အာဆင်နယ်မှာ ဒီကလန် ရိုက်ရင်ဆိုင်ရမယ့် ပြဿနာကို သတိပေးလိုက်တဲ့ ယူနိုက်တက်ဂန္တဝင်
ရီယို ဖာဒီနန်က ဒီကလန် ရိုက်စ်ဟာ အာဆင်နယ်အတွက် အလွန်ကောင်းမွန်တဲ့ ခေါ်ယူမှုဖြစ်လိမ့်မယ်လို့ ယုံကြည်နေပေမယ့်လည်း ဂန်းနားတွေနဲ့ အံဝင်အောင် ဘယ်လိုလုပ်မလဲဆိုတာနဲ့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးရဲ့ ဖိအားတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလားဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟာ အသင်း ၂ သင်းက ပေါင် ၁၀၅ သန်းတန် သဘောတူညီမှုအတွက် ပေးချေမှုပုံစံကို နောက်ဆုံးမှာ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ယခုအပတ်မှာ အာဆင်နယ်ကစားသမားအဖြစ် ထုတ်ဖော်မိတ်ဆက်ခြင်းခံရတော့မှာဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်းဟာ လာမယ့် ၂၄ လအတွင်း ပေါင်သန်း ၁၀၀ ကို ၃ ရစ် ခွဲပေးရမှာဖြစ်ပါတယ်။
ဖာဒီနန်က ဒီကလန် ရိုက်ရဲ့ အမာခံပရိသတ် ဖြစ်ပေမယ့်လည်း ဆုဖလားစိန်ခေါ်သူ အာဆင်နယ်အသင်းမှာ အင်္ဂလန်ကွင်းလယ်ကစားသမားအတွက် တောင်းဆိုမှုတွေက ရှိနေပြီးသားဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး ဝက်စ်ဟမ်းမှာတုန်းကနဲ့ ဘာမှမဆိုင်တော့တဲ့ အရာတွေကို ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးခဲ့တာဖြစ်ပါတယ်။
“တစ်ခါလေ ခင်ဗျားက ဝက်စ်ဟမ်းလိုမျိုး အသင်းမှာ ကစားနေတဲ့အခါမှာ အသင်းပြောင်းတာက နောက်ထပ်တစ်ဆင့်တက်တာပဲ။ ကျွန်တော်လည်း ဝက်စ်ဟမ်းကနေ ထွက်လာခဲ့ပြီး ကျွန်တော့်နှလုံးသားနဲ့ နီးစပ်တဲ့အသင်းကို မလေးမစားသဘောမျိုး ပြောတာမဟုတ်ပါဘူး။ ကျွန်တော်လည်း လိဒ်စ်ကို ပြောင်းတုန်းက အဲဒီလိုမျိုးပဲ မြင်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က စိန်ခေါ်နိုင်ဖို့ ကြိုးစားခဲ့ပြီး ခင်ဗျား အဲဒီကို(လိဒ်စ်)သွားပြီး အစုအဖွဲ့က ပိုပြီးကောင်းမွန်တဲ့ အဆင့်အတန်းနဲ့ ကစားသမားတွေပါ။ ပတ်ဝန်းကျင်ကလည်း လိဂ်မှာ ဆက်ရှိနေဖို့ထက် ဆုဖလားတွေ ပိုမိုအနိုင်ရဖို့ ကြိုးပမ်းနေတဲ့ နေရာဖြစ်နေတယ်”
“ဝက်စ်ဟမ်းက အခုဆိုရင် လိဂ်မှာဆက်ရှိနေဖို့ပဲ ကစားနေရတဲ့ကလပ်အသင်းမဟုတ်တော့ပေမယ့် နည်းနည်းတော့ ကွာခြားပါတယ်။ ဒီကလန် ရိုက်က ဝက်စ်ဟမ်းမှာရှိနေရတာကို သဘောကျခဲ့လိမ့်မယ်။ ဒါပေမယ့် ကွာခြားချက်က သူဟာ လိဂ်ဖလားအတွက် စိန်ခေါ်တော့မယ့်အသင်းကို ပြောင်းရွှေ့ရတော့မှာပါ။ သူတို့တွေ ရနိုင်တဲ့ ဖလားတွေအားလုံးကို စိန်ခေါ်ဖို့အတွက် လုပ်နေတဲ့အသင်းပါ။ ယှဉ်ပြိုင်ရုံလောက်ပဲ လုပ်နေတဲ့အသင်းမဟုတ်ပါဘူး။ ဒါက ကွာခြားချက်ဖြစ်လာလိမ့်မယ်လို့ ထင်တယ်။ ကျွန်တော်တို့ အခု မြင်ဖို့လိုတဲ့အရာက သူက အဲဒီအဆင့်အတန်းကို တက်နိုင်မှာလား။ အခုအချိန်မှာ သူ့အပေါ်မှာ ထားရှိတဲ့ မျှော်မှန်းချက်တွေက ကွာခြားသွားပြီ။ သူ့အပေါ် တောင်းဆိုမှုတွေက ကွာခြားသွားပြီ။ ဝက်စ်ဟမ်းမှာတုန်းက သူ လုပ်နေခဲ့တာတွေထက် အာဆင်နယ်ရှပ်နဲ့ သူ လုပ်ဖို့ တောင်းဆိုတာတွေက ပိုများကောင်းများလာနိုင်တယ်”
“အရာအားလုံးက မတူညီတော့ဘူး။ သူ ကစားတဲ့ အဆင့်အတန်းရောပဲ။ သူ နားရက် မရနိုင်တော့ဘူး။ အရင်တုန်းကလည်း နားရက်မရှိခဲ့ပေမယ့် ပြောချင်တာက အများကြီးပိုပြီး အာရုံစိုက်ခံရတော့မယ်။ အများကြီးပိုပြီး ပြင်းထန်တဲ့ အကဲဖြတ်မှုတွေ ခံရတော့မယ်။ အများကြီး ပိုပြီး စောင့်ကြည့်ခံရတော့မယ်။ အပတ်တိုင်းပါပဲ။ ခင်ဗျား ဘယ်နေရာသွားသွား ခင်ဗျားကို ဗျင်းချင်နေကြမှာပါ။ အဲဒါက သူ စွန့်ခွာခဲ့တဲ့အသင်းနဲ့ အရမ်းကို ကွဲပြားခြားနားပြီး အာဆင်နယ်နဲ့ဆို သူ အဲဒီလိုဖြစ်လာတော့မှာပါ။ နောက်ထပ် မတူညီတဲ့ အရာတွေက သူ အသားကျအောင် လုပ်ရမှာဖြစ်ပြီး ဘယ်လောက်မြန်မြန်အသားကျနိုင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းလာမှာပါ။ ကျွန်တော်ကတော့ သူ အသားကျမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိ မြန်မြန် လုပ်နိုင်မှာလဲပေါ့။ သူ ချက်ချင်း အာဆင်နယ်အသင်းကို ရောက်တာနဲ့ ခြေစွမ်းတွေ တန်းပြပြီး အကျိုးသက်ရောက်မှု ပြသနိုင်မှာလား။ ဒါမှမဟုတ် အချိန်ယူရဦးမှာလား”
“ပြဿနာက ဘာလဲတော့ ခင်ဗျားက ပေါင်သန်း ၁၀၀ ကျော် ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးရှင်ဖြစ်နေတာပဲ။ တစ်ခါတုန်းက ကျွန်တော်ဖြစ်ခဲ့ဖူးသလိုပေါ့။ ခင်ဗျား အချိန်ရမှာမဟုတ်ဘူး။ ခင်ဗျားနည်းနည်းလေးတောင် အီလေးဆွဲနေလို့ မရဘူး။ ခင်ဗျား ဒါက အသင်းသစ်၊ နည်းပြသစ်၊ နည်းဗျူဟာသစ်၊ သူ့ကို အချိန်နည်းနည်းတော့ ပေးရဦးမှာပေါ့ဆိုပြီး ပြောလို့မရဘူး။ နားထောင်။ ဒီကလန်လည်း အဲဒါကို သိနေမှာပဲ။ ချက်ချင်း အရာအားလုံးက အဆင်ပြေပြေ မဖြစ်လာဘူးဆိုရင် သူ့ကို ဆော်မယ့်ကောင်တွေက အဆင်သင့်စောင့်နေတယ်။ အဲဒီတော့ ဒါက မတူညီတဲ့ ဖိအားဖြစ်ပြီး သူ ဘယ်တုန်းကမှ အဲဒီဖိအားမျိုး မကြုံခဲ့ဖူဘူး။ သူ့အတွက် နောက်ထပ် ကွဲပြားခြားနားမယ့်အရာတွေလည်း ရှိသေးတယ်။ ဒါပေမယ့် သူက နှစ်ပေါင်းများစွာ အသင်းမှာ အကျိုးသက်ရောက်မှု ပြသနိုင်လိမ့်မယ်ဆိုတာကို ကျွန်တော် သံသယမရှိပါဘူး။ သူက တစ်ချိန်ကျရင် အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင်တောင် ဖြစ်လာနိုင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Rivals' Talk
- Team News