ဝေဖန်မှုတွေကို တုံ့ပြန်ပြီး ဘရိုက်တန်ရဲ့ဂိုးကို ရှင်းပြခဲ့တဲ့ ခီဗီယော coyg

ဝေဖန်မှုတွေကို တုံ့ပြန်ပြီး ဘရိုက်တန်ရဲ့ဂိုးကို ရှင်းပြခဲ့တဲ့ ခီဗီယော

အာဆင်နယ်နောက်ခံလူ ခီဗီယောက တနင်္ဂနွေနေ့ အမ်းမရိတ်စ်မှာ ဘရိုက်တန်အသင်း ရရှိသွားခဲ့တဲ့ အဖွင့်ဂိုးက ၎င်းရဲ့ အခန်းကဏ္ဍအတွက် ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရပြီးနောက် VAR က ကြားဝင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။

ဘရိုက်တန်အသင်းဟာ ဒုတိယပိုင်းမှာ ၃ ဂိုးအထိ သွင်းယူပြီး လက်ရှိမှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၄ မှတ်အသာနဲ့ ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးကို ဖိအားပေးချင်နေတဲ့ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ဖလား မျှော်လင့်ချက်ကို အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အီဗန် ဖာဂူဆန်ဆီကနေ ဘောလုံးယှဉ်လုခြင်းခံခဲ့ရပြီးနောက်ပိုင်း ပင်နယ်တီဧရိယာထဲမှာ လဲကျသွားခဲ့တဲ့ ခီဗီယောက ၎င်းရဲ့ ခြေထောက်ကို ကိုင်ထားချိန်မှာ ဂျူလီယို အန်ဆီဆိုဟာ ၅၁ မိနစ်မှာ ဘရိုက်တန်အသင်းအတွက် အဖွင့်ဂိုးကို ပင်နယ်တီဧရိယာထဲမှာ လူကပ်ကစားခြင်းမခံရဘဲ လွတ်လွတ်ကျွတ်ကျွတ်ပဲ အနီးကပ် ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ရွိုင် ကီးန်၊ ဂယ်ရီ နဗီး၊ ဂျေမီ ကာရေဂါတို့ဟာ အာဆင်နယ်နောက်ခံကစားသမားကို ဒီလို အရေးကြီးတဲ့ အချိန်မှာ လဲကျနေခဲ့တဲ့အတွက် ပြစ်တင်ကြိမ်းမောင်းခဲ့တဲ့ ဘောလုံးဝေဖန်သူတွေထဲမှာ အပါအဝင် ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ခီဗီယောက ၎င်းဟာ တိုက်စစ်စတင်ချိန်မှာ ပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရတယ်လို့ ယုံကြည်ခဲ့ပြီး အဖွင့်ဂိုး ပေးခဲ့ရပြီးနောက်ပိုင်း ၎င်းနဲ့ အသင်းဖော်တွေဟာ စိတ်ဓာတ်ကျဆင်းသွားခဲ့တယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ထိတွေ့မှုကို ခံစားခဲ့ရပြီး ကျွန်တော့်ဖိနပ် ကျွတ်သွားခဲ့ပါတယ်။ ကျွန်တော် ဂိုးကိုတောင် မမြင်ခဲ့ပါဘူး။ VAR က ကြားဝင်ပြီး ဂိုးကို ပယ်ဖျက်လိမ့်မယ်လို့ မျှော်လင့်မိခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဒိုင်လူကြီးက မတူညီတဲ့ပုံစံနဲ့ မြင်ခဲ့တယ်။ ကျွန်တော်တို့ ဒုတိယဂိုး ပေးခဲ့ရပြီးနောက်မှာ ကျွန်တော်တို့ ခေါင်းငိုက်စိုက်ကျသွားခဲ့ပြီး ပြန်မလာနိုင်တော့ပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လီဗာပူးလ်ဂန္တဝင်နောက်ခံလူ ဂျေမီ ကာရေဂါက ခီဗီယောအတွက် အရှက်ရစရာအခိုက်အတန့်လို့ ခံစားခဲ့ရပြီး အဆင်နယ်နောက်ခံလူအနေနဲ့ ပြန်ထပြီး ဘရိုက်တန်ရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှုအပေါ်မှာ ၎င်းရဲ့အသက်က မူတည်နေသလိုမျိုး ကာကွယ်ခဲ့သင့်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ခီဗီယောက ပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရသည်ဖြစ်စေ၊ မခံခဲ့ရသည်ဖြစ်စေ အဲဒီလို လဲနေတာက အရှက်ရစရာဖြစ်ခဲ့တယ်။ သူနဲ့ပတ်သက်ပြီး အရမ်းသေးသေးလေး မှားနေတာ ရှိခဲ့ပါတယ်။ မတ်တပ်ထပြီး ခင်ဗျားရဲ့ အသက်က အဲဒီအပေါ်မှာ မူတည်နေသလိုမျိုး ခုခံပါ”လို့ တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet