ရိုက်စ်ကိစ္စပြီးတာနဲ့ ခေါ်မယ့်တိုက်စစ်မှူးကို အာရုံစိုက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အာဆင်နယ် coyg

ရိုက်စ်ကိစ္စပြီးတာနဲ့ ခေါ်မယ့်တိုက်စစ်မှူးကို အာရုံစိုက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဒီကလန် ရိုက်စ် မြောက်လန်ဒန်ကို ရောက်လာတာနဲ့ ချဲလ်ဆီးကြယ်ပွင့် ခိုင် ဟာဗတ်ဇ်ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးကြယ်ပွင့်ဟာ ဝက်စ်ဟမ်းအသင်းကနေ ဒီကလန် ရိုက်စ် အပြီးသတ်ပြောင်းရွှေ့ပြီးတာနဲ့ အာဆင်နယ်ရဲ့ နောက်ထပ် ကြီးမားတဲ့ ပစ်မှတ်ဖြစ်လာတော့မှာဖြစ်ပြီး သိပ်မကြာခင် ဟာဗတ်ဇ်ကို ခေါ်ယူဖို့ အာရုံပြောင်းတော့မှာဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီကလန် ရိုက်စ်ကို ယခုရက်သတ္တပတ်အကုန်မှာ အပြီးသတ် ခေါ်ယူသွားဖို့ စီစဉ်ထားတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး အာတီတာနဲ့ အီဒူးတို့ဟာ ကစားသမားသစ်တွေ ရနိုင်သလောက် ခေါ်ချင်တာကြောင့် ဟာဗတ်ဇ်က ဂန်းနားတွေရဲ့ အဓိကပစ်မှတ်ဖြစ်လာတာဖြစ်ပါတယ်။

The Telegraph ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ချဲလ်ဆီးအသင်းက ဂျာမန်တိုက်စစ်ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို လျှော့ပေးမှသာ ဟာဗတ်ဇ်ကို ခေါ်ယူဖို့ နောက်တစ်ဆင့်တက် ကြိုးပမ်းသွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းက လက်ရှိမှာ ဟာဗတ်ဇ်အတွက် ပေါင်သန်း ၇၀ လိုချင်နေပြီး အာဆင်နယ်က အဲဒီလောက် ပမာဏကို ပေးချေလိုခြင်းမရှိသလို ဘန်ဇီးမားနေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ပြုလုပ်ချင်တဲ့ ရီးရဲလ်မက်ဒရစ်ကလည်း ဂန်းနားတွေနည်းတူ ခံစားနေရတာကြောင့် ပေါင်သန်း ၅၀ နဲ့သာ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ခိုင် ဟာဗတ်ဇ်ကို ပေါင်သန်း ၆၀ ဝန်းကျင်လောက်နဲ့ဆိုရင် စတမ်းဖို့ဒ် ဘရစ်ချ်ကနေ ခေါ်ယူနိုင်မယ်လို့ ယူဆရပြီး ဂျာမန်လက်ရွေးစင်ကြယ်ပွင့်ဟာ ဘွန်ဒက်စ်လီဂါမှာ လေဗာကူဆင်အတွက် ပွဲပေါင်း ၁၅၀ မှာ သွင်းဂိုး ၄၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃၁ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပြီးနောက် ၂၀၂၀ မှာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအတွက် လက်ရှိအချိန်အထိ စုစုပေါင်း ၁၃၉ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၃၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၅ ကြိမ်သာ ပြုလုပ်ထားနိုင်သေးပြီး အဲဒီရုန်းကန်နေရမှုတွေထဲက အကြောင်းအရင်းတစ်ခုကတော့ နေရာကြောင့် ဖြစ်ပါတယ်။

ဟာဗတ်ဇ်ဟာ လေဗာကူဆင်အသင်းမှာ နေရာတော်တော်များများ ကစားခဲ့ပေမယ့်လည်း များသောအားဖြင့် ညာတောင်ပံ တိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ်နေရာတွေမှာ ကစားခဲ့တာဖြစ်ပြီး အာဆင်နယ်ကတော့ ချဲလ်ဆီးကြယ်ပွင့်ကို အာတီတာလက်အောက်မှာ နောက်ချန်နိုင်သလို တောင်ပံပါထွက်ကစားနိုင်တဲ့ ဂျေးဇုလိုမျိုး တိုက်စစ်ကစားသမားလို့ ရှုမြင်ထားတာဖြစ်ပါတယ်။

ဟာဗတ်ဇ်ရဲ့ နေရာစုံကစားနိုင်စွမ်းကြောင့် ညာတောင်ပံက ဘူကာယို ဆာကာအတွက်လည်း ယှဉ်ပြိုင်မှုပေးနိုင်သလို ကာဗာလုပ်ကစားပေးနိုင်မှာလည်း ဖြစ်ပြီး လိုအပ်မယ်ဆိုရင် ပင်နယ်တီဧရိယာထဲကို ထိုးဖောက်ရတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ်လည်း ကစားပေးနိုင်မှာဖြစ်ပါတယ်။

ဟာဗတ်ဇ်ရဲ့ လုပ်အားနှုန်းကောင်းမွန်မှုနဲ့ ဖိအားပေးနိုင်စွမ်းတွေက နည်းပြ ၂ ဦးစလုံးအတွက် သင့်တော်မယ်ဆိုရင်တောင်မှ ချဲလ်ဆီး နည်းပြသစ် ပိုချက်တီနိုရဲ့ ချဉ်းကပ်မှုထက်စာရင် အာတီတာရဲ့ ချဉ်းကပ်မှုနဲ့ ပိုပြီး အဆင်ပြေနိုင်ပါတယ်။

Arsenal Myanmar

Ref: Internet