ရိုမာနိုက ပြောကြားခဲ့ပါတယ်။ နာမည်ကျော် ဂျာနယ်လစ်က အာဆင်နယ်ဟာ ၎င်းတို့ရဲ့ အကယ်ဒမီကြယ်ပွင့်လေးကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် သဘောတူညီမှုရရှိဖို့ ကျိန်းသေသလောက်ရှိနေပြီဖြစ်ပြီး ချဲလ်ဆီးနဲ့ မန်စီးတီးတို့ရန်ကနေ ကာကွယ်နိုင်မယ်လို့ ယုံကြည်မှု မြင့်တက်လာနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet