အင်္ဂလန်နဲ့ပွဲမတိုင်ခင် ကွင်းထဲမှာ သူငယ်ချင်း မရှိဘူးလို့ ဝန်ခံလိုက်တဲ့ ဇင်ကြီး
ယနေ့ည အင်္ဂလန်နဲ့ ကစားရမယ့် ပွဲစဉ်ဟာ ယူကရိန်းအသင်းရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ ပထမဆုံးပွဲစဉ်ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်ခြင်းခံရပြီးနောက်ပိုင်း စစ်ပွဲ ဆက်လက် ဖြစ်ပွားနေချိန်အတွင်း ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ မန်စီးတီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တဲ့ ဇင်ချန်ကိုဟာ လက်ရွေးစင်အသင်းဖော်တွေပြသခဲ့တဲ့ စည်းလုံးညီညွတ်မှုနဲ့ တစ်နိုင်ငံလုံးရဲ့ အားပေးထောက်ခံမှုကို အသိအမှတ်ပြု ချီးကျူးခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် သူတို့အားလုံးကို အရမ်းချစ်ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ ကွင်းထဲမှာ သူငယ်ချင်းဆိုတာ မရှိပါဘူး။ အဲဒီတော့ မနက်ဖြန်(ယနေ့)ဘာဖြစ်မလဲ ကြည့်တာပေါ့။ ဘူကာယိုက ကျွန်တော့်ကို ပွဲထွက်လူစာရင်း မပေးသေးပေမယ့် ကျွန်တော်ကတော့ တတ်နိုင်သလောက် တွန်းအားပေးသွားမှာပါ။ ကျွန်တော် သူတီု့အားလုံး(အသင်းဖော်တွေ)ဆီကနေ အားပေးထောက်ခံမှုတွေ အများကြီးရပါတယ်။ အဲဒါကို ကျွန်တော် ကျေးဇူးတင်မိပါတယ်။”
“ကျွန်တော်တို့ ယူကရိန်းနိုင်ငံသားတွေအတွက်၊ နိုင်ငံအတွက်၊ ဒီမှာနေထိုင်နေတဲ့ ဒုက္ခသည်တွေအတွက် ယူကေက အားပေးထောက်ခံမှုတွေအတွက်လည်း ကျေးဇူးအများကြီးတင်တယ်ဆိုတာကို ပြောချင်ပါတယ်။ အဲဒါက ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ ခင်ဗျားတို့ရဲ့ အားပေးထောက်ခံမှုမရှိရင် အရမ်း ခက်ခဲပြီး ကြမ်းတမ်းမှာပါ။ ကျွန်တော်တို့ အဲဒါကို တကယ်ကို အသိအမှတ်ပြု လေးစားပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ စစ်ပွဲရဲ့ အကျိုးဆက်ကို မခံရတဲ့သူတစ်ယောက်မှ မရှိပါဘူး။”
‘အကြမ်းဖက်သမားတွေက ကျွန်တော်တို့ နိုင်ငံကို ကျူးကျော်ဝင်ရောက်ခဲ့တာ ၃၉၇ ရက်ရှိပြီဖြစ်ပြီး ကျွန်တော် ဒီ ၃၉၇ ရက်စလုံးကို အိပ်မက်ဆိုးလို့ပဲ ခေါ်ချင်ပါတယ်။ ယူကရိန်းက လူတိုင်းဟာ တစ်စုံတရာကို ဆုံးရှုံးခဲ့ရတယ်။ အိမ်လည်းဖြစ်ချင်ဖြစ်မယ်။ အလုပ်လည်း ဖြစ်ချင်ဖြစ်မယ်။ ပိုင်ဆိုင်မှုတွေလည်း ဖြစ်ချင်ဖြစ်မယ်။ အားလုံးက အဲဒီအချိန်ကတည်းက လုံးဝကို ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒါတော့ သေချာတယ်။”
အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲကို ယူရို ၂၀၂၀ ချန်ပီယံ အီတလီအသင်းကို ၂-၁ နဲ့ အနိုင်ယူပြီး အထင်ကြီးဖွယ် စတင်နိုင်ခဲ့တာဖြစ်ပြီး ဇင်ချန်ကိုက “ကျွန်တော်တို့ အင်္ဂလန်အသင်းရဲ့ အားသာချက်ကို သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသသွားရမှာဖြစ်ပြီး ကျွန်တော်တို့ ဘဝရဲ့ အကောင်းဆုံးပွဲကို ကစားသွားရမှာပါ။ ကျွန်တော်တို့ နိုင်ငံအတွက်နဲ့ ဒီပွဲကို ကြည့်ရှုကြမယ့်လူတိုင်းအတွက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး အဲဒါက ကြီးမားတဲ့ တာဝန်တစ်ခုပါ။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Players' Talk