အာတီတာရဲ့ကစားသမားသစ်က အမ်းမရိတ်စ်မှာ ခြေမပေါ်နိုင်ဘူးဆိုတဲ့ စပါးစ်ကြယ်ပွင့်ဟောင်း
တော့တင်ဟမ်ဟော့စပါးကွင်းလယ်ကစားသမားဟောင်း ဂျေမီ အိုဟားရားက ချဲလ်ဆီးအသင်းကနေ ပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အာဆင်နယ်မှာ ခြေမပေါ်နိုင်ဘူးလို့ ယုံကြည်နေပါတယ်။
ဂျာမန်လက်ရွေးစင်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့လမှာ မြောက်လန်ဒန်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဂန်းနားတွေနဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဟာဗတ်ဇ်ဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၃ နှစ် အချိန်ကုန်ဆုံးခဲ့တာဖြစ်ပြီး မန်ချက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးအပါအဝင် ၁၃၉ ပွဲမှာ ၃၂ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာ သူရဲကောင်းဖြစ်ခဲ့ပေမယ့်လည်း ဟာဗတ်ဇ်ဟာ ချဲလ်ဆီးအသင်းမှာ ရှိနေခဲ့တဲ့ ကာလအတွင်း ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ လေဗာကူဆင်အသင်းကနေ ပေါင် ၇၁ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက်ပိုင်း အချိန်တော်တော်များများမှာ စိတ်ပျက်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။
အိုဟားရားက ဟာဗတ်ဇ်က ချဲလ်ဆီးအတွက် ကောင်းသင့်သလောက် မကောင်းမွန်ခဲ့ဘူးလို့ ပြောကြားခဲ့ပြီး အသက် ၂၄ နှစ်အရွယ်ကစားသမားအနေနဲ့ အာဆင်နယ်မှာလည်း ခြေမပေါ်နိုင်ဘူးလို့ မျှော်မှန်းထားတာဖြစ်ပါတယ်။
“ခိုင် ဟာဗတ်ဇ်က ဘာလဲ။ သူ့အနေနဲ့ ဂိုးပေါက်အကျယ်ကြီးတောင် မသွင်းနိုင်ဘူး။ သူက ချဲလ်ဆီးအတွက် ကောင်းသင့်သလောက် မကောင်းခဲ့ဘူး။ အဲဒီတော့ သူတို့ သူ့ကို ရောင်းထုတ်ပစ်ခဲ့တာပါ။ ကျွန်တော် ခင်ဗျားကို အခုပြောနေတာက ခိုင်ဟာဗတ်ဇ်က အာဆင်နယ်မှာ ခြေမပေါ်ဘဲ ဖြစ်နေလိမ့်မယ်။ ကျွန်တော်ကတော့ အလုပ်ဖြစ်မယ်လို့ မထင်ဘူး။ အာတီတာရဲ့ ပုံစံခွက်ထဲမှာလည်း အံဝင်မယ်လို့ မထင်ပါဘူး။ ”လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်က ခိုင် ဟာဗတ်ဇ်က အလွန်ကောင်းမွန်တဲ့ ခေါ်ယူမှုအဖြစ် ချီးကျူးခဲ့ပြီး ဂျာမနီလက်ရွေးစင်ကစားသမားက ချဲလ်ဆီးမှာကစားနေခဲ့ချိန်ကတည်းက နှစ်သက်သဘောကျခဲ့တယ်လို့ ဝန်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။
“အဲဒါက အရမ်းကောင်းတဲ့ ခေါ်ယူမှုပါ။ ခိုင်က အတွေ့အကြုံတွေလည်း အများကြီး ရှိနေပြီးသားပါ။ သူက အရမ်းငယ်ရွယ်သေးတဲ့အချိန်တုန်းကတောင် လေဗာကူဆင်မှာ အသင်းခေါင်းဆောင်ဖြစ်ခဲ့တာပါ။ သူက လက်ရွေးစင်ကစားသမားဖြစ်ပြီး ချန်ပီယံလိဂ်ဖလား ရရှိခဲ့သလို အရေးကြီးတဲ့ပွဲတွေမှာ ဂိုးသွင်းနိုင်ခဲ့တယ်။ သူက မတူညီတဲ့နေရာတွေမှာ ကစားနိုင်တယ်။ အဲဒါက အသင်းကို အကူအညီဖြစ်စေမှာပါ။ သူက အရပ်ရှည်တဲ့ကစားသမားလည်းဖြစ်ပြီး အဲဒါက ခေတ်သစ်ဘောလုံးလောကမှာ လျှော့မတွက်သင့်တဲ့ တည်ကန်ဘောအခြေအနေတွေမှာလည်း အကူအညီပေးနိုင်ပါတယ်။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Rivals' Talk
- Team News