မန်စီးတီးကို ပြောင်းမှာမဟုတ်ဘူးလို့ အာတီတာကို ကတိပေးခဲ့တဲ့ ဂန်းနားကြယ်ပွင့် 150 150 coyg

မန်စီးတီးကို ပြောင်းမှာမဟုတ်ဘူးလို့ အာတီတာကို ကတိပေးခဲ့တဲ့ ဂန်းနားကြယ်ပွင့်

အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာဟာ ယခုနွေရာသီမှာ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲကို ဝင်ရောက်တော့မှာဖြစ်ပြီး ဂွါဒီယိုလာရဲ့ မန်စီးတီး အင်္ဂလန်ကြယ်ပွင့်ရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ကစားသမားဘဝတလျှောက် အကောင်းဆုံးပုံစံကို ရရှိနေသူဖြစ်ပြီး ယခုလမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ကိန်းဂဏန်း ၂ လုံးထိ ရောက်ရှိတဲ့ ပထမဆုံး ပရီးမီးယားလိဂ်ကစားသမားဖြစ်လာခဲ့တာဖြစ်ပြီး ယူကရိန်းကို ဝင်ဘလေမှာ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်းမှာလည်း အံ့အားသင့်ဖွယ် ကန်ချက်နဲ့ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဆာကာရဲ့ ဈေးကွက်တန်ကြေးဟာ အရင်တုန်းကနဲ့ နှိုင်းမရအောင် မြင့်တက်လာခဲ့ပြီး ထိပ်တန်းအသင်းကြီးတွေအားလုံးက စောင့်ကြည့်နေကြတာလည်း အံ့အားသင့်စရာမဟုတ်တော့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဘူကာယို ဆာကာကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဆွေးနွေးနေခဲ့တာ လအတော်ကြာခဲ့ပြီဖြစ်ပြီး အင်္ဂလန်ကြယ်ပွင့်ရဲ့ စာချုပ်ဟာ အစတုန်းက ဒီနွေရာသီမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့်လည်း အာဆင်နယ်က တစ်နှစ်သက်တမ်းတိုးခွင့်ကို အသုံးပြုခဲ့တာကြောင့် လာမယ့်နွေရာသီအထိ သက်တမ်းတိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ဖက်ကြားမှာပြောဆိုဆွေးနွေးမှုတွေက ဆက်လက်ပြုလုပ်နေပေမယ့်လည်း Daily Mail ရဲ့ဖော်ပြချက်အရ ဂွါဒီယိုလာရဲ့အသင်းအပါအဝင် ထိပ်တန်းအသင်းတွေက အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်နဲ့ဆာကာတို့ကြား ပြောဆိုဆွေးနွေးမှုတွေ ပျက်ပြယ်သွားခဲ့မယ်ဆိုရင် လက်ဦးမှုရယူပြီး ခေါ်ယူသွားဖို့ မန်ချက်စတာစီးတီးက အဆင်သင့်ပြင်ထားတာဖြစ်ပေမယ့်လည်း ဂန်းနားတွေအနေနဲ့ အဲဒါနဲ့ပတ်သက်ပြီး လုံးဝ စိုးရိမ်စရာမရှိတာ ဖြစ်ပါတယ်။ ဆာကာဟာ အာဆင်နယ်အသင်းကို မန်ချက်စတာစီးတီးအတွက်မှမဟုတ်ဘဲ ဘယ်အသင်းအတွက်မှ စွန့်ခွာဖို့အတွက် အစီအစဉ် လုံးဝမရှိဘူးလို့ ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီးဖြစ်တယ်လို့ သိရပြီး အာတီတာရဲ့ စီမံခန့်ခွဲမှုကို အင်္ဂလန်ကြယ်ပွင့်က လေးစားနှစ်သက်နေသလို အသင်းက ဦးတည်ချက်မှန်မှန် သွားနေတယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

ဘူကာယို ဆာကာဟာ မဝေးလှတဲ့ကာလမှာ ဂန်းနားတွေနဲ့ စာချုပ်သစ် ချုပ်ဆိုသွားဖို့ အားလုံးစီစဉ်ထားပြီးဖြစ်တယ်လို့ သိရပြီး အင်္ဂလန်တောင်ပံကြယ်ပွင့်လိုမျိုး အရည်အချင်း၊ အရည်အသွေး၊ အလားအလာမျိုးရှိတဲ့ကစားသမားဟာ ကျိန်းသေပေါက် လက်ရှိစာချုပ်ထက် ပိုမိုကောင်းမွန်တဲ့စာချုပ်နဲ့ ထိုက်တန်တာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားဟာ အလန် ရှီးယားရားရဲ့ အလွန်ကောင်းမွန်တဲ့ကစားသမားလို့ သတ်မှတ်ခြင်း ခံခဲ့ရသူဖြစ်ပြီး ယခုရာသီမှာ အင်္ဂလန်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဆိုတာကိုလည်း သက်သေပြသထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဆာကာဟာ လက်ရှိမှာ ယှဉ်ကစားဖို့ ခက်ခဲတဲ့ ကစားသမားဖြစ်နေပြီး ဂန်းနားတွေ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေရတဲ့ အကြီးမားဆုံးအကြောင်းအရင်းတွေထဲက တစ်ခုလည်း ဖြစ်နေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် အာဆင်နယ်အသင်းဟာ ဆာကာကို မက်မောလောက်ဖွယ် စာချုပ်သစ် ပေးအပ်သွားဖို့အတွက် အဆင်သင့်ဖြစ်နေတာဖြစ်ပြီး သတင်းတွေရဲ့ ဖော်ပြချက်အရ ဆာကာရဲ့ စာချုပ်သစ်အရ တစ်ပတ်ကို လုပ်ခလစာပေါင် ၃ သန်းဝန်းကျင် ရရှိသွားမှာဖြစ်တယ်လို့ သိရပြီး အာဆင်နယ်အသင်းရဲ့ လစာအမြင့်မားဆုံး ကစားသမားဖြစ်လာတော့မှာ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet