တူရကီမက်ဆီကို မရခဲ့တဲ့ ဂန်းနားတွေကို အကူအညီပေးနိုင်တဲ့ အန်ချယ်လော့တီ user

တူရကီမက်ဆီကို မရခဲ့တဲ့ ဂန်းနားတွေကို အကူအညီပေးနိုင်တဲ့ အန်ချယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ ကာလို အန်ချယ်လော့တီဟာ အာဆင်နယ်အသင်းရဲ့ ယခုနွေရာသီ နောက်ထပ် အထင်ကြီးဖွယ်ကစားသမားခေါ်ယူမှုကို လုပ်ဆောင်နိုင်ဖို့ အဓိကကျလာဖွယ်ရှိနေပါတယ်။

အာဆင်နယ်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အတက်ကြွဆုံး ပရီးမီးယားလိဂ်ကလပ်တွေထဲက တစ်ခုဖြစ်ပြီး ဟာဗတ်ဇ်ကို ချဲလ်ဆီးအသင်းကနေ ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

ဂန်းနားတွေဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်နဲ့ အိုင်းယက်နောက်ခံလူ ယူရီယန် တင်းဘားတို့ကိုလည်း လာမယ့်ရက်ပိုင်းတွေမှာ အမ်းမရိတ်စ်အရောက်ခေါ်ယူသွားတော့မှာ ဖြစ်ပါတယ်။ ရိုက်နဲ့ တင်းဘားတို့ဟာ သောကြာနေ့(ယနေ့)မှာ မြောက်လန်ဒန်ကလပ်အသင်းနဲ့ ဆေးစစ်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြိး စုစုပေါင်း ပေါင်သန်း ၁၄၀ ဝန်းကျင် တန်ကြေးရှိတဲ့ အပြောင်းအရွှေ့ကို အာတီတာရဲ့အသင်းက လုပ်ဆောင်မှာဖြစ်တာကြောင့် ယခုနွေရာသီ အသုံးစရိတ်ဟာ ပေါင်သန်း ၂၀၀ ကျော်သွားတော့မှာဖြစ်ပါတယ်။

အမ်းမရိတ်စ်ကို နောက်ထပ်ကစားသမားသစ်တွေ ရောက်ရှိလာနိုင်သေးပြီး အာတီတာနဲ့ အားကစားဒါရိုက်တာ အီဒူးတို့ဟာ ပြီးခဲ့တဲ့ရာသီ ဆုဖလား စိန်ခေါ်မှုကို တစ်ကြိမ်တစ်ခါမျှ ကံစွပ်သွားတာမဟုတ်ဘူးဆိုတာကို ပြသချင်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ လေဗာကူဆင်တောင်ပံကစားသမား မူဆာ ဒီယာဘီကို ခေါ်ယူဖို့ သတင်းထွက်ပေါ်နေခဲ့တာဖြစ်ပြီး ပြင်သစ်ကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့က ဘွန်ဒက်စ်လီဂါကလပ်အသင်းအနေနဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်မပိတ်ခင် အစားထိုးခေါ်ယူမှု ပြုလုပ်နိုင်မလားဆိုတဲ့အပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။

စပိန်ကသတင်းတွေအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ တူရကီမက်ဆီလို့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ အာဒါ ဂူလာကို လေဗာကူဆင်အသင်းကို အငှားချဖို့ စဉ်းစားနေပြီး အသက် ၁၈ နှစ်အရွယ်ကစားသမားဟာ ဖီနာဘာချီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်လျော်ကြေး ယူရို ၁၇.၅ သန်းကို လာလီဂါကလပ်အသင်းက ပေးချေခဲ့ပြီးနောက် ဘာနေဗျူးကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

စပိန်သတင်းဌာန AS ရဲ့ ဖော်ပြချက်အရ ဂူလာဟာ ရီးရဲလ်မက်ဒရစ်နဲ့ ရာသီကြိုလေ့ကျင့်ရေးတွေ ပြုလုပ်သွားမှာဖြစ်ပြီး နည်းပြ အန်ချယ်လော့တီက အဲဒီနောက်မှသာ အငှားချ၊ မချကို ဆုံးဖြတ်ချက် ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့်ဟောင်း ဇာဘီ အလွန်ဆို နည်းပြနေတဲ့ လေဗာကူဆင်အသင်းက ဂူလာကို အငှားချမယ်ဆိုရင် ပထမဆုံး ထည့်သွင်းစဉ်းစားခြင်းခံရမယ့်အသင်းဖြစ်ပြီး တူရကီမက်ဆီကိုသာ လာလီဂါကလပ်အသင်းက အငှားချခဲ့ရင် လေဗာကူဆင်အသင်းကလည်း ပြင်သစ်တောင်ပံကစားသမား ဒီယာဘီကို ပေါင်သန်း ၅၀ နဲ့ ရောင်းချဖို့ စဉ်းစားသွားမှာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ ပီအက်စ်ဂျီအသင်းကနေ လေဗာကူဆင်ကို ပြောင်းရွှေ့ခဲ့တဲ့ မူဆာ ဒီယာဘီဟာ ဘွန်ဒက်စ်လီဂါကလပ်အသင်းအတွက် ၁၇၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၄၉ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အသင်းဖော်ဟောင်းလည်းဖြစ်တဲ့ ဂန်းနားကစားသမားသစ် ဟာဗတ်ဇ်နဲ့ အမ်းမရိတ်စ်မှာ ပြန်လည် ဆုံစည်းဖွယ်ရှိနေတာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet