အာဆင်နယ်နဲ့ပတ်သက်ပြီး မှားခဲ့တယ်လို့ ဝန်ခံပေမယ့် ဖလားရမယ်လို့ မထင်သေးတဲ့ နဗီး
ဂယ်ရီ နဗီးဟာ မန်ချက်စတာစီးတီးအသင်းကို ပရီးမီးယားလိဂ်ဖလားရရှိလိမ့်မယ်လို့ ထောက်ခံနေဆဲဖြစ်ပေမယ့်လည်း အမှတ်ပေးဇယားကို အချိန်ကြာမြင့်စွာ ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ပတ်သက်ပြီး မှားယွင်းခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ဟာ ပရီးမီးယားလိဂ်ဖလားအတွက် ဆက်လက် တိုက်ပွဲဝင်နေကြဆဲဖြစ်ပြီး မန်ချက်စတာစီးတီးရဲ့ လီဗာပူးလ်ကို ၄-၁ နဲ့ အထင်ကြီးဖွယ် အနိုင်ရရှိမှုအပြီးမှာ ဂန်းနားတွေကလည်း လိဒ်စ်ကို တူညီတဲ့ဂိုးရလဒ်အတိုင်းပဲ တစ်နေ့တည်းမှာ အနိုင်ယူခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ယခုရာသီတစ်ခုလုံး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို သိမ်းပိုက်ထားခဲ့တာဖြစ်ပြီး လက်ရှိမှာ ၉ ပွဲသာ ကစားဖို့ ကျန်တော့ချိန်မှာ ဒုတိယနေရာက မန်ချက်စတာစီးတီးကို ၈ မှတ်ဖြတ်ထားတာဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ လာမယ့်အပတ် လီဗာပူးလ်အိမ်ကွင်း အန်းဖီးကို ခက်ခဲကြမ်းတမ်းတဲ့ ခရီးစဉ်အဖြစ် သွားရောက်ရင်ဆိုင်ပြီးရင် အစ်တီဟတ်မှာ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ရဖို့ ရှိနေသေးတာဖြစ်ပါတယ်။
Sky Sports ဘောလုံးဝေဖန်သုံးသပ်သူ ဂယ်ရီ နဗီးက တစ်ရာသီလုံး အတွေ့အကြုံမရှိတဲ့ ဂန်းနားတွေ ခြေချော်ပြီး မန်ချက်စတာစီးတီးက အမှတ်ပေးဖလားချန်ပီယံဖြစ်မယ်လို့ ထောက်ခံခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ ၅၀-၅၀ ဖြစ်နေပြီလို့ ဝန်ခံခဲ့ပေမယ့်လည်း လာမယ့် တနင်္ဂနွေနေ့ အန်းဖီးကပွဲစဉ်ဟာ ဂန်းနားတွေရဲ့ ဆုဖလားမျှော်လင့်ချက်အတွက် အဓိကသော့ချက်ဖြစ်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“အခုက ၅၀-၅၀ ပဲ။ ကျွန်တော့်စိတ်က လွန်ခဲ့တဲ့ ၆ ပတ်၊ ၈ ပတ်လောက်တုန်းက မန်စီးတီးပဲ ဖလားရသွားမယ်လို့ သေချာနေခဲ့တာပါ။ အာဆင်နယ်က ရမှတ်တွေအများကြီး လျော့ကျပြီး အခုသူတို့ရှိနေတဲ့နေရာမှာ ရှိနေမှာမဟုတ်ဘူးလို့ ထင်ခဲ့ပါတယ်။ အခုတော့ ၅၀-၅၀ ပဲလို့ ထင်တယ်။ ကျွန်တော် လီဗာပူးလ်နဲ့ပွဲအပေါ်မှာ အရာအားလုံး ဆုံးဖြတ်သွားမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ နည်းပြက ဒီနှစ် အန်းဖီးမှာ မင်း အနိုင်ရခဲ့ရင် လိဂ်ဖလားကိုလည်း အနိုင်ရလိမ့်မယ်လို့ ပြောနေကျပါ။ မကြာခဏလည်း အဲဒီအတိုင်း ဖြစ်ခဲ့ပါတယ်။ တကယ်လို့ အာဆင်နယ်သာ အန်းဖီးကိုသွားပြီး အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ်ဖလားက ကျိန်းသေပေါက် သူတို့ဖလားပဲလို့ ကျွန်တော် ပြောရပါလိမ့်မယ်။ အဲဒီကနေ ရလာမယ့် ယုံကြည်ချက်က မယုံနိင်စရာကောင်းပါတယ်။ အန်းဖီးက သွားဖို့ ကြောက်စရာကောင်းတဲ့ နေရာပါ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News