အာဆင်နယ်နဲ့ဘရိုက်တန်ပွဲအတွက် ဟောကိန်းထုတ်ရာမှာ သဘောထားကွဲလွဲခဲ့တဲ့ ဆပ်တန်နဲ့ မာဆန်
အာဆင်နယ်အသင်းဟာ ယခုရာသီ နောက်ဆုံး လက်ကျန် ၃ ပွဲအတွက် ပြင်ဆင်နေပြီဖြစ်ပြီး ဒီ ၃ ပွဲစလုံးကို အနိုင်ရအောင် ကစားနိုင်မှသာ ယခုလကုန်မှာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်မယ့် အသေးငယ်ဆုံးအခွင့်အရေးကို မျှော်လင့်နိုင်မယ်ဆိုတာကို သိနေတာဖြစ်ပါတယ်။
ပထမဆုံး ကစားရမယ့်ပွဲစဉ်ကတော့ ရောဘတ်တို ဒီဇာဘီလက်အောက်မှာ အထင်ကြီးဖွယ် စွမ်းဆောင်ရည်ပြသနေတဲ့ ဘရိုက်တန်နဲ့ဖြစ်ပြီး စင်ရော်တွေဟာ ပြီးခဲ့တဲ့အပတ်က အဲဗာတန်ကို ၅-၁ နဲ့ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့မှုကို တုံ့ပြန်ချင်နေတဲ့အပြင် ဥရောပဝင်ခွင့်အတွက်လည်း ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
ဂန်းနားတွေဟာ ဘရိုက်တန်ရဲ့ မျှော်လင့်ချက်ကို ငြင်းပယ်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းက အာဆင်နယ်ထက် ၂ နာရီခွဲ စောကစားသွားမှာဖြစ်တာကြောင့် အာတီတာရဲ့အသင်းက ပွဲမတိုင်ခင်ကတည်းက ရလဒ်ကို သိရှိနေကြမှာဖြစ်ပါတယ်။
အာဆင်နယ်နဲ့ ဘရိုက်တန်အသင်းတို့ရဲ့ ပွဲစဉ်ဟာ ပွဲပြီးဝီစီမှုတ်ချိန်မှာ ဘာတွေဖြစ်မလဲဆိုတာကို အတပ်ပြောဖို့ ခက်ခဲတဲ့ပွဲစဉ်ဖြစ်ပြီး ဘောလုံးဝေဖန်သူတွေဟာ နောက်ဆုံးရလဒ်ကို ဟောကိန်းထုတ်ခဲ့ကြရာမှာ ခရစ္စ ဆပ်တန်နဲ့ ပေါလ် မာဆန်တို့က အမြင်မတူခဲ့ကြတာ ဖြစ်ပါတယ်။
ခရစ္စ ဆပ်တန်
ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ခရစ္စ ဆပ်တန်က ဒီပွဲဟာ အပြန်အလှန် ဖွင့်ကစားမယ့်ပွဲဖြစ်ဖို့များတယ်လို့ ယုံကြည်နေပြီး ပွဲကြည့်ပရိသတ်တွေ တစ်ပွဲလုံး ထိုင်ခုံမှာမထိုင်နိုင်အောင် လှုပ်ရှားမှုတွေ ပြည့်နှက်နေမယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။
“အိမ်ကွင်းမှာ အဲဗာတန်ကို ၅-၁ နဲ့ ရှုံးတာက ဘရိုက်တန်ရဲ့ ယုံကြည်မှုကို လဲပြိုသွားနိုင်တယ်လို့ ခင်ဗျား ထင်လိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီလိုဖြစ်မယ်လို့ မထင်ဘူး။ ရောဘတ်တို ဒီဇာဘီရဲ့အသင်းက တူညီတဲ့ပုံစံအတိုင်း ဆက်ကစားပြီး အာဆင်နယ်နဲ့ ပွဲမှာ ပိုလို့တောင် ပျော်ရွှင်စရာတွေ ရနိုင်ပါတယ်။ အာတီတာက သာမန်ထက် ပိုသတိထားပြီး နောက်ပြန်ဆုတ်မယ်လို့ မထင်ပါဘူး။ သူ အဲဒီလို မလုပ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အမ်းမရိတ်စ်ကွင်းက အာဆင်နယ်ဖြစ်နေလို့ပါ။ ဒီတော့ ကျွန်တော်ကတော့ ဒီပွဲက ဖွင့်ကစားမယ်။ ဂိုးများမယ်။ ရမှတ် ခွဲယူရမယ့်ဘက်က နေပါတယ်”
ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၂-၂ ဘရိုက်တန်)
ပေါလ် မာဆန်
အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်ကတော့ ခရစ္စ ဆပ်တန်ရဲ့ စကားကို သဘောမတူဘဲ အာဆင်နယ်က ဒီရာသီ လက်ကျန် ၃ ပွဲစလုံးကို အနိုင်ကစားသွားလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
“အာဆင်နယ်က နယူးကာဆယ်နဲ့ပွဲမှာ ထူးချွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တယ်။ သူတို့တွေ ဒီကနေစပြီး ပွဲစဉ်အားလုံးကို အနိုင်ကစားသွားမယ်လို့ ထင်ပေမယ့်လည်း လိဂ်ဖလားကို အနိုင်မရဖို့တော့ များနေပါတယ်”
ပေါလ် မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၁ ဘရိုက်တန်)
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Pre Match Talks
- Team News