လိဒ်စ်ကို ၂ ဂိုးသွင်းနိုင်ခဲ့ပေမယ့် စိတ်ပျက်ခဲ့ရတယ်လို့ ဖွင့်ဟခဲ့တဲ့ ဂျေးဇု coyg

လိဒ်စ်ကို ၂ ဂိုးသွင်းနိုင်ခဲ့ပေမယ့် စိတ်ပျက်ခဲ့ရတယ်လို့ ဖွင့်ဟခဲ့တဲ့ ဂျေးဇု

ဂါဘရီယဲလ် ဂျေးဇုက အာဆင်နယ်အသင်းက လိဒ်စ်ယူနိုက်တက်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပါဝင်ကစားပေးခဲ့ပြီးနောက် မိနစ် ၆၀ မှာ လူစားလဲလှယ်ခြင်း ခံခဲ့ရတာကို စိတ်ပျက်ခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကနေ အပြည့်အဝ ပြန်လည်သက်သာလာခဲ့ပြီးနောက် နိုဝင်ဘာလနောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

အန်ကီးတီးယားနဲ့ ထရော့ဆာ့ဒ်တို့က ဂျေးဇု မပါဝင်နိုင်ချိန်မှာ တိုက်စစ်ကို ဖြည့်ကစားပေးခဲ့ပေမယ့်လည်း ပေါင် ၄၅ သန်းတန် နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ မန်စီးတီးကြယ်ပွင့်ဟောင်းက စနေနေ့မှာ အာဆင်နယ်ပရိသတ်တွေ လွမ်းဆွတ်နေတဲ့အရာက ဘာလဲဆိုတာကို အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ပြသခ့တာဖြစ်ပါတယ်။

ဂျေးဇုဟာ ပထမပိုင်းမှာ ကလပ်အသင်းနဲ့ နိင်ငံအသင်းအတွက် ၁၇ ပွဲမှာ ပထမဆုံးသွင်းဂိုးအဖြစ် ပင်နယ်တီကနေတဆင့် အဖွင့်ဂိုးကို သွင်းယူခဲ့ပြီး ဒုတိယသွင်းဂိုးကို အနီးကပ် ကန်ချက်နဲ့ အဆုံးသတ်သွင်းယူခဲ့ပြီးနောက် နည်းပြ အာတီတာက ၎င်းရဲ့ ညနေကို စောစောစီးစီး အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ပထမဆုံး ပြန်လည်ပွဲထွက်ကစားပေးခဲ့တဲ့ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူနိုင်ခြေရှိနေတာကြောင့် ဂျေးဇုဟာ လူစားလဲလှယ်ခြင်းခံခဲ့ရတာကို အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပေမယ့်လည်း လာမယ့်အပတ် အန်းဖီးကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲမှာ မိနစ် ၉၀ အပြည့်ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

“ကစားသမားတွေတိုင်းလိုပဲ ခင်ဗျား ဘယ်တော့မှ နည်းပြကို မလေးမစားလုပ်လို့မရပါဘူး။ မီခေးလ်က ကျွန်တော် သူ့ကို ဘယ်လောက်အထိ တန်ဖိုးထားလဲ၊ ဘယ်လောက်အထိ လေးစားလဲဆိုတာ သူ သိပြီး အသင်းကလည်း သိပါတယ်။ ကစားသမားတိုင်းက မိနစ် ၉၀ အပြည့်ကစားချင်တာ သိသာပြီး ကျွန်တော်က ပိုကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်။ ဒါပေမယ့်လည်း ဒိုင်လူကြီးက ရောက်လာပြီး မင်း ထွက်ရမယ်လို့ ပြောလာတဲ့အချိန်မှာ ကျွန်တော် နည်းနည်းတော့ စိတ်ပျက်ခဲ့မိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ကစားချင်လို့ပါ။ ဒါပေမယ့် ဟုတ်ပါတယ်။ ကျွန်တော် နည်းပြနဲ့ အခြားအသင်းဖော်တွေကိုလည်း လေးစားမှု ရှိပါတယ်။ အဲဒီတော့ မိနစ် ၆၀ ပဲ ကစားခဲ့ရပေမယ့် ကျွန်တော် အဲဒါကို အများကြီး ပျော်ရွှင်မိပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကလည်း ၎င်းရဲ့ ကျောနံပါတ် ၉ ကစားသမားအနေနဲ့ ကာလရှည် ဒဏ်ရာကြောင့် အနားယူခဲ့ရပြီးနောက် ဂိုးပြန်သွင်းနိုင်တာကို မြင်တွေ့ခဲ့ရတာကြောင့် ဝမ်းမြောက်ပျော်ရွှင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် သူ့အတွက် ဝမ်းမြောက်ပျော်ရွှင်မိပါတယ်။ သူတို့တွေအားလုံးက သူ့အတွက် လက်ခုပ်တီးပေးကြပြီး သူကလည်း နောက်ဆုံး ၄၊ ၅ လအတွင်းမှာ အသင်းနဲ့ နည်းပြအဖွဲ့ဆီက အားပေးထောက်ခံမှုတွေ အများအပြားနဲ့ အရမ်း အလုပ်ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပါတယ်။ ဒီနေ့ သူက ပွဲထွက်ခွင့်နဲ့ ထိုက်တန်ခဲ့ပြီး ယုံကြည်ချက်တွေများစွာနဲ့ အခွင့်အရေးကို ဖမ်းဆုပ်နိုင်ခဲ့ပြီး အရမ်းအရေးကြီးတဲ့ ၂ ဂိုးကို သွင်းယူပေးခဲ့ပါတယ်။”လို့ ပြောကြားသွားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet