ဂန်းနားတွေ ထိုင်မရ ထမရဖြစ်အောင် အချက်ပေးလိုက်တဲ့ ဇာဗီ ဆိုင်မွန်နဲ့ အပြောင်းအရွှေ့ခြေလှမ်းများ
ပီအက်စ်ဗွီကြယ်ပွင့် ဇာဗီ ဆိုင်မွန်က အာဆင်နယ်အသင်းဆီကနေ စိတ်ဝင်စားခြင်း ခံနေရတဲ့အချိန်မှာ လာမယ့်ရက်သတ္တပတ်တွေအတွင်း ၎င်းရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အသက် ၂၀ အရွယ် ဒတ်ချ်ကြယ်ပွင့်ဟာ ၂၀၂၂-၂၀၂၃ ရာသီကို ဒတ်ချ်ထိပ်သီးအသင်းကြီးနဲ့အတူ အလွန်ကောင်းမွန်တဲ့ ခြေစွမ်း ပြသနိုင်ခဲ့ပြီး ၄၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ် နယ်သာလန်က သတင်းတွေအရ အသင်းအများအပြားဟာ ယခုရာသီ ကွင်းလယ်တိုက်စစ်ကစားသမားရဲ့ တိုးတက်မှုကို စောင့်ကြည့်ခဲ့ကြတယ်လို့ သိရပြီး အာဆင်နယ်က ဇာဗီ ဆိုင်မွန်ကို ခေါ်ယူမယ့်ပြိုင်ပွဲမှာ ဦးဆောင်နေတာ ဖြစ်ပါတယ်။
ပီအက်စ်ဗွီအသင်းဟာ အသက် ၂၀ အရွယ်ကစားသမားကို ယခုနွေရာသီမှာ ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့မယ်ုဆိရင် စံချိန်တင်ပြောင်းရွှေ့ကြေး တောင်းဆိုသွားဖွယ်ရှိနေပြီး လက်ရှိမှာတော့ ဇန်နဝါရီလတုန်းက ဂက်ခ်ပိုအတွက် လီဗာပူးလ် ပေးချေခဲ့တဲ့ ပေါင် ၃၆ သန်းက အသင်းစံချိန်တင်ပြေငာ်းရွှေ့ကြေးအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
ဆိုင်မွန်ဟာ လက်ရှိမှာ လာမယ့်အပတ် ခရိုအေးရှားနဲ့ ကစားရမယ့် နေးရှင်းလိဂ်ပွဲစဉ်မတိုင်ခင် နယ်သာလန်လက်ရွေးစင်အသင်းနဲ့အတူ ပူးပေါင်းနေတာဖြစ်ပြီး အဲဒီပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းက နောက်ထပ် ၄ ရက်အကြာမှာ အီတလီ သို့မဟုတ် စပိန်နဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
ဇာဗီ ဆိုင်မွန်က လာမယ့်ရာသီမှာ ပီအက်စ်ဗွီ ကစားသမားအဖြစ် ရှိနေဦးမလားဆိုတာကို မသေချာဘူးလို့ ပြောကြားခဲ့ပြီး လာမယ့်ရက်သတ္တပတ်အတွင်း မိသားစုနဲ့ ဆုံးဖြတ်ချက် ချမှတ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော် မသိသေးဘူး။ ကျွန်တော် အခု ဒတ်ချ်လက်ရွေးစင်အသင်းနဲ့အတူ ရှိနေပါတယ်။ ကျွန်တော် ဒီမှာ ၂ ပတ်လောက် အလုပ်လုပ်သွားမှာဖြစ်ပြီး ပြီးရင်တော့ ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့။ သိပ်မကြာခင် ကျွန်တော့်အတွက် ဘာက အကောင်းဆုံးဖြစ်မလဲဆိုတာ မိသားစုနဲ့အတူ ဆုံးဖြတ်သွားမှာပါ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဆိုင်မွန်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ ပီအက်စ်ဂျီအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားဖြစ်ပြီး စာချုပ်ထဲမှာ လီဂူးဝမ်းအသင်းက ပြန်ခေါ်ချင်တယ်ဆိုရင် ယခုနွေရာသီမှာ ယူရို ၁၂ သန်းနဲ့ ပြန်လည်ခေါ်ယူခွင့်ကို ထည့်သွင်းထားတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဆိုင်မွန်က အခုအချိန်မှာ ပီအက်စ်ဂျီအသင်းကို ပြန်သွားဖို့ စဉ်းစားမှာမဟုတ်ဘူးလို့ အရိပ်အမြွက် ပြောကြားခဲ့တာဖြစ်ပါတယ်။
“အဲဒါက ကျွန်တော်နဲ့ ပီအက်စ်ဗွီတို့ကြားက စာချုပ်ပါ အချက်ပါ။ ကျွန်တော်နဲ့ ပီအက်စ်ဂျီကြားက မဟုတ်ပါဘူး။ အဲဒါက ကျွန်တော် ပီအက်စ်ဂျီကို သွားချင်တယ်ဆိုရင် ရာသီကုန်မှာ ပမာဏတစ်ခုနဲ့ ပြန်သွားနိုင်တယ်ဆိုတဲ့အချက်ပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော့်ခေါင်းထဲမှာ ထွက်ခွာဖို့ မရှိပါဘူး။ ကျွန်တော် ဒီမှာ အထိုင်ကျနေပြီ။ ကျွန်တော် ဒီမှာ အဆင်ပြေတယ်လို့ ခံစားရတယ်။ ခင်ဗျား အဲဒါကို ကွင်းထဲမှာလည်း မြင်နိုင်တယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော် ဒီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လာခဲ့တာပါ။ အဲဒီတော့ ကျွန်တော် ဘယ်သူနဲ့မှ မသက်ဆိုင်ပါဘူး။ ကျွန်တော်ကပဲ ဆုံးဖြတ်ချက်တွေ ချမှတ်ရမယ့်သူပါ”လို့ ယခုရာသီအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ညာနောက်ခံနေရာကို အင်အားဖြည့်တင်းဖို့အတွက် ဂလာတာဆာရေးနောက်ခံလူ ဆာချာ ဘိုဝီကို ပထမဆုံး ကမ်းလှမ်းမှု ပြုလုပ်လိုက်တယ်လို့ သိရပြီး အသက် ၂၂ နှစ်အရွယ် ပြင်သစ်နောက်ခံလူအတွက် ပေါင် ၁၂ သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
တူရကီလိဂ်ချန်ပီယံတွေဟာ ဆာချာ ဘိုဝီအတွက် အနည်းဆုံး ပေါင် ၁၇.၂ သန်းလိုချင်နေတာဖြစ်ပြီး အာဆင်နယ်အနေနဲ့ ၎င်းတို့ရဲ့ ပထမဆုံး ကမ်းလှမ်မှုကို တိုးမြှင့်လိမ့်မယ်လို့ မျှော်မှန်းထားကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ယခုနွေရာသီအဓိကပစ်မှတ်ဖြစ်တဲ့ ဒီကလန် ရိုက်စ်ကို ကြယ်ပွင့်ဟောင်း ဂျက်ခ် ဝီလ်ရှိုင်းယားကျေးဇူးနဲ့ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေမှာ ရှိနေတယ်လို့ သိရပြီး ဂန်းနားအသင်းတာဝန်ရှိသူတွေဟာ ကွင်းလယ်ကစားသမားဟောင်းက ဝက်စ်ဟမ်းကြယ်ပွင့်ကို ခေါ်ယူရာမှာ မဟာဗျူဟာကျတဲ့ကစားသမားအဖြစ် ရှုမြင်ထားခဲ့တာဖြစ်ပါတယ်။
ဝီလ်ရှိုင်းယားဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ဝက်စ်ဟမ်းမှာ ဒီကလန် ရိုက်စ်နဲ့အတူတူ တွဲကစားပြီး ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ပြီးနောက် အာဆင်နယ်ကို ပြန်လာပြီး လူငယ်အသင်းနည်းပြအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။
ဝီလ်ရှိုင်းယားက အဲဒီသတင်းတွေ ထွက်ပေါ်ပြီးသိပ်မကြာခင်မှာပဲ ၎င်းရဲ့ သူငယ်ချင်းကို အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာစေချင်တယ်လို့ ဝန်ခံ ပြောကြားခဲ့ပြီးနောက် ကောလာဟလတွေကို မီးလောင်ရာလေပင့်ပေးခဲ့တာဖြစ်ပါတယ်။
“ဘယ်အသင်းကို အားပေးတဲ့သူမဆို ဒီကလန် ရိုက်စ်ကို ပူးပေါင်းစေချင်မှာပဲ။ ကိုယ့်ဘက်ကိုယ်ယက်ပြီး ပြောရမယ်ဆိုရင် မြောက်လန်ဒန်မှာ သူက အာတီတာရဲ့ စောင့်ရှောက်မှုအောက်မှာ အရမ်းကောင်းလိမ့်မယ်လို့ ထင်ပါတယ်။ မီခေးလ်က သူ့ကို တိုးတက်စေပါလိမ့်မယ်။ သူ့ကို ပိုလို့တောင် ကောင်းအောင်လုပ်ပေးပြီး သူက အသင်းအတွက်လည်း ကြီးမားတဲ့ကစားသမားဖြစ်လာမှာပါ။ ကျွန်တော် ဒီကလန်နဲ့ စကားပြောခဲ့ပြီး သူ လုပ်နေတာတွေက မယုံနိုင်စရာကောင်းတယ်လို့ ပြောခဲ့တယ်။ သူက ပရီးမီးယားလိဂ်အသင်းကြီးရဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီး အမြဲတမ်းလေ့လာသင်ယူနေတယ်။ သူ ဘယ်ပဲသွားသွား ကျွန်တော် စောင့်မျှော်နေပါတယ်။ အဲဒါက အာဆင်နယ်ဖြစ်မယ်လို့ မျှော်လင့်တယ်။ အဲဒါဆိုရင် ကြီးမားတဲ့ ခေါ်ယူမှုဖြစ်လာမှာဖြစ်ပြီး ကွက်တိအံဝင်မှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Team News
- Transfer News