မျှော်နေတဲ့ ပရိသတ်တွေကို ရိုက်နဲ့ မိတ်ဆက်ပေးလိုက်ပြီဖြစ်တဲ့ အာဆင်နယ်
အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းကနေ ဒီကလန် ရိုက်ကို ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ အတည်ပြု ကြေညာလိုက်ပြီဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားအနေနဲ့ ဟမ်းမားတွေကို စွန့်ခွာသွားပြီလို့ ယနေ့နံနက်အစောပိုင်းမှာ ဝက်စ်ဟမ်းအသင်းက ကြေညာခဲ့ပြီးနောက် မြောက်လန်ဒန်ကလပ်အသင်းနဲ့ ဒီကလန် ရိုက်တို့ ကာလရှည် စာချုပ် ချုပ်ဆိုခဲ့ကြတာဖြစ်ပါတယ်။
နည်းပြ မီခေးလ် အာတီတာက “ကျွန်တော်တို့နဲ့ ဒီကလန် ရိုက် ပူးပေါင်းခဲ့တဲ့အတွက် တကယ်ကို ပျော်ရွှင်မိပါတယ်။ သူက ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်အတွက် အခုဆိုရင် ရာသီပေါင်းများစွာ ထိပ်တန်းအဆင့်မှာ စွမ်းဆောင်ပြနေခဲ့တဲ့ ကြီးမားတဲ့အရည်အချင်းတွေနဲ့ ကစားသမားပါ။ ဒီကလန်က အသင်းကို သံသယဖြစ်စရာမရှိတဲ့ အရည်အသွေးတွေ ယူဆောင်လာမှာဖြစ်ပြီး ဒီမှာ အရမ်းအောင်မြင်နိုင်ခြေရှိတဲ့ သူမတူတဲ့ပါရမီရှင်ကစားသမားပါ။ ဒီကလန်က အသက် ၂၄ နှစ်ပဲ ရှိသေးပေမယ့် ပရီးမီးယားလိဂ်မှာ အရမ်းကောင်းတဲ့ အတွေ့အကြုံတွေရှိပြီးသားပါ။ သူက ဝက်စ်ဟမ်းမှာ အရမ်းတော်တဲ့ အသင်းခေါင်းဆောင်ဖြစ်ခဲ့ပြီး ကျွန်တော်တို့ အားလုံးလည်း မြင်ခဲ့ကြတဲ့အတိုင်းပါပဲ။ မကြာသေးခင်ကမှ သူ ဥရောပဖလားကို ကိုင်မြှောက်ခဲ့တာပါ။ သူ ယူခဲ့တဲ့ တာဝန်တွေနဲ့ အခန်းကဏ္ဍက အရမ်းကို အထင်ကြီးစရာကောင်းပြီး သူ ကျွန်တော်တို့ဆီ ပူးပေါင်းလာတာကို တကယ်စိတ်လှုပ်ရှားမိပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီကလန် ရိုက် ရောက်ရှိလာမှုက ယခုနွေရာသီမှာ ချဲလ်ဆီးကနေ ခိုင် ဟာဗတ်ဇ်၊ အိုင်းယက်ကနေ ယူရီယန် တင်းဘားတို့ကို ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်တဲ့ အာဆင်နယ်လူစာရင်းအတွက် နောက်ထပ် အင်အားဖြည့်တင်းမှုဖြစ်လာပြီဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ အာဆင်နယ်အသင်းက ပြီးခဲ့တဲ့ရာသီမှာ ဒုတိယနေရာနဲ့ ရာသီပြီးဆုံးနိုင်ခဲ့ပြီးနောက်ပိုင်း ၎င်းရဲ့ ကစားသမားဘဝမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲကို လာမယ့်ရာသီမှာ ကစားသွားရတော့မှာဖြစ်ပြီး ဒီကလန် ရိုက်ဟာ ပြီးခဲ့တဲ့လမှာ ဝက်စ်ဟမ်းကို ယူရိုပါကွန်းဖရင့်လိဂ်ရရှိအောင် ဦးဆောင်ပေးခဲ့တာဖြစ်ပါတယ်။
ဒီကလန် ရိုက် ထွက်ခွာမှုကို ကြေညာရာမှာ ဝက်စ်ဟမ်းအသင်း ပူးတွဲဥက္ကဌ ဒေးဗစ် ဆူလီဗန်က “ကျွန်တော်တို့ကို ဒီကလန် စွန့်ခွာသွားတာ မြင်ရတာ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့် ဝက်စ်ဟမ်းယူနိုက်တက်မှာရှိတဲ့အားလုံးက သူ့ရဲ့ ခရီးလမ်းမှာ ကျွန်တော်တို့ တစ်စိတ်တပိုင်း ပါဝင်ခဲ့ကြတာကို ဂုဏ်ယူသင့်တယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ဒီကလန် ရိုက်ကို မရောင်းချချင်ခဲ့ဘူးဆိုတာကိုတော့ ပရိသတ်တွေအားလုံး ရှင်းရှင်းလင်းလင်းသိအောင် ပြောချင်ပါတယ်။ ကျွန်တော်တို့ အသင်းကို သူ့ကို ဦးတည်ပြီး တည်ဆောက်သွားချင်ခဲ့ပြီး သူ့ကို ထိန်းသိမ်းထားနိုင်အောင် လစာတိုးပေးထားတဲ့ ကာလရှည်စာချုပ်သစ်တွေ တစ်ခုပြီးတစ်ခု ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကလန် ရိုက်က သူ အသင်းပြောင်းပြီး စိန်ခေါ်မှုအသစ်တွေ ရှာဖွေချင်တယ်ဆိုတာ ရှင်းအောင် ပြောခဲ့တာကြောင့် အသင်းက သူ့ရဲ့ လမ်းမှာ ပိတ်ဆို့မထားသင့်ဘူးလို့ ခံစားခဲ့ရလို့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်မယ့်အရာကို လုပ်ဆောင်ခဲ့တာပါ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Team News
- Transfer News