အသင်းဖော်ဟောင်းရဲ့ကစားသမားဘဝကို ကယ်တင်နိုင်မယ့် ရက်ရောတဲ့အလှူကို ပြုလုပ်ခဲ့တဲ့ ရမ်းစ်ဒေးလ်
အာဆင်နယ်ဂိုးသမား ရမ်းစ်ဒေးလ်ဟာ အသင်းဖော်ဟောင်းရဲ့ ကစားသမားဘဝကို ကယ်တင်မယ့် ခွဲစိတ်ကုသမှု ပြုလုပ်နိုင်အောင် ရက်ရောတဲ့ ငွေကြေးလှူဒါန်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရှက်ဖီးယူနိုက်တက်၊ ချက်စတာဖီးတို့မှာ ရမ်းစ်ဒေးလ်နဲ့ အတူတူ ကစားခဲ့ဖူးတဲ့ ကွန်နာ ဒီမိုင်ယိုဟာ လိဂ်မရှိတဲ့အသင်းဖြစ်တဲ့ မတ်လော့ခ် တောင်းအသင်းအတွက် မတ်လမှာ ကစားပေးခဲ့တဲ့ပွဲစဉ်အတွင်း ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး ဒူးရွတ်အရှေ့ပိုင်း စုတ်ပြဲသွားခဲ့သလို အလယ်အရွတ်နဲ့ ဘေးဖက်အရွတ်တွေလည်း ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ဒီမိင်ယိုဟာ ၎င်းရဲ့ ကစားသမားဘဝကို အသက်ဆက်နိုင်ဖို့အတွက် မြန်နိုင်သမျှ မြန်မြန် ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်နေတာဖြစ်ပေမယ့်လည်း NHS မှာ ခွဲစိတ်ကုသမှုခံယူဖို့ စောင့်ဆိုင်းနေရမှုကြောင့် ခွဲစိတ်ကုသမှု မခံယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် အသက် ၂၇ နှစ်အရွယ်ကွင်းလယ်ကစားသမားဟာ ပြင်ပအထူးကုဆေးရုံမှာ ခွဲစိတ်ကုသမှု ပြုလုပ်ဖို့အတွက် ရန်ပုံငွေ ပေါင် ၆၀၀၀ ရရှိအောင် အလှူခံခဲ့ပြီး ဒီမိုင်ယိုရဲ့ ခွဲစိတ်ကုသမှုအတွက် ၆၁၇၅ ပေါင် ရရှိခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်က ၎င်းရဲ့ အသင်းဖော်ဟောင်း သတ်မှတ်ထားတဲ့ ရန်ပုံငွေပမာဏ ရရှိအောင် ပေါင် ၁၀၀၀ ရက်ရက်ရောရော လှူဒါန်းခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ ၅၇၁၀ ပေါင်အထိ ရောက်ရှိခဲ့တာဖြစ်ပြီး ဂန်းနားဂိုးသမားက လှူဒါန်းမှုအပြီးမှာ ဒီမိုင်ယိုကို ဂန္တဝင်လို့ ခေါ်ဝေါ်ခဲ့တာဖြစ်ပါတယ်။
“မင်းက ဒီအခွင့်အရေးနဲ့ ထိုက်တန်ပါတယ်။”လို့ အင်္ဂလန်ဂိုးသမားက ရေးသားခဲ့ပြီး မတ်လော့ခ်အသင်းဟာ ရမ်းစ်ဒေးလ်ရဲ့ ရက်ရောမှုကြောင့် ဝမ်းသာပီတိဖြစ်ခဲ့ရပြီး “အာဆင်နယ် ကျောနံပါတ် ၁ က မယုံနိုင်စရာ လှူဒါန်းမှု ပြုလုပ်လာပါတယ်။ ကျွန်တော်တို့ အာရွန်ကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး”လို့ တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။
ချက်စတာဖီးမှာ မွေးဖွားခဲ့တဲ့ ဒီမိုင်ယိုဟာ အိုင်ယာလန်ယူ-၂၁ အသင်းအတွက် ကိုယ်စားပြု ကစားပေးခဲ့သူဖြစ်ပြီး ရှက်ဖီးယူနိုက်တက် လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်ကတော့ စတုတ်အွန်ထရန့်မှာ မွေးဖွားခဲ့ပြီး ဒီမိုင်ယို အကယ်ဒမီကနေ ထွက်ပြီးသိပ်မကြာခင် ၂၀၁၃ ခုနှစ်မှာ ဘော်လ်တန်ကနေ ရှက်ဖီးယူနိုက်တက်အကယ်ဒမီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
ဒီမိုင်ယိုဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ ချက်စတာဖီးကို ပြောင်းရွှေ့ခဲ့ပြီးနောက် ၁၁ လအကြာမှာ ရမ်းစ်ဒေးလ်က ဘုန်းမောက်အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဒီကစားသမား ၂ ဦးဟာ ရမ်းစ်ဒေးလ်က ချက်စတာဖီးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီမှာ အငှားနဲ့ ပြောင်းရွှေ့ချိန်မှာ ပြန်လည်ဆုံစည်းခဲ့ကြတာဖြစ်ပြီး အဲဒီရာသီမှာ လိဂ် ၂ ကနေ တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ်။
ရမ်းစ်ဒေးလ်ဟာ ၂၀၁၉-၂၀၂၀ ရာသီမှာ ဘုန်းမောက်ပွဲထွက်လူစာရင်းထဲမှာ ပါဝင်ခွင့်မရခင် ဝင်ဘယ်ဒန်မှာ အငှားနဲ့ အချိန်ကုန်ဆုံးခဲ့ပြီး ဘုန်းမောက်အသင်း ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရပြီးနောက်ပိုင်း ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ ဘရာမောလ် လိန်းကို ပေါင် ၁၈.၅ သန်းနဲ့ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ရမ်းစ်ဒေးလ်ဟာ ရှက်ဖီးယူနိုက်တက်နဲ့ ထပ်မံတန်းဆင်းပြီး ၄ နှစ်အတွင်း တတိယအကြိမ် တန်းဆင်းခဲ့ရပြီးနောက် အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့ပြီး ဂန်းနားတွေရဲ့ ပထမဦးစားပေးဂိုးသမားအဖြစ် သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet