ဗီယာရာထုတ်ခံရမှုနဲ့ ပတ်သတ်ပြီး အာဆင်နယ်အကြောင်းမတွေးထားဘူးဆိုတဲ့ ဂွါဒီယိုလာနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ
-မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာက ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ နည်းပြ ပက်ထရစ် ဗီယာရာကို ထုတ်ပယ်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း ပြင်သစ်လူမျိုးနည်းပြအတွက် ကိုယ်ချင်းစာကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက် ၄၆ နှစ်အရွယ် ဂန်းနားဂန္တဝင်ကွင်းလယ်ကစားသမားဟောင်းဟာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်ခင် သောကြာနေ့နံနက်မှာ ရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ပဲလေ့စ်ဟာ အဲဗာတန်အသင်း နည်းပြရှောင်ဒိုက်ချ်ရဲ့ ပထမဆုံးပွဲစဉ်မှာ အာဆင်နယ်ကို အနိုင်ရရှိခဲ့တဲ့အတိုင်း နည်းပြသစ်နဲ့ နိုင်ပွဲအရသာကို မြည်းစမ်းနိုင်ဖို့ မျှော်လင့်နေပေမယ့်လည်း ဂွါဒီယိုလာက ဗီယာရာရဲ့ ထုတ်ပယ်ခံရမှုက ခရစ္စတယ် ပဲလေ့စ်ရဲ့ ခြေစွမ်းကို ချက်ချင်းတိုးတက်မှုရှိလာစေမလားဆိုတာ မသေချာဘူးလို့ သူ့ရဲ့ ထင်မြင်ချက်ကို ပေးခဲ့ပါတယ်။
“ကျွန်တော် ပက်ထရစ် ဗီယာရာအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော် ဘာကြောင့်လဲဆိုတဲ့အကြောင်းအရင်းကို မသိပါဘူ။ ဒါပေမယ့် အခွင့်အလမ်းသစ်တွေက နေရာတိုင်းမှာ စောင့်ဆိုင်းနေပါတယ်။ ဒါပေမယ့် ဒီထုတ်ပယ်မှုက အာဆင်နယ်နဲ့ ကစားရမယ့် သူတို့ရဲ့ ပွဲစဉ်မှာ ဘယ်လို အကျိုးသက်ရောက်မှုရှိမလဲဆိုတာ ကျွန်တော် တွေးတောင်မတွေးမိပါဘူး။”လို့ ဂွါဒီယိုလာက
ပြောကြားခဲ့ပေမယ့် ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ဘက် အာဆင်နယ်အနေနဲ့ နည်းပြသစ်နဲ့ ပွဲထွက်လာတဲ့ အသင်းတွေကို ရှုံးနိမ့်လေ့ရှိခဲ့တဲ့ အစဥ်အလာဆိုးကို အတွေးထဲရှိနေလို့သာ ဂန်းနားပွဲအကြောင်း မဆီမဆိုင်ထည့်ပြောသွားတာလို့ ထင်မြင်ယူဆရပါတယ်။
-အာဆင်နယ်အသင်းဟာ ကျော်ကြားတဲ့ ဒူးခွဲစိတ်ပါရဂူ အန်ဒီ ဝီလီယံစ်နဲ့ ပုံမှန်အလုပ်လုပ်ခဲ့ပြီး ဂျေးဇု ဒူးဒဏ်ရာအတွက် ခွဲစိတ်ကုသမှု အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒူးဒဏ်ရာခွဲစိတ်ကုသမှုကနေ ပြန်လည်သက်သာလာဖို့က ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတင်သာမကဘဲ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုလည်း ဖြစ်ခဲ့ပြီး အာဆင်နယ်ရဲ့ ခန္ဓာဗေဒကျွမ်းကျင်သူတွေဟာ ဂျေးဇုနဲ့ အနီးကပ် အလုပ်လုပ်ခဲ့ပြီး ပထမဆုံးရက်အနည်းငယ်မှာ အနာဂတ်အကြောင်း ဘာမှပြောဆိုမှုမရှိခဲ့ဘဲ ဂန်းနားကြယ်ပွင့်ကို ပေးခဲ့တဲ့ ရိုးရှင်းတဲ့ သတင်းစကားက နည်းပြအာတီတာရဲ့ ယခုရာသီကို ချဉ်းကပ်ပုံနဲ့ တူညီတဲ့ တစ်ကြိမ်ကို တစ်လှမ်းပဲ လှမ်းဆိုတဲ့စကားဖြစ်ပါတယ်။
ဂျေးဇုဟာ ဖြစ်ပျက်ခဲ့တာတွေကို ချေဖျက်နိုင်ဖို့ ရက်အနည်းငယ်လိုအပ်ခဲ့ပေမယ့် ၅ ရက်လောက်အကြာမှာတော့ အကောင်းမြင်စိတ်တွေ ပြည့်နှက်လာခဲ့ပြီး ၎င်းရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို ပြိုင်ဘက်ဂိုးရှေ့မှာ ပြသခဲ့တဲ့ တူညီတဲ့ ပြင်းထန်မှုနဲ့အတူ တိုက်ခိုက်ပြီး တတ်နိုင်သမျှ မြန်မြန် ပြန်ကစားဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်လို့ The Telegraph က ဖော်ပြခဲ့ပါတယ်။ ဆေးအဖွဲ့ ၁၂ ရက် ပစ်မှတ်သတ်မှတ်မယ်ဆိုရင် ဂျေးဇုက ၁၀ ရက်နဲ့ ဖြစ်အောင် ကြိုးပမ်းသွားတာဖြစ်ပြီး ၃ ပတ်လို့ ပြောရင် ၂ ပတ်ခွဲအတွင်း လုပ်နိုင်ဖို့ ကြိုးပမ်းသွားခဲ့တာဖြစ်ပါတယ်။
-အာဆင်နယ်အသင်းဟာ အိုဇေးလ်ရဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်တဲ့ မန်စီးတီးကွင်းလယ်လူ ဂန်ဒိုဝမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အာတီတာဟာ ပြီးခဲ့တဲ့နွေရာသီမှာ အစ်တီဟတ်က ကစားသမားအများအပြားကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး ဂျေးဇုနဲ့ ဇင်ချန်ကိုတို့ဟာ ယခုရာသီ ဂန်းနားတွေ ဇယားထိပ်ဆုံးမှာ ရပ်တည်နိင်နေရတဲ့ အကြီးမားဆုံးအကြောင်းအရင်းတွေထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ ဒီကစားသမားခေါ်ယူမှု ၂ ခု အောင်မြင်ခဲ့ပြီးနောက် အာတီတာက နောက်ထပ်မန်စီးတီးကြယ်ပွင့်တစ်ဦးကို ခေါ်ယူချင်နေပြီး ဒီတစ်ကြိမ်မှာတော့ အလွတ်နဲ့ ခေါ်ယူမှာ ဖြစ်ပါတယ်။ ဂန်ဒိုဝမ်ဟာ လက်ရှိအချိန်အထိ မန်စီးတီးရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့သူဖြစ်ပြီး ဂျာမနီကွင်းလယ်ကစားသမားဟာ စီးတီးအတွက် ပွဲ ၂၉၀ ပါဝင်ကစားပေးခဲ့ရာမှာ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂန်ဒိုဝမ်ဟာ ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဂျာမန်ကွင်းလယ်လူရဲ့ တောင်းဆိုမှုကြောင့် စာချုပ်သစ် ဆွေးနွေးမှုတွေ ရပ်တန့်ခဲ့တယ်လို့ SPORT က ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ဂန်ဒိုဝမ်ကို ခေါ်ယူချင်တဲ့အခြားအသင်းတွေအတွက် တံခါးပွင့်လာခဲ့ပြီဖြစ်ပြီး အာဆင်နယ်နဲ့ ဘာစီလိုနာတို့ ၂ သင်းစလုံးဟာ အသက် ၃၂ နှစ်အရွယ် ကွင်းလယ်ကစားသမားကို ယခုနွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအကြပ်အတည်းတွေနဲ့ ဆက်လက်ရင်ဆိုင်နေရတာကြောင့် ဂန်းနားတွေကပဲ ခေါ်ယူသွားနိုင်ဖို့ များနေပြီး ဂန်ဒိုဝမ်ဟာ အာဆင်နယ်ဂန္တဝင် အိုဇေးလ်နဲ့ ၈ နှစ်ကြာ လက်ရွေးစင်အသင်းမှာ အတူတူ တွဲကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်းဖြစ်သလို ကွင်းပြင်ပမှာလည်း အရမ်းချစ်တဲ့သူငယ်ချင်းတွေလို့ သိရပါတယ်။ ဂန်ဒိုဝမ် မန်စီးတီးကို ပြောင်းရွှေ့လာပြီးနောက် တစ်နှစ်အကြာ ၂၀၁၇ ခုနှစ်တုန်းက အိုဇေးလ်နဲ့ပုံကို တင်ပြီး “မင်းက ကွင်းထဲမှာတင် ကြီးကျယ်ခမ်းနားတာမဟုတ်ဘဲ သစ္စာရှိပြီး ဂရုစိုက်တတ်တဲ့သူငယ်ချင်းအဖြစ်နဲ့လည်း ကြီးကျယ်ခမ်းနားတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ အိုဇေးလ်ရဲ့ အာဆင်နယ်က အချိန်တွေက ဝမ်းနည်းစရာပုံစံနဲ့ အဆုံးသတ်ခဲ့ရပေမယ့်လည်း ဂန်ဒိုဝမ်က အမ်းမရိတ်စ်မှာ ၎င်းရဲ့ ကိုယ်ပိုင်ဇာတ်လမ်းကို အလွယ်တကူရေးသားနိုင်မှာဖြစ်ပြီး အီဒူးအတွက်လည်း ဂျာမန်ကွင်းလယ်လူက အလွတ်နဲ့ ခေါ်ယူနိုင်မယ့် ကောင်းမွန်တဲ့ အပြောင်းအရွှေ့ဖြစ်နေတာက ဆွဲဆောင်မှုတစ်ခုဖြစ်နေတာဖြစ်ပါတယ်။
-အာဆင်နယ်ဂန္တဝင် လီ ဒစ်ဆင်က ဂန်းနားတွေဟာ တခြားကစားသမားတွေကို ခေါ်ယူဖို့ ကြိုးပမ်းနေချိန်မှာ ဒီကလန် ရိုက်စ်ကို စိတ်ဝင်စားမှုကို အယောင်ပြထားတာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ဒစ်ဆင်က မြောက်လန်ဒန်ကလပ်အသင်းရဲ့ ရိုက်စ်အပေါ် စိတ်ဝင်စားမှုက အစစ်အမှန်မဟုတ်ဘဲ အဲဒီအစား ကိုင်ဆေဒိုလို တခြားကစားသမားတွေကို လျှို့ဝှက်ပစ်မှတ်ထားနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ် ။
”အာဆင်နယ်က ပေါင်သန်း ၁၀၀ ပေးလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး။ ဒီကလန် ရိုက်စ်က ပွင့်ပွင့်လင်းလင်းပြောရရင် ပေါင်သန်း ၁၀၀ လည်း မတန်ပါဘူး။ ဝက်စ်ဟမ်းက အဲဒီထက်တောင် ပိုပြီးတော့ လိုချင်နေတယ်လို့ ကျွန်တော် ထင်တယ်။ အာဆင်နယ်က ဘယ်သူ့ကို ခေါ်ဖို့ ကြိုးပမ်းနေလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သူတို့တွေ အခုအချိန်အထိ လူခေါ်ခဲ့တဲ့ပုံစံအရဆိုရင် သူတို့မှာ တခြားရွေးချယ်စရာရှိမယ်လို့ ကျွန်တော် ပြောရမှာပါ။ အဲဒါက ရိုက်စ်ကို နည်းနည်း အယောင်ပြထားတဲ့ပုံဖြစ်ပြီး တကယ်စိတ်ဝင်စားနေတာမဟုတ်ပါဘူ။ သူက တကယ်ကောင်းတဲ့ ကစားသမားလို့ ထင်ပေမယ့် သူက လာမယ့်ရာသီ အာဆင်နယ်မှာရှိနေမယ်လို့ မယုံကြည်ပါဘူး။ ကျွန်တော် ကိုင်ဆေဒိုကို နှစ်သက်တယ်။ ဘရိုက်တန်အသင်းက သူတို့ရောင်းလိုက်တဲ့ကစားသမားအတွက် အစားထိုးခေါ်ယူမှုပြုလုပ်နေတာတွေနဲ့ပတ်သက်တဲ့ ပုံစံက အရမ်းကောင်းတယ်။ ကျွန်တော်က ဘရိုက်တန်ကို အရမ်းနှစ်သက်သဘောကျသူဖြစ်ပြီး ကိုင်ဆေဒိုက အာဆင်နယ်မှာ လုံးဝ အံဝင်မယ်လို့ ထင်တယ်။ သူက တကယ်ကောင်းတဲ့ကစားသမားလို့လည်း ကျွန်တော် ထင်တယ်”လို့ ပြောကြားခဲ့ပါတယ်။
-အာဆင်နယ်အသင်းဟာ လာမယ့် ၄၈ နာရီအတွင်း တနင်္ဂနွေနေ့ ပဲလေ့စ်နဲ့ပွဲမှာ ဆာလီဘာ ပါဝင်ကစားပေးနိုင်မလားဆိုတာကို အကဲဖြတ်သွားမှာဖြစ်တယ်လို့ Football.london က ဖော်ပြခဲ့ပြီး တိုမီယဆုကလည်း ၉ မိနစ်မှာပဲ လူစားလဲလှယ်ခဲ့ရပြီးနောက် အာတီတာက ဂျပန်နောက်ခံလူရဲ့ ဒဏ်ရာက ပြင်းထန်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂန်းနားတွေဟာ တနင်္ဂနွေနေ့ပွဲစဉ်မှာ အန်ကီးတီးယားမပါဝင်ဘဲ ကစားသွားရမှာဖြစ်ပြီး သတင်းကောင်းကတော့ ထရော့ဆာ့ဒ်၊ ဇင်ချန်ကို၊ ဂါဘရီယဲလ်တို့အားလုံးဟာ စပို့တင်းနဲ့ပွဲမှာ ဒဏ်ရာရခဲ့ပုံပေါ်ပေမယ့် ပဲလေ့စ်နဲ့ပွဲအတွက် ကြံ့ခိုင်မှုရှိနေတယ်လို့ သိရပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
Arsenal Myanmar
Ref: Internet