အာဆင်နယ်ကို ပိုကောင်းအောင် လုပ်ပေးမယ့်ကစားသမားကြောင့် စိုးရိမ်နေတဲ့ စပါးစ်ဂန္တဝင်နဲ့ နောက်ဆုံးရဂန်းနားသတင်းများ
-အာဆင်နယ်နောက်ခံလူ ဇင်ချန်ကိုဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းက အာဆင်နယ်နည်းပြရာထူးအတွက် မန်စီးတီးကို အာတီတာစွန့်ခွာသွားခဲ့တဲ့အချိန်တုန်းက မျက်ရည်ကျခဲ့မိတယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။ ဇင်ချန်ကိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ စီးတီးကနေ ပြောင်းရွှေ့လာပြီးကတည်းက ထူးခြားတဲ့ခြေစွမ်းပြသနေခဲ့သူဖြစ်ပြီး အဲဒီလို လုပ်ပြနိုင်နေတာဟာ နည်းပြ အာတီတာနဲ့ ကြီးကြီးမားမား သက်ဆိုင်နေတာဖြစ်ပါတယ်။ စပိန်လူမျိုးနည်းပြကလည်း လွန်ခဲ့တဲ့ ၃ နှစ်တုန်းက အလားတူ အပြောင်းအရွှေ့ကို ပြုလုပ်ခဲ့တာဖြစ်ပြီး အမ်းမရိတ်စ်က နည်းပြရာထူးအတွက် ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြရာထူးကို စွန့်လွှတ်ခဲ့တာ ဖြစ်ပါတယ်။
ဇင်ချန်ကိုနဲ့ အာတီတာတို့ဟာ အစ်တီဟတ်မှာ အတူတူအလုပ်လုပ်ခဲ့ချိန်ကတည်းက တော်တော်လေး ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တာကြောင့် စပိန်လူမျိုးနည်းပြက စိန်ခေါ်မှုအသစ်ကို လက်ခံဖို့ အသင်းကနေ ထွက်တော့မှာကို သိခဲ့ရပြီးနောက် မျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့ရတာဖြစ်ပါတယ်။ “မီခေး စီးတီးကို စွန့်ခွာသွားတုန်းက ကျွန်တော် မှတ်မိသေးတယ်။ ကျွန်တော့် စိတ်ခံစားမှုကို မထိန်းနိုင်ခဲ့ဘူး။ ကျွန်တော် စိတ်မထိန်းနိင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဒီလူက ကျွန်တော့်အတွက် အရမ်းကို ထူးခြားလို့ပါ။ သူ ကျွန်တော့်ကို အများကြီး သင်ပေးခဲ့တယ်။
လူသားတစ်ယောက်အဖြစ်နဲ့ သူက မယုံနိုင်စရာကောင်းခဲ့တယ်။ ကျွန်တော်တို့ လူငယ်ကစားသမားတွေနဲ့ သူ အလုပ်လုပ်တဲ့ပုံစံက မယုံနိုင်စရာကောင်းခဲ့တယ်။ လေ့ကျင့်ရေးအစီအစဉ်တစ်ခုပြီးတိုင်း သူက အားလုံးကို အကြံပေးတယ်။ အဲဒါက ကျွန်တော့်အတွက် မယုံနိုင်လောက်အောင် အရေးပါခဲ့တဲ့အရာပါ။ ကျွန်တော့်အနီးအနားက လူတွေကို ပြောခဲ့တယ်။ တစ်နေ့ စီးတီးကို စွန့်ခွာခဲ့ပြီး ပရီးမီးယားလိဂ်မှာပဲ ဆက်နေသွားမယ်ဆိုရင် အလုပ်အတူတူတွဲလုပ်မယ့်သူက အာတီတာပဲ ဖြစ်လိမ့်မယ်ဆိုတာပါ။”လို့ ပြောကြားခဲ့ပါတယ်။
-အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ ပထမအသင်း ကစားသမား ၇ ဦးအထိ ရောင်းထုတ်သွားမှာဖြစ်ပြီး နီကိုလာ ပေပေကလည်း အဲဒီထဲမှာ တစ်ဦးအပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ နိစ်အသင်းဟာ ယခုရာသီကုန်မှာ ပေပေကို အပြီးသတ်ခေါ်ယူဖို့ ပြင်ဆင်နေပြီး ကစားသမားကလည်း အမ်းမရိတ်စ်ကို ပြန်မလာချင်တော့ဘူးလို့ သိရပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ ၂၀၂၃-၂၀၂၄ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားတွေအတွက် ငွေကြေးတစ်စုံတရာရရှိဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပြီး ပေပေဟာ လက်ရှိမှာ အငှားချထားပြီး အပြီးသတ်ထွက်ခွာနိုင်တဲ့ ကစားသမား ၇ ဦးထဲက တစ်ဦးဖြစ်ပါတယ်။ လိုကွန်ဂါ၊ မိတ်လန်း-နိုင်းစ်၊ ဆီးဒရစ်တို့ဟာ ပရီးမီးယားလိဂ်မှာ အငှားနဲ့ထွက်ကစားနေတာဖြစ်ပြီး နူနို တာဗာရက်စ်၊ ရူနာဆန်၊ ပါဘလို မာရီတို့တော့ ပြည်ပကို အငှားထွက်ကစားနေတာဖြစ်ပါတယ်။
-မန်ချက်စတာယူနိုက်တက်နဲ့ စပါးစ်ဂန္တဝင် တက်ဒီ ရှယ်ရင်ဟမ်က ဒီကလန် ရိုက်စ်ကို နွေရာသီထိပ်တန်းပစ်မှတ်အဖြစ် အာဆင်နယ်အသင်းက သတ်မှတ်ထားတာက မှန်တယ်လို့ ယုံကြည်နေပါတယ်။ ရှယ်ရင်ဟမ်က ဒီကလန် ရိုက်စ်ဟာ ဘယ်လိုအသင်းမျိုးကိုမဆို မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိနေတာဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားအနေနဲ့ အဓိကဆုဖလားတွေအတွက်စိန်ခေါ်နိင်စွမ်းရှိပြီးသားဖြစ်တဲ့ အာဆင်နယ်အပေါ် အကျိုးသက်ရောက်မှု ရှိလာမှာကို စိုးရိမ်နေတာဖြစ်ပါတယ်။
”ခင်ဗျား သူ့ကို တခြား ထိပ်တန်းကစားသမားတွေနဲ့ ရင်ဆိုင်ရာမှာ အားကိုးလို့ရတယ်။ ပြီးပြည့်စုံတဲ့ ကွင်းလယ်ကစားသမားက ခံစစ်ကစားနိုင်တယ်။ ဖျက်ထုတ်နိုင်တယ်။ ရှေ့တန်းကို ပြေးလွှားနိုင်သလို ဂိုးတွေလည်း သွင်းနိုင်တယ်။ ခင်ဗျား ဒီကလန်ရဲ့ပွဲစဉ်ထဲမှာ သွင်းဂိုးတွေကိုလည်း ထပ်ဖြည့်နိုင်တယ်။ အများကြီးဟုတ်ချင်မှဟုတ်လိမ့်မယ်။ ဒီကလန် ရိုက်စ်ရဲ့ ပွဲစဉ်ထဲမှာ အခုအချိန်မှာ သူ ရရှိထားတဲ့ သွင်းဂိုး ၆ ဂိုး ဒါမှမဟုတ် ၇ ဂိုးလောက်ကို ထပ်ထည့်လိုက်ရင် ခင်ဗျားက ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်အကြောင်း ပြောနေတာ သေချာပေါက်ပဲ။ သူ ဘယ်နေရာကိုသွားသွား သွားတဲ့အသင်းကို ပိုကောင်းတဲ့အသင်းဖြစ်လာအောင် လုပ်ပေးသွားမှာပါ။
မန်ချက်စတာယူနိုက်တက်က အဲဒီအခန်းကဏ္ဍမှာ ကာစီမီရို ရှိနေတာကြောင့် သူတို့တွေ ဒီကလန် ရိုက်စ်ကို မလိုလောက်ပါဘူး။ ဒါပေမယ့် သူက အာဆင်နယ်ကို ပိုကောင်းတဲ့အသင်းဖြစ်လာအောင် ကျိန်းသေပေါက်လုပ်ပေးလိမ့်မယ်။ ကျွန်တော် အဲဒီလို ပြောရတာမနှစ်သက်ဘူး။ ဒါပေမယ့် သူတို့တွေက ဒီရာသီမှာ ကောင်းသင့်သလောက် ကောင်းပြီးသားဖြစ်ပြီး အဲဒီကို ဒီကလန် သွားတာ မမြင်ချင်ဘူး။ ဘာလို့လဲဆိုတော့ သူက သူတို့ကို ပိုကောင်းတဲ့အသင်းဖြစ်အောင် လုပ်ပေးမှာမို့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။
-အာဆင်နယ်အသင်းရဲ့ ဇန်နဝါရီကစားသမားခေါ်ယူမှုဖြစ်တဲ့ ထရော့ဆာ့ဒ်က အမ်းမရိတ်စ်မှာ ဆုဖလားတွေ ရရှိချင်တဲ့ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ဂန်းနားတွေဆီ ပြောင်းရွှေ့ခဲ့မှုနဲ့ ရည်မှန်းချက်ကို ဖွင့်ဟခဲ့ပါတယ်။ “ကျွန်တော် အခု ဆုဖလားတွေ အနိုင်ရရှိချင်နေတာ သိသာပါတယ်။ ကျွန်တော့်ကစားသမားဘဝ အခုလို အဆင့်မှာ ကျွန်တော် ဖြစ်ချင်ခဲ့တဲ့ပုံစံအတိုင်း တည်ဆောက်နိုင်ခဲ့ပြီလို့ ထင်တယ်။ ဒါပေမယ့် ကျွန်တော် နောက်ထပ် တစ်ဆင့်တက်ချင်ခဲ့တဲ့အချိန်တိုင်း ဒီအသင်းက ကျွန်တော့်အတွက် လက်ရှိမှာ ထိပ်တန်းကလပ်အသင်းဖြစ်ပြီး အခု ဆုဖလားတွေကို ရယူဖို့ ကျွန်တော် အဆင်သင့်ပါပဲ။
ကျွန်တော့်ကို အာဆင်နယ်က စိတ်ဝင်စားနေတယ်ဆိုတာကို စကြားခဲ့တဲ့အချိန်တုန်းက ကျွန်တော် ဒီကို ဒီကို အရမ်းလာချင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ထိပ်တန်းကလပ်ဖြစ်နေလို့ပါ။ အာဆင်နယ်က ကျွန်တော် မရောက်လာခင်ကတည်းက ကောင်းကောင်း လုပ်နေတယ်ဆိုတာ သိသာပါတယ်။ ဒီအသင်းကို ကြည့်ပြီး ကျွန်တော် ဒီရာသီမှာ တစ်ခုခုတော့ အောင်မြင်မှု ရနိုင်တယ်ဆိုတာကို သိခဲ့တယ် ။
ကျွန်တော် နည်းပြနဲ့လည်း စကားကောင်းကောင်း ပြောခဲ့တယ်။ သူက ကျွန်တော့်ကို ဒီလာချင်စိတ် ပိုပြင်းပြလာအောင် လုပ်ခဲ့ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် တကယ်ကို လွယ်ကူတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။ သူတို့တွေက ကျွန်တော့်ကို အမြဲတမ်း အမြင့်မားဆုံးအဆင့်မှာပဲ မြင်တွေ့ချင်ခဲ့ကြတာဖြစ်ပြီး ကျွန်တော့်အတွက်တော့ အဆုံးမှာ လွယ်ကူတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet