ပေါင်သန်း ၂၀၀ ကျော်သုံးဖို့ ခြေလှမ်းအဖြစ် စတုတ္ထပစ်မှတ်အတွက် ဒုတိယအကြိမ်ကမ်းလှမ်းတော့မယ့် အာဆင်နယ်
အာဆင်နယ်အသင်းဟာ ယခုနွေရာသီမှာ ဒီကလန် ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှုမှာ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပေမယ့်လည်း ဝက်စ်ဟမ်းကြယ်ပွင့်က ဂန်းနားတွေ လက်ရှိမှာ ကမ်းလှမ်းထားတဲ့ တစ်ဦးတည်းသော ကစားသမားမဟုတ်တာဖြစ်ပါတယ်။
မြောက်လန်ဒန်ကလပ်အသင်းဟာ ယူရီယန် တင်းဘားအတွက် အိုင်းယက်စ်ကို ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ငြင်းပယ်ခြင်း ခံခဲ့ရတာဖြစ်ပြီး နယ်သာလန်လက်ရွေးစင်ကြယ်ပွင့်ဟာ ပေါင်သန်း ၂၀၀ ကျော် သုံးစွဲသွားမယ့် ဂန်းနားတွေရဲ့ အဓိကပစ်မှတ်တွေထဲက တစ်ဦးဖြစ်ပါတယ်။
ဒတ်ချ်နောက်ခံကစားသမားဟာ အိုင်းယက်စ်အသင်းကို ၂၀၁၉ ခုနှစ်မှာ ရောက်ရှိလာပြီးကတည်းက အသင်းကို ဒတ်ချ်လိဂ်ဖလားကို ၂ ကြိမ်အထိ ရရှိအောင် ကူညီပေးနိုင်ခဲ့သူဖြစ်ပြီး အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ မန်ယူနိုက်တက်၊ လီဗာပူးလ်တို့နဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။
အမှန်တကယ်လည်း ဗဟိုခံစစ်ရော ညာနောက်ခံအဖြစ်ပါ နေရာစုံ ကစားနိုင်တဲ့ တင်းဘားရဲ့ အရည်အချင်းတွေက ဥရောပထိပ်တန်းကလပ်အသင်းကြီးတွေအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ တင်းဘားကို နှစ်သက်သူအဖြစ် လူသိများပြီး ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့မှုကြောင့် ခံစစ်ကို လူအင်အားဖြည့်တင်းချင်တဲ့ ဆန္ဒရှိနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းမှာ အာဆင်နယ်အသင်းရဲ့ ခြေစွမ်း ကျဆင်းသွားမှုဟာ မတ်လမှာ ဝီလီယံ ဆာလီဘာ ဒဏ်ရာရရှိသွားမှုက တော်တော်များများ ပါဝင်ခဲ့တာဖြစ်ပြီး ဒါကြောင့် အာဆင်နယ်က တင်းဘားအတွက် ဒုတိယမြောက် ကမ်းလှမ်းမှုကို ပြုလုပ်ဖို့ ပြင်ဆင်နေခဲ့တာက အံ့အားသင့်စရာတော့ မဟုတ်တော့တာဖြစ်ပါတယ်။
Daily Mail ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ယခုအပတ်နှောင်းပိုင်းမှာ ပေါင်သန်း ၅၀ နဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပြီး တင်းဘားဟာ အင်္ဂလန်ရဲ့ ထိပ်တန်းပြိုင်ပွဲမှာ ပြောင်းရွှေ့ကစားချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အာတီတာဟာ လာမယ့်ရာသီမှာ မန်ချက်စတာစီးတီးကို နောက်ထပ်တစ်ကြိမ် ပရီးမီးယားလိဂ်ဖလားအတွက် စိန်ခေါ်နိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတာဖြစ်ပြီး ဂန်းနားတွေကို ဒီကလန် ရိုက်စ်အတွက် ဝက်စ်ဟမ်းက ၂ ကြိမ်အထိ ငြင်းပယ်ထားပေမယ့်လည်း အင်္ဂလန်ကြယ်ပွင့်က ၎င်းကို စိတ်ဝင်စားနေတဲ့ စီးတီးထက် အမ်းမရိတ်စ်ကို ပိုမိုပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း စတန် ခရွန်ကီနဲ့ တသိုက်ဟာ ၎င်းတို့ရဲ့ ကမ်းလှမ်းမှုကို သိသိသာသာ တိုးမြှင့်ဖို့ လိုအပ်မှာဖြစ်ပြီး ဝက်စ်ဟမ်းအသင်းက ၎င်းတို့ရဲ့ အသင်းခေါင်းဆောင်အတွက် အနည်းဆုံး ပေါင်သန်း ၁၀၀ လိုချင်တယ်လို့ အသိပေးထားတာဖြစ်ပါတယ်။
ခိုင် ဟာဗတ်ဇ်ကလည်း ချဲလ်ဆီးအသင်းကနေ အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာတော့မှာဖြစ်တာကြောင့် အာတီတာက ဆောက်သမ်တန်ကွင်းလယ်လူ ရိုမီယို လာဗီယာကိုလည်း ခေါ်ယူဖို့အတွက် ကြိုးပမ်းနေပြီး စပိန်လူမျိုးနည်းပြသာ ယခုနွေရာသီ အဓိကပစ်မှတ် ၄ ဦးစလုံးကို ခေါ်ယူနိုင်မယ်ဆိုရင် နွေရာသီအသုံးစရိတ်ဟာ ပေါင်သန်း ၂၅၀ ဝန်းကျင် ကုန်ကျမှာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet