ပီအက်စ်ဂျီနည်းပြဖြစ်ရင် ဂန်းနားဂန္တဝင်ကို ခေါ်ယူမယ့် နာဂယ်စ်မန်းနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ coyg

ပီအက်စ်ဂျီနည်းပြဖြစ်ရင် ဂန်းနားဂန္တဝင်ကို ခေါ်ယူမယ့် နာဂယ်စ်မန်းနဲ့ နောက်ဆုံးရ ဂန်းနားသတင်းများ

-အာဆင်နယ်ဂန္တဝင် သီယာရီ အွန်နရီဟာ ဂျူလီယန် နာဂယ်စ်မန်းသာ ပီအက်စ်ဂျီနည်းပြရာထူးကို ရရှိမယ်ဆိုရင် နည်းပြအလုပ်ကို ပြန်လည်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ နာဂယ်စ်မန်းဟာ မတ်လမှာ ဘိုင်ယန်မြူးနစ်ရဲ့ အံ့အားသင့်ဖွယ် ထုတ်ပယ်ခြင်း ခံခဲ့ရပြီးနောက် ပီအက်စ်ဂျီနည်းပြသစ်ဖြစ်လာဖို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပြီး ချဲလ်ဆီး၊ စပါးစ်တို့နဲ့ သတင်းထွက်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့က အမှန်တကယ်မဖြစ်လာခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းကို နာဂယ်စ်မန်းသာ တာဝန်ယူကိုင်တွယ်ခွင့်ရမယ်ဆိုရင် ဘိုင်ယန်မြူးနစ် နည်းပြဟောင်းက အွန်နရီကို ၎င်းရဲ့ နည်းပြအဖွဲ့ထဲမှာ ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ The Telegraph က ဖော်ပြခဲ့ပါတယ်။

-အာဆင်နယ်အသင်းဟာ လေဗာကူဆင်နောက်ခံလူ အက်ဒ်မွန် တက်ပ်ဆိုဘာကို အကြိမ်ပေါင်းများစွာ ကင်းထောက်ခဲ့တယ်လို့ အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဖက်ဘရီဇီယို ရိုမာနိုက ပြောကြားခဲ့ပါတယ်။ “တက်ပ်ဆိုဘာကို သူတို့တွေ ကင်းထောက်နေပါတယ်။ သူတို့ ကောင်းကောင်း သိတဲ့ကစားသမားဖြစ်ပြီး သူ့ကို လွန်ခဲ့တဲ့ ၁ နှစ် ၂ နှစ်လောက်ကတည်းက သူတို့ရဲ့ ပစ်မှတ်စာရင်းထဲမှာ ထည့်ထားပြီးသားပါ။ အဲဒီတော့ သူက အာဆင်နယ်ရဲ့ စောင့်ကြည့်တာ အမြဲတမ်းခံနေရတဲ့ ကစားသမားပါ။ သူတို့တွေရဲ့ ကင်းထောက်တွေကို ယူရိုပါလိဂ်ကစားနေတဲ့ ကစားသမားကို စောင့်ကြည့်ဖို့ အကြိမ်ပေါင်းများစွာ စေလွှတ်ခဲ့တယ်။ အဲဒီတော့ သူက သူတို့တွေ အသိအမှတ်ပြု ချီးကျူးတဲ့ကစားသမားပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တက်ပ်ဆိုဘာဟာ ယခုရာသီ ဘွန်ဒက်စ်လီဂါမှာ တစ်ပွဲပျမ်းမျှ ဖျက်ထုတ်မှု ၁.၅ ကြိမ်၊ ရှင်းထုတ်မှု ၃ ကြိမ်၊ တစ်ဦးချင်းတိုက်ပွဲမှာ အနိုင်ရမှု စုစုပေါင်း ၄.၂ ကြိမ်၊ အမြင့်ဘောတစ်ဦးချင်းတိုက်ပွဲအနိုင်ရရှိမှု ၁.၇ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

-အာဆင်နယ်အသင်းဟာ ရီးရဲလ် ဗယ်လာဒိုးလစ်လူငယ်ကြယ်ပွင့် ဖရက်စ်နီဒါကို စျေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်ဖို့ အခွင့်အရေးရှိလာနိုင်တယ်လို့ AS က ဖော်ပြခဲ့ပြီး ရီးရဲလ် ဗယ်လ်ာဒိုးလစ်အသင်း တန်းဆင်းရမှုကနေ ဂန်းနားတွေ အခွင့်ကောင်းယူနိုင်မှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဖရက်စ်နီဒါကို ပေါင် ၁၃ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့်လည်း အေးဂျင့်ဖြစ်သူ လူးဝစ္စ ဘာဒါဂျီက ဆယ်ကျော်သက်ကြယ်ပွင့်ကို ပွဲထွက်ကစားခွင့် ရရှိပြီး ဆက်လက်တိုးတက်စေချင်တာကြောင့် ရာသီကုန်အထိ လာလီဂါမှာပဲ ဆက်နေစေချင်ခဲ့တာကြောင့်ဖြစ်တယ်လို့ ရှင်းလင်းခဲ့ပါတယ်။ လက်ရှိမှာတော့ ဗယ်လာဒိုးလစ်အသင်းက လာလီဂါကနေ တန်းဆင်းခဲ့ရပြီဖြစ်တာကြောင့် အသက် ၁၈ နှစ်အရွယ် ဖရက်စ်နီဒါက အသင်းပြောင်းဖို့ ကြိုးပမ်းသွားဖွယ်ရှိပြီး ဂန်းနားတွေဟာ မူလက သတ်မှတ်ထားတဲ့ ပေါင် ၁၃ သန်းထက် သက်သာတဲ့စျေးနှုန်းနဲ့ ညာနောက်ခံလူကို ခေါ်ယူဖို့အတွက် ဆွေးနွေးဖို့ အခွင့်အရေးရရှိလာမှာ ဖြစ်ပါတယ်။

-ဘရိုက်တန်အသင်းနည်းပြ ရောဘတ်တို ဒီဇာဘီဟာ ယခုနွေရာသီမှာ မွိုက်စ် ကိုင်ဆေဒိုအနေနဲ့ အပြောင်းအရွှေ့ ပြုလုပ်လိမ့်မယ်လို့ မျှော်မှန်းထားကြောင်း ဝန်ခံ ပြောကြားခဲ့ပြီး အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အီကွေဒေါကွင်းလယ်လူကို အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ အီကွေဒေါသတင်းဌာန Teradeportes ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ကိုင်ဆေဒိုကို ခေါ်ယူဖို့အတွက် ထိပ်ဆုံးကနေ ဦးဆောင်နေပြီး အသက် ၂၁ နှစ်အရွယ် ကစားသမားနဲ့ သဘောတူညီမှု ရရှိထားပြီးဖြစ်တယ်လို့ ဖော်ပြခဲ့ပေမယ့်လည်း ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ကလည်း စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်အသင်းဟာ ဘရိုက်တန်ကွင်းလယ်ကြယ်ပွင့် မက်ကယ်လစ္စတာကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တာကြောင့် ဘရိုက်တန်အသင်းဟာ အသင်းရဲ့ နောက်ထပ်ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ ကိုင်ဆေဒိုကို လွယ်လွယ်ကူကူနဲ့ ထွက်ခွာခွင့်ပေးတော့မှာမဟုတ်ဘဲ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့အထက် တောင်းဆိုသွားမှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကလည်း နွေရာသီ ပစ်မှတ်ဖြစ်တဲ့ အူဂါတီကို ပီအက်စ်ဂျီအသင်းဆီ လက်လွှတ်လိုက်ရပြီဖြစ်တာကြောင့် ကိုင်ဆေဒိုကိုပဲ အားကုန်သုံးပြီး ခေါ်ယူဖို့ ကြိုးပမ်းသွားတော့မှာဖြစ်တာကြောင့် အာဆင်နယ်နဲ့ အီဒူးတို့ လက်နှေးနေရင် ဒီတစ်ကြိမ်လည်း မာဒရစ်ခ်တုန်းကလို ဖြစ်လာနိုင်ပါတယ်။