အဓိကပစ်မှတ် ၂ ဦးစလုံးကို လာမယ့်ရက်ပိုင်းအတွင်း ခေါ်နိုင်ဖို့ သေချာနေတဲ့ အာဆင်နယ်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ
-အာဆင်နယ်အသင်းဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန် ရိုက်စ်နဲ့ ချဲလ်ဆီးကြယ်ပွင့် ခိုင် ဟာဗတ်ဇ်တို့ကို အပြီးသတ် ခေါ်ယူနိုင်မယ်လို့ အလွန်ယုံကြည်ချက်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဂန်းနားတွေဟာ အပြောင်းအရွှေ့စျေးကွက် အစောပိုင်းအဆင့်တွေမှာ အလွန်တက်ကြွလှုပ်ရှားနေတဲ့အသင်းတွေထဲက တစ်သင်းဖြစ်ခဲ့တာကြောင့် အဓိကပစ်မှတ် ၂ ဦးကို ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ ယုံကြည်နေကြောင်း Sky Germany က ဖော်ပြခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ရိုက်စ်အတွက် ပေါင်သန်း ၁၀၀ လောက် သုံးစွဲသွားရမှာဖြစ်ပေမယ့်လည်း လန်ဒန်ပြိုင်ဘက် ချဲလ်ဆီးအသင်းဆီကနေ ဟာဗတ်ဇ်ကိုလည်း ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပြီး ဂျာမန်ကြယ်ပွင့်က ဘိုင်ယန်၊ ရီးရဲလ်တို့နဲ့ သတင်းထွက်နေပေမယ့် အမ်းမရိတ်စ်ကို ပိုမိုပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။
-အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ ဖိုလာရင် ဘာလိုဂန်ကို ရောင်းချရမယ်ဆိုရင် ပြန်လည်ဝယ်ယူခွင့်ကို ထည့်သွင်းသွားချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး လူငယ်ကြယ်ပွင့်တိုက်စစ်မှူးဟာ နှစ်ပေါင်းများစွာ ဂန်းနားအကယ်ဒမီရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။ ဘာလိုဂန်ဟာ အာဆင်နယ်ရဲ့ အကောင်းဆုံးလူငယ်ပါရမီရှင်တွေထဲက တစ်ဦးဖြစ်ပေမယ့်လည်း ကံဆိုးစွာနဲ့ အာတီတာက ပထမအသင်း ပုံမှန်ပွဲကစားချိန် အာမခံနိုင်ခြင်းမရှိတာဖြစ်ပြီး ရလဒ်အနေနဲ့ ယခုနွေရာသီမှာ ရောင်းထုတ်ခံရနိုင်တယ်လို့ မျှော်မှန်းခြင်း ခံထားရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Express ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ၎င်းတို့ရဲ့ ကစားသမားကို အပြည့်အဝထိန်းချုပ်ခွင့်ပေးသွားဖို့ အဆင်သင့်မဖြစ်နေဘဲ ဘာလိုဂန်ဟာ ၂၀၂၁-၂၀၂၂ ရာသီ ဒုတိယပိုင်းမှာ မစ်ဒယ်ဘရော့နဲ့ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရပြီးနောက် ပြီးခဲ့တဲ့ရာသီ ရင်းမ်စ်မှာ အထင်ကြီးဖွယ်ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ကြောက်မက်ဖွယ်ကစားသမားလို့ သတ်မှတ်ခံခဲ့ရတဲ့ ဘာလိုဂန်ဟာ လိဂူးဝမ်းမှာ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် ရာသီကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီး သွင်းဂိုး ၂၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် ဒီနွေရာသီမှာ အသင်းအများအပြား အလိုရှိနေတဲ့ ကစားသမားဖြစ်လာတာဖြစ်ပါတယ်။ အာတီတာက ဘာလိုဂန်ကို ပုံမှန်ပွဲကစားချိန် အာမမခံနိုင်တာကြောင့် ဒီနွေရာသီမှာ စျေးကောင်းရရင် ရောင်းချမှာဖြစ်ပေမယ့်လည်း အီဒူးက ပြန်လည်ဝယ်ယူခွင့်ကို ထည့်သွင်းသွားဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
-နာမည်ကျော် ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုက အမ်းမရိတ်စ်မှာ ၁၀၀ ရာခိုင်နှုန်း သင့်တော်မယ့် ကစားသမားမျိုးဖြစ်မှသာ အာဆင်နယ်အသင်းက ခေါ်ယူမှု ပြုလုပ်လိမ့်မယ်လို့ ပြောကြားခဲ့ပြီး ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးကို ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပိုမို အရည်အသွေးကောင်းမွန်တဲ့လူစာရင်းပိုင်ဆိုင်ဖို့လိုအပ်တယ်လို့ ခံစားနေရမှာဖြစ်ပါတယ်။ ရိုမာနိုက အာဆင်နယ်ဟာ ကစားသမားကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ဖို့လိုတယ်လို့ ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီတုန်းက ရာဖင်ညာကို ခေါ်ယူဖို့ မအောင်မြင်ခဲ့ဘဲ နောက်ဆုံးမှာတော့ ဇန်နဝါရီလမှာ ထရော့ဆာ့ဒ်ကို ခေါ်ယူခဲ့တာကို ဥပမာပေးခဲ့ပါတယ်။ “အာဆင်နယ်အတွက် ဗျူဟာလမ်းကြောင်းက အမြဲတမ်း အရေးပါတယ်။ သူတို့တွေ ခေါ်နိုင်မယ်လို့ ၁၀၀ ရာခိုင်နှုန်း ယုံကြည်ရတဲ့ကစားသမားကို ခေါ်ယူသွားမှာပါ။ အဲဒီလိုမှမဟုတ်ရင် စောင့်ရတာကို ပိုပြီး နှစ်သက်ပါတယ်။ ဥပမာအားဖြင့် ရာဖင်ညာကိုပဲ ကြည့်လိုက်ပါ။ ပြီးခဲ့တဲ့နွေတုန်းက ရာဖင်ညာကို လိုချင်ခဲ့ပေမယ့်လည်း သူ့အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှုရဖို့ အခွင့်အရေးမရှိခဲ့ဘူး။ အဲဒီတော့ သူတို့တွေ ထရော့ဆာ့ဒ်ကို ခေါ်ယူဖို့ ဇန်နဝါရီလအထိ စောင့်ဆိုင်းခဲ့တယ်။ အဲဒီတော့ ဒါကြောင့်ပဲ အာဆင်နယ်အတွက်က သင့်တော်တဲ့နေရာမှာ သင့်တော်တဲ့ ကစားသမားတွေကို ရှာဖွေတွေ့ရှိဖို့က အရေးကြီးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
-အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်က စာချုပ်သစ်နဲ့ပတ်သက်ပြီး အသင်းနဲ့ စကားမပြောရသေးဘူးလို့ ပြောကြားခဲ့ပေမယ့်လည်း အမ်းမရိတ်စ်မှာ နေရတာ ပျော်ရွှင်နေပြီး ဆက်နေဖို့ မျှော်လင့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် အာဆင်နယ်မှာ အရမ်းပျော်ရွှင်နေပြီး ဒီမှာ အချိန်အကြာကြီး နေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နွေရာသီပြီးရင် စာချုပ်အခြေအနေကို ကြည့်ကြတာပေါ့။ ကျွန်တော် အာဆင်နယ်နဲ့ စကားမပြောခဲ့ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒါက ကျွန်တော်နဲ့ပဲ ဆိုင်တာမဟုတ်ပါဘူး။ အလျင်မလိုပါဘူး။ ကျွန်တော့်စာချုပ်က အဝေးကြီးကျန်ပါသေးတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဖက်ဘရီဇီယို ရိုမာနိုရဲ့ မကြာသေးမီက ဖော်ပြချက်အရ အော်ဒီဂွါဒ်ဟာ အာဆင်နယ်ရဲ့ နောက်ထပ် စာချုပ်သစ် ချုပ်ဆိုမယ့်ကစားသမားဖြစ်တာကြောင့် သိပ်မကြာခင်အချိန်အတွင်း ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အော်ဒီဂွါဒ်ရဲ့ လက်ရှိ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၅ ခုနှစ်အထိ သက်တမ်းကျန်ရှိနေသေးတာဖြစ်သလို ၂၀၂၆ ခုနှစ်အထိ တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်နေတာဖြစ်ပြီး ဂန်းနားတွေဟာ အဓိကကစားသမားတွေကို စာချုပ်သစ်တွေ ချုပ်ဆိုနေတာဖြစ်ပြီး ဆာလီဘာက စာချုပ်သစ် ချုပ်ဆိုဖို့ နောက်ဆုံး သဘောတူညီမှုရခဲ့တဲ့ ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Team News
- Transfer News