ထရော့ဆာ့ဒ်ကို အံ့အားသင့်ဖွယ် ချန်လှပ်ဖို့ တိုက်တွန်းခံခဲ့ရတဲ့ အာတီတာ coyg

ထရော့ဆာ့ဒ်ကို အံ့အားသင့်ဖွယ် ချန်လှပ်ဖို့ တိုက်တွန်းခံခဲ့ရတဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ လီဗာပူးလ်နဲ့ ကစားရမယ့် ယခုအပတ်ပွဲစဉ်မှာ လီအန်ဒရို ထရော့ဆာ့ဒ်ကို ချန်လှပ်ခဲ့သင့်တယ်လို့ တိုက်တွန်းခံခဲ့ရပါတယ်။

အာဆင်နယ်ဟာ တနင်္ဂနွေနေ့ အန်းဖီးမှာ လီဗာပူးလ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဂန်းနားတွေဟာ ၂၀၁၂ ခုနှစ် မတ်လနောက်ပိုင်းကတည်းက မာဆေးဆိုဒ်မှာ နိုင်ပွဲ မရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီရာသီမှာတော့ ဂန်နားတွေဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ် ဦးဆောင်နေတာဖြစ်ပြီး လီဗာပူးလ်အသင်းကတော့ ထိပ်ဆုံး ၄ နေရာနဲ့ ၁၀ မှတ်အကွာ အဆင့် ၈ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ယခုရာသီ ဆုဖလားစိန်ခေါ်သူတွေအဖြစ် အခြေမြင့်လာရတဲ့ နောက်ကွယ်က သိသာထင်ရှားတဲ့အကြောင်းအရင်းဟာ ၎င်းတို့ရဲ့ ဂိုးသွင်းနှုန်းဖြစ်ပြီး မန်ချက်စတာစီးတီးတစ်သင်းတည်းသာ(၇၁ ဂိုး) ယခုရာသီ အာဆင်နယ်ရဲ့ သွင်းဂိုး ၇၀ ထက်ပိုမိုများပြားတဲ့အသင်းအဖြစ် ရှိနေတာဖြစ်ပါတယ်။

အဲဒီသွင်းဂိုးတွေဟာ ဂါဘရီယဲလ် မာတီနယ်လီ၊ ဆာကာနဲ့ မာတင် အော်ဒီဂွါဒ်တို့လို သွင်းဂိုး ၁၀ ဂိုး အထိ ရောက်ရှိခဲ့ပြီးဖြစ်တဲ့ ကစားသမားတွေ သွင်းယူပေးခဲ့ကြတာဖြစ်ပြီး ထရော့ဆာ့ဒ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကမှ ဘရိုက်တန်အသင်းကနေ အမ်းမရိတ်စ်ကို ရောက်ရှိလာတာဖြစ်ပေမယ့်လည်း ၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်တောင်ပံကြယ်ပွင့်ဟာ အာတီတာရဲ့အသင်းမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့ပြီး ပြီးခဲ့တဲ့လက ဖူလ်ဟမ်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂိုးဖန်တီးမှု ဟက်ထရစ် ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂျာနယ်လစ်တစ်ဦးက ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ အာဆင်နယ်အတွက် အလွန်ကောင်းမွန်နေခဲ့ပေမယ့်လည်း လီဗာပူးလ်နဲ့ပွဲမှာတော့ ပွဲထွက်ခွင့် မပေးသင့်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

The Telegraph အတွက် ရေးသားခဲ့တဲ့ ဆောင်းပါးထဲမှာ ဂျာနယ်လစ် ဆမ် ဒင်းက “သေးငယ်တဲ့နေရာလွတ်တွေမှာ သူ့ရဲ့ အနီးကပ်ဘောလုံးထိန်းသိမ်းနိုင်မှု၊ တိုက်စစ်မှာ တင်ကူးသိမြင်နိုင်မှု၊ ဂိုးဧရိယာထဲမှာ အဆုံးသတ်နိုင်စွမ်းတို့က ဇန်နဝါရီအပြောင်းအရွှေ့ကာလရဲ့ အကောင်းဆုံးခေါ်ယူမှုဆိုတာ ငြင်းလို့မရခဲ့ပါဘူး။ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၂၁ သန်းက တန်တယ်လို့တောင် ပြောလို့ရနေပါပြီ။ ဒါပေမယ့်လည်း ထရော့ဆာ့ဒ်က အာဆင်နယ်အသင်းက ဒီရာသီရဲ့ အရေးအကြီးဆုံးပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တဲ့ အန်းဖီးမှာ လီဗာပူးလ်နဲ့ ကစားရမယ့်ပွဲစဉ် ကစားတဲ့အချိန် ဒီအပတ်မှာတော့ အရန်ခုံကနေ စတင်ရမှာ သေချာတယ်”

“ပြင်းထန်လွန်းတဲ့အကဲဖြတ်မှုလားဆိုရင် အဲဒါက ထရော့ဆာ့ဒ်ရဲ့စွမ်းဆောင်အပေါ်မှာ ပြောတာမဟုတ်ဘဲ အာဆင်နယ်ရဲ့ အသင်းအဖွဲ့အဖြစ် တိုးတက်မှုနဲ့ အာတီတာလက်အောက် လက်ရှိအခြေအနေရဲ့ ပကတိအမှန်တရားအပေါ်မှာ ပြောတာပါ။ အရှင်းဆုံးပြောရရင် ၄ ယောက်စလုံး သုံးလို့မရပါဘူး။ အာဆင်နယ်ရဲ့ တိုက်စစ်မှာ ကစားသမား ၃ ဦးရှိတယ်။ သူတို့ကို အားဖြည့်ဖို့အတွက် ရှိနေတဲ့တစ်ယောက်နဲ့ဆိုရင် ၄ ယောက်ပါ။ ထရော့ဆာ့ဒ်၊ ဆာကာ၊ မာတီနယ်လီ၊ ဂျေးဇု။ ဒီ ၄ ယောက်စလုံးက လီဗာပူးလ်နဲ့ပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ရောက်ရှိလာမယ်လို့ ယူဆရရင် တစ်ယောက်ကတော့ အရန်ခုံမှာ ချန်ခဲ့ရမှာပါ။”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet