နောက်ပိုင်း အာဆင်နယ်ကြမ်းမည်ဟု ပြောခဲ့တဲ့အတိုင်း ကတိတည်ပြနေပြီဖြစ်တဲ့ ဂျော့ရှ် ခရွန်ကီ
၂၀၂၃ နွေရာသီအပြောင်းအရွှေ့စျေးကွက်ဟာ အာဆင်နယ်ပရိသတ်တွေအတွက်တော့ စိတ်လှုပ်ရှားစရာတွေအပြည့်နဲ့ စတင်ခဲ့တာဖြစ်ပြီး ခိုင် ဟာဗတ်ဇ်က ဗုဒ္ဓဟူးနေ့မှာ ပေါင် ၆၅ သန်းဝန်းကျင်နဲ့ အမ်းမရိတ်စ်ကို ပထမဆုံးပြောင်းရွှေ့လာတဲ့ အာတီတာရဲ့ ပစ်မှတ်ဖြစ်ခဲ့တာဖြစ်ပါတယ်။
ဂန်းနားတွေရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဝက်စ်ဟမ်းကို ပေါင် ၁၀၅ သန်းနဲ့ ကမ်းလှမ်းခဲ့မှုဟာ လက်ခံခြင်းခံခဲ့ရပြီဖြစ်တာကြောင့် အဓိကပစ်မှတ်ဖြစ်တဲ့ ဒီကလန် ရိုက်စ်ကိုလည်း ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။ ယူရီယန် တင်းဘားအတွက်လည်း ပေါင်သန်း ၄၀ နဲ့ သဘောတူညီမှု မရရှိခင်ကတည်းက ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီးသားဖြစ်တာကြောင့် အပြီးသတ် ခေါ်ယူနိုင်ဖို့ အလွန်နီးကပ်နေပြီဖြစ်ပါတယ်။
ဒီသဘောတူညီမှု ၃ ခုစလုံးဟာ ၂၀၂၃-၂၀၂၄ ရာသီမတိုင်ခင် နွေရာသီအပြောင်းအရွှေ့ကာလအတွက် အားကစားဒါရိုက်တာ အီဒူးရဲ့ ပစ်မှတ်စာရင်းအကုန် ထိမှန်ခဲ့တာဖြစ်ပြီး ချာကာနဲ့ ပါတေးတို့ ၂ ဦးစလုံး အသင်းကနေ ထွက်ခွာမယ်ဆိုရင်တော့ ဂန်းနားတွေအတွက် နောက်ထပ် ခေါ်ယူမှုတွေ မြင်ရဖို့များနေတာဖြစ်ပါတယ်။
အဲဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် အာဆင်နယ်အသင်းရဲ့ နွေရာသီ အသုံးစရိတ်ဟာ ပေါင်သန်း ၂၅၀ ကျော်သွားတော့မှာဖြစ်ပြီး အများစုအတွက်တော့ ဒီနွေရာသီမှာ ဂန်းနားတွေ လက်စောင်းထက်နေတာက ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့လို့ တုံ့ပြန်မှုဖြစ်တယ်လို့ ယူဆကြမှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီလို လုပ်ဆောင်နေမှုတွေဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက အာဆင်နယ်အသင်းကို ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သွားမယ်လို့ ကတိပေးခဲ့တဲ့ အာဆင်နယ်အသင်းပိုင်ရှင် စတန် ခရွန်ကီရဲ့သား ဂျော့ရှ် ခရွန်ကီက အလုပ်နဲ့ သက်သေပြနေတာသာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလတုန်းက ခရွန်ကီက အသင်းအနေနဲ့ အပြောင်းအရွှေ့စျေးကွက်မှာ ခပ်ကြမ်းကြမ်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ်နွေရာသီမှာ ပေါင်သန်း ၁၄၀ ကျော် သုံးစွဲခဲ့ပြီးနောက် ခေါ်သင့်တဲ့ကစားသမားတွေအတွက် ဆက်ပြီး ငွေကြေးသုံးစွဲသွားမယ်လို့ ထပ်လောင်း အာမခံခဲ့တာဖြစ်ပါတယ်။
“၂၀၁၈ ကတည်းက ကျွန်တော်တို့ တတ်နိုင်သလောက် ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ ကွင်းအကြွေး ပေါင်သန်းရာပေါင်းများစွာကို အတိုးနှုန်းသက်သာအောင် လုပ်ဆောင်ခဲ့တယ်။ ကျွန်တော်တို့ အပြောင်းအရွှေ့စံချိန်တွေ ရိုက်ချိုးခဲ့တယ်။ ဒီပြီးခဲ့တဲ့နွေရာသီမှာ ကျွန်တော်တို့ ပရီးမီးယားလိဂ်က အားလုံးထက် ငွေကြေးအများဆုံးသုံးစွဲတဲ့ အသင်းဖြစ်ခဲ့တယ်။ အဲဒါက ကျွန်တော်တို့ အဲဒီအတိုင်း ဆက်ပြီးလုပ်မယ်ဆိုတဲ့အဓိပ္ပာယ်လားဆိုရင် ကျွန်တော် ၁၀၀ ရာခိုင်နှုန်းတော့ မသေချာဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဆက်ပြီးတော့ ခပ်ကြမ်းကြမ်းလုပ်ဆောင်သွားမှာဖြစ်ပြီး ကျွန်တော်တို့ အသင်းကို ကွင်းတွင်း၊ ကွင်းပြင်မှာ တိုးတက်အောင် လုပ်နိုင်တယ်လို့ မြင်တဲ့နေရာရှိတဲ့အခါကျရင်တော့ ဆက်ပြီး လုပ်ဆောင်သွားမှာပါ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ခရွန်ကီတွေဟာ အဲဒီစကားအတိုင်း ကျိန်းသေပေါက် လုပ်ဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ဂျေးဇု၊ ဇင်ချန်ကို၊ ဂျော်ဂျင်ညိုတို့လို ကစားသမားတွေကို ခေါ်ယူဖို့အတွက် ပေါင်သန်း ၁၆၀ သုံးစွဲခဲ့သလို ဒီနွေရာသီမှာလည်း ဂန်းနားတွေရဲ့ ငွေကြေးသုံးစွဲမှုဟာ ပေါင်သန်း ၃၀၀ လောက်အထိကို အချိန်မရွေး ရောက်ရှိသွားနိုင်ပါတယ်။
Arsenal Myanmar
Ref: Internet