အာဆင်နယ်ရဲ့ ရာသီကုန်ရပ်တည်မှုနဲ့ပတ်သက်ပြီး စကားများခဲ့ကြတဲ့ နဗီးနဲ့ ရွိုင် ကီးန် coyg

အာဆင်နယ်ရဲ့ ရာသီကုန်ရပ်တည်မှုနဲ့ပတ်သက်ပြီး စကားများခဲ့ကြတဲ့ နဗီးနဲ့ ရွိုင် ကီးန်

ဂယ်ရီ နဗီးနဲ့ ရွိုင် ကီးန်တို့ဟာ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခြင်းမရှိခဲ့ဘူးဆိုရင် ဂန်းနားတွေရဲ့ ရာသီက ဘယ်လိုဖြစ်လာမလဲဆိုတာကို အကဲဖြတ်ချိန်မှာ စကားများခဲ့ကြပါတယ်။

ဂန်းနားတွေဟာ တနင်္ဂနွေနေ့က ဝက်စ်ဟမ်းကို ၂-၂ သရေကျခဲ့တာကြောင့် ရာသီနောက်ဆုံးအပတ်တွေထဲကို ရောက်ရှိနေချိန်မှာ နောက်ထပ် ရမှတ်လျော့ကျခဲ့တာဖြစ်ပြီး တစ်ပွဲလျော့နေတဲ့ မန်ချက်စတာစီးတီးကို ၄ မှတ်သာ ဖြတ်ထားနိုင်တော့တာဖြစ်ပါတယ်။

လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးဟာ ၃ နှစ်ဆက်တိုက် ဆုဖလားအောင်မြင်မှု ရရှိဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ အထင်ကြီးဖွယ် နိုင်ပွဲတွေ ဆက်တိုက် ရရှိနေတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ရာသီမစတင်ခင်မှာ အထင်ကြီးဖွယ်အပြောင်းအရွှေ့တွေပြုလုပ်နိင်ခဲ့ပြီးနောက် ထိပ်ဆုံး ၄ နေရာအတွက် စိန်ခေါ်နိုင်မယ်လို့ မျှော်မှန်းခြင်းခံခဲ့ရပေမယ့်လည်း ရာသီကို အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့ပြီးနောက် ၁၉ နှစ်ကြာ စောင့်ဆိုင်းနေခဲ့ရတဲ့ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်လိမ့်မယ်လို့ မျှော်မှန်းခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ဂယ်ရီ နဗီးက အာဆင်နယ်အသင်းအနေနဲ့ ဒုတိယနေရာမှာ ရာသီပြီးဆုံးနိုင်ခဲ့ရင်တောင်မှ အာတီတာ လက်အောက်မှာ  အထင်ကြီးဖွယ်ရာသီကို ပိုင်ဆိုင်နိုင်ခဲ့မှုအဖြစ် ရှိနေဦးမှာဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ဒီဆုဖလားပြိုင်ပွဲက အမြဲတမ်း အန်းဖီးမှာ စတင်ခဲ့တယ်။ ပွဲစဉ်ဇယားကို ကြည့်လိုက်ပါ။ ဒါပေမယ့် သူတို့တွေ ရာသီအစတုန်းက ဒီလိုနေရာမှာ ရှိနေမယ်လို့ ထင်ထားခဲ့မှာမဟုတ်ပါဘူး။ အာဆင်နယ် ဒုတိယနေရာမှာ ရာသီပြီးဆုံးရင် မယုံနိုင်စရာရာသီ ဖြစ်နေဦးမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရွိုင် ကီးန်က ဂယ်ရီ နဗီးရဲ့ ပြောကြားချက်ကို သဘောမတူဘဲ “မဖြစ်နိုင်ဘူး။ သူတို့တွေက တစ်ရာသီလုံး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေခဲ့တာပါ။ အဲဒါက ဆိုးရွားတဲ့ ရာသီပဲ ဖြစ်လိမ့်မယ်။ သူတို့တွေ ဆုဖလားပြိုင်ပွဲအားလုံးက ထွက်ခဲ့ရတယ်။ ဒီအပတ်မှာ ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တယ်။ ဒီနေ့မှာလည်း ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တယ်။ အဲဒါက ကြီးမားတဲ့ စိတ်ပျက်စရာပါ”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဂယ်ရီ နဗီး၊ ရွိုင် ကီးန်တို့နဲ့အတူ Sky Sports ရဲ့ ထုတ်လွှင့်မှုမှာ ပါဝင်တင်ဆက်ခဲ့တဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဟက်ဆဲလ်ဘိန့်ခ်က ရွိုင် ကီးန်ရဲ့ ပြောဆိုမှုကို ထောက်ခံခဲ့တာဖြစ်ပြီး “အားလုံးက လာမယ့်နှစ်မှာ ပိုပြီးအားကောင်းလာမှာပါ။ သူတို့တွေ ဒီလိုအနေအထားမှာ ရှိနေနိုင်မှာမဟုတ်ပါဘူး။ ဒီရာသီ ဒုတိယနေရာမှာပဲ ရပ်တည်နိုင်ရင် အဲဒါက ကံဆိုးမိုးမှောင်ကျမှုဖြစ်ပါလိမ့်မယ်။”လို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားပြိုင်ပွဲတွေမှာ မန်စီးတီး၊ ဘရိုက်တန်တို့ကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရတာဖြစ်ပြီး ယူရိုပါလိဂ်ဖလားပြိုင်ပွဲမှာလည်း စုပို့တင်း လစ္စဘွန်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အာတီတာဟာ လက်ရှိမှာတော့ ၎င်းရဲ့ ငယ်ရွယ်တဲ့အသင်းဟာ ၂ ပွဲဆက်တိုက် သရေကျခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ၂ ပွဲစလုံးမှာ ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရတာ ဖြစ်ပါတယ်။

ရွိုင် ကီးန်က ပက် ဂွါဒီယိုလာရဲ့အသင်းက ရာသီနောက်ဆုံးအပတ်တွေမှာ အာဆင်နယ်ကို ကျော်ဖြတ်ဖို့အတွက် အကောင်းဆုံးခြေစွမ်းကို ရရှိနေပြီလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ “ကျွန်တော်ကတော့ သူတို့တွေရဲ့ အတွေ့အကြုံတွေကြောင့် မန်စီးတီးအဝတ်လဲခန်းထဲမှာပဲ ပိုရှိချင်ပါတယ်။ သူတို့တွေက အရင်တုန်းကလည်း ဒီလိုမျိုး ကြုံခဲ့ရဖူးပါတယ်။ သူတို့တွေမှာ တည်ငြိမ်မှုနဲ့ အတွေ့အကြုံရှိပါတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပြီး ဂယ်ရီ နဗီးကလည်း တစ်ရာသီလုံး ချန်ပီယံဖြစ်မယ့်အသင်းကို မေးလိုက်တိုင်း ဂွါဒီယိုလာရဲ့အသင်းကိုပဲ အားပေးထောက်ခံခဲ့တာဖြစ်ပါတယ်။

ဂန်းနားအသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်က နောက်ထပ် ရမှတ်လျော့ကျခဲ့ပြီးနောက် ဆုဖလားပြိုင်ပွဲအတွက် ဆက်လက်ပြီး အကြိတ်အနယ် ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့က အမှတ်ပေးဇယားထိပ်ဆုံးမှာပဲ ရှိနေသေးတာကြောင့် အရာအားလုံးက ကျွန်တော်တို့လက်ထဲမှာ ရှိနေသေးတယ်ဆိုတာကို အမှတ်ရရပါမယ်။ တူညီတဲ့ ခံယူချက်၊ တူညီတဲ့ စိတ်ဓာတ်နဲ့ လာမယ့်ပွဲကို အနိုင်ရအောင် လုပ်ဆောင်သွားမှာပါ”လို့ ပြောကြားသွားခဲ့ပါတယ်။

Arsenal Myanmar
Ref: Internet