အာဆင်နယ်ဘုတ်အဖွဲ့နဲ့ အရေးကြီးတဲ့စာချုပ်ကို ဆွေးနွေးနေတဲ့ အာတီတာ
နောက်ဆုံးသတင်းတွေရဲ့ ဖော်ပြချက်အရ အာဆင်နယ်နည်းပြ အာတီတာဟာ ၎င်းရဲ့ စာချုပ်ကို အသစ်ချုပ်ဆိုဖို့ ဘုတ်အဖွဲ့နဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Football Transfers ရဲ့ ဖော်ပြချက်အရ အာတီတာနဲ့ အာဆင်နယ်တို့ဟာ မကြာသေးမီက စာချုပ်အတွက် ပြောဆိုဆွေးနွေးခဲ့ကြတာဖြစ်ပြီး စပိန်လူမျိုးနည်းပြရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၅ ခုနှစ်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်း တာဝန်ရှိသူတွေဟာ အာတီတာကို ၂၀၂၈ ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေစေမယ့် စာချုပ်သစ်ကို ကမ်းလှမ်းသွားချင်နေတယ်လို့ သိရပြီး ဘုတ်အဖွဲ့က စပိန်လူမျိုးနည်းပြဟာ အသင်းကို ဆက်လက် တိုးတက်အောင် လုပ်ပေးနိုင်မယ့်သူလို့ ယုံကြည်နေတာဖြစ်ပါတယ်။
ဒါကြောင့် အာတီတာကို စာချုပ်သစ်နဲ့ ဆုချသွားချင်နေတာဖြစ်ပြီး အာဆင်နယ်ဟာ ဇူလိုင်လလယ် ရာသီကြိုကာလမတိုင်ခင် စာချုပ်သစ်အတွက် သဘောတူညီမှု ရရှိအောင် ဆွေးနွေးညှိနှိုင်းမှုကို အပြီးသတ်နိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။
တစ်ပတ်လုပ်ခလစာ ပေါင် ၁၆၀၀၀၀ ရရှိနေတဲ့ အာတီတာဟာ ယခုရာသီမှာ အာဆင်နယ်အသင်းကို အံ့အားသင့်ဖွယ် ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး အမှတ်ပေးဇယားဒုတိယနေရာမှာ ရာသီပြီးဆုံးနိုင်အောင် စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်နောက်ပိုင်း အာဆင်နယ်အသင်းဟာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပြီဖြစ်ပြီး ရက်ပေါင်း ၂၀၀ ကျော် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပေမယ့်လည်း ရာသီနှောင်းပိုင်းမှာ အဓိကကစားသမားတွေ ဒဏ်ရာရရှိမှုကြောင့် ခြေချော်သွားခဲ့တာဖြစ်ပါတယ်။
အာတီတာဟာ အာဆင်နယ်ကို ထိပ်ဆုံး ၄ နေရာ မဝင်နိုင်တဲ့အသင်းကနေ အမှတ်ပေးဖလားစိန်ခေါ်နိုင်တဲ့အသင်းအဖြစ် ပြုပြင်ပြောင်းလဲပေးနိုင်ခဲ့တာကြောင့် စာချုပ်သစ် ကမ်းလှမ်းခြင်း ခံရတာ အံ့အားသင့်စရာတော့မဟုတ်တော့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အသင်းအတွက် ကောင်းကောင်း စွမ်းဆောင်ပေးနိုင်တဲ့ အာတီတာနဲ့ ကာလရှည် စီမံကိန်းကို လုပ်ဆောင်သွားချင်နေတာဖြစ်ပြီး လာမယ့် ၅ နှစ်အတွင်းမှာ အသင်းကို ပြီးပြည့်စုံအောင် တည်ဆောက်ပေးဖို့ စပိန်လူမျိုးနည်းပြကို ဆက်လက်ထိန်းသိမ်းသွားဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။
အသင်းမှာ ငယ်ရွယ်တဲ့ လူစာရင်းရှိပြီးသားဖြစ်သလို ကမ္ဘာ့အဆင့် အလားအလာရှိတဲ့ ကစားသမားတွေအများကြီးရှိနေတာကြောင့် အပြောင်းအရွှေ့အပေါ်မှာ အာရုံစိုက်နိုင်မှာဖြစ်ပြီး အသင်းမှာ အရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့တစ်စုံတရာ ရှိနေတာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet