အာဆင်နယ်ကို ပြောင်းရတဲ့အကြောင်းကို ထုတ်ပြောလိုက်တဲ့ ရိုက်
ဒီကလန် ရိုက်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တာဟာ ဘယ်အရာက တွန်းအားပေးခဲ့တာလဲဆိုတာကို ရှင်းလင်းထားတဲ့ နှုတ်ဆက်စာကို ဝက်စ်ဟမ်းအသင်းပရိသတ်တွေဆီ ပေးပို့ခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ရဲ့ ဗြိတိန်စံချိန်တင်အပြောင်းအရွှေ့ဟာ ယနေ့မှာ တရားဝင် အတည်ပြုလိုက်ပြီဖြစ်ပြီး အာဆင်နယ်အသင်းက တရားဝင် ကြေညာသွားဖို့သာ ကျန်တော့တာဖြစ်ပါတယ်။
အာတီတာက အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားကို နံပါတ် ၁ နွေရာသီအပြောင်းအရွှေ့ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပြီး အချိန်အတော်ကြာ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဂန်းနားတွေဟာ ပေါင် ၁၀၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။
ဒီကလန် ရိုက်ကို ရောင်းချလိုက်မှုက ဝက်စ်ဟမ်းအသင်းကို ခေါင်းဆောင်မှု ပေးနိုင်တဲ့ ခေါင်းဆောင်တစ်ဦး ဆုံးရှုံးလိုက်ရမှုဖြစ်တာကြောင့် ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိလာမှာဖြစ်ပြီး ပရိုကစားသမားဘဝတလျှောက်လုံး ကစားခဲ့တဲ့အသင်းကို စွန့်ခွာခဲ့ရတဲ့ အသက် ၂၄ နှစ်အရွယ်ကစားသမားအတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။
ဒီကလန် ရိုက်ကို မန်ချက်စတာစီးတီးအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့်လည်း အင်္ဂလန်ကွင်းလယ်ကစားသမားက အာဆင်နယ်နဲ့သာ လက်တွဲချင်ခဲ့တာကြောင့် ဂွါဒီယိုလာရဲ့အသင်းက လက်လျှော့သွားခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ၆ နှစ်ကြာ ဝေးကွာခဲ့ပြီးနောက် ယခုလာမယ့်ရာသီမှာ ပြန်လည်ပါဝင်ကစားခွင့်ရတော့မယ့် ဂန်းနားတွေရဲ့ တန်ခိုးပြန်ထွားလာမှုက ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ရတဲ့နောက်ကွယ်က ကြီးမားတဲ့ အချက်တစ်ချက်ဖြစ်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော့်ရဲ့ နောက်ဆုံး ကျေးဇူးတင်စကားက ခင်ဗျားတို့ကို မဖြစ်မနေ ပြောရမှာပါ ပရိသတ်တွေရေ။ သစ္စာရှိမှု၊ စိတ်ဆန္ဒပြင်းပြမှု၊ စစ်မှန်မှု၊ တစ်ခါတလေမှာ ရယ်စရာကောင်းပြီး သွားလေရာနေရာတိုင်းမှာ ကြီးကျယ်ခမ်းနားခဲ့တဲ့ အမြဲတမ်း ရိုးသားခဲ့တဲ့ ဟမ်းမားတွေပါ။ ခင်ဗျားတို့ရဲ့ နှလုံးသားထဲကို ကျွန်တော့်ကို ထည့်ပြီး ပထမဆုံးနေ့ကတည်းက ခင်ဗျားတို့ထဲက တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြတယ်။ ယူ-၁၈၊ ယူ-၂၁ ပွဲစဉ်တွေမှာ လက်တစ်ဆုပ်စာ ပရိသတ်တွေလောက်ပဲ ရှိခဲ့တဲ့အချိန်မှာတောင်မှ အဲဒီချစ်ခြင်းကို ကျွန်တော် ခံစားခဲ့ရတယ်။ အဲဒါက နှစ်တွေ ကုန်ဆုံးလာတိုင်း ပိုပြီး ကြီးထွားလာခဲ့တယ်”
“ခင်ဗျားတို့ရှေ့မှာ ကစားရတာက ဂုဏ်ယူစရာကောင်းခဲ့ပြီး ကျွန်တော်တို့ အတူတူ အရမ်းကောင်းမွန်တဲ့အချိန်တွေကို ပိုင်ဆိုင်ခဲ့ကြတယ်။ ခင်ဗျားတို့အားလုံးက ကျွန်တော့်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ကျွန်တော် ချစ်မြတ်နိုးပြီး အရမ်းတန်ဖိုးထားရတဲ့ ဒီလိုပတ်ဝန်းကျင်ကို စွန့်ခွာဖို့ ဆုံးဖြတ်ရတာ ဘယ်လောက်တောင် ခက်ခဲလဲဆိုတာကို ခင်ဗျားတို့ကို သိစေချင်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ အမြင့်မားဆုံးပြိုင်ပွဲတွေမှာ ကစားချင်တဲ့ ကျွန်တော့်ရဲ့ ရည်မှန်းချက်နောက်ကိုပဲ လိုက်ခဲ့ပါတယ်။ ဝက်စ်ဟမ်းနဲ့ ပထမဆုံးအကြိမ် ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ကစားရမှာက တော်တော်လေးကို ထူးဆန်းနေမှာပါ”
“ကျွန်တော် ဘယ်လိုခံစားနေရမလဲဆိုတာကို အသေအချာမသိသေးပါဘူး။ ဒါပေမယ့် ခင်ဗျားတို့အားလုံး ကျွန်တော့်အသင်းသစ်နဲ့ အခုရှိနေတာကို နားလည်မယ်ဆိုတာ ကျွန်တော်သိပြီး ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ပီသတဲ့ သစ္စာရှိမှုကို လေးစားမှုရှိကြမယ်ဆိုတာ ယုံပါတယ်။ ကျွန်တော် အသင်းရှပ်ကို ဝတ်ဆင်ခဲ့တဲ့အချိန်တိုင်း ၁၀၀ ရာခိုင်နှုန်း ပေးဆပ်သွားမှာပါ။ ဘာလို့လဲဆိုတော့ ဒါက ဝက်စ်ဟမ်းမှာ ကျွန်တော့်ကို ဒီလိုကြီးပြင်းလာခဲ့ရလို့ပါ။ ခင်ဗျား ကျန်တာတခြားဘာမှ မျှော်လင့်မှာမဟုတ်ဘူးဆိုတာ ကျွန်တော် သေချာတယ်။ ဒါပေမယ့်လည်း အဲဒါက ခင်ဗျားတို့အပေါ်မှာထားတဲ့ ကျွန်တော့်ရဲ့ အချစ်နဲ့ လေးစားမှုတွေက လျော့ပါးသွားတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒီအသင်းနဲ့ ဒီပရိသတ်တွေက ကျွန်တော် ဘယ်သူလဲဆိုတာရဲ့ အစိတ်အပိုင်းအဖြစ် တသက်လုံးရှိနေမှာဖြစ်ပြီး နှလုံးသားထဲမှာလည်း အမြဲတမ်းရှိနေမှာမို့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Players' Talk
- Team News
- Transfer News