ဂန်းနားတွေ ကြားချင်နေတဲ့ တိုက်ပွဲခေါ်သံ ပေးလိုက်တဲ့ ဗန်ဒိုက် 150 150 coyg

ဂန်းနားတွေ ကြားချင်နေတဲ့ တိုက်ပွဲခေါ်သံ ပေးလိုက်တဲ့ ဗန်ဒိုက်

ယခုရာသီရဲ့ နောက်ဆုံး နိုင်ငံတကာအားလပ်ရက်က ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ကစားသမားတွေက ရာသီကို အဆုံးသတ်ဖို့အတွက် ကလပ်အသင်းတွေဆီကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်တန်းဆင်းဇုန်ထဲမှာ အသင်း ၉ သင်းအထိ ရှိနေတယ်လို့ အကြမ်းဖျင်းအားဖြင့် ပြောလို့ရပြီး ဥရောပဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့အသင်း ၆ သင်း၊ အမှတ်ပေးဇယားအလယ်မှာ ၂ သင်း၊ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ တိုက်ပွဲဝင်နေတဲ့အသင်း ၂ သင်းရှိနေတာဖြစ်ပါတယ်။

အမှတ်ပေးဇယားထိပ်ဆုံးမှာ တိုက်ပွဲဝင်နေတဲ့အသင်း ၂ သင်းကတော့ အာဆင်နယ်နဲ့ မန်စီးတီးတို့ဖြစ်ပြီး မေလကုန်အထိ ကစားဖို့ ၁၀ ပွဲသာ ကျန်ရှိကြတော့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ လက်ရှိမှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်အသာနဲ့ ဦးဆောင်နေပြီး အခြားအာရုံထွေပြားစရာ ဘာဖလားပြိုင်ပွဲမှ ပါဝင်ယှဉ်ပြိုင်နေခြင်း မရှိတော့တာ ဖြစ်ပါတယ်။

နောက်ဆုံးပွဲအနည်းငယ်သာ ကစားဖို့ ကျန်ရှိတော့တဲ့ အာဆင်နယ်အသင်းက ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးလားလို့ မေးမြန်းခဲ့ရာမှာ အာတီတာက “ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့ အသင်းအတွင်းပိုင်းမှာ ဆွေးနွေးနေတဲ့အရာက တကယ်ကို နှိမ့်ချတတ်ဖို့၊ လာမယ့်လေ့ကျင့်ရေးအစီအစဉ်မှာ အလုပ်လုပ်ဖို့၊ နေ့တိုင်း ပိုကောင်းမွန်အောင် ကြိုးစားဖို့ဖြစ်ပြီး အဲဒါက ကျွန်တော်တို့ အာရုံစိုက်နေတဲ့အရာပါ။ ပြီးဆုံးအောင် ကစားရမယ့် ရာသီရဲ့ ကြီးမားတဲ့အစိတ်အပိုင်းရှိနေပါသေးတယ်။”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ရာသီအဆုံးသတ်ပိုင်း မရောက်ခင်မှာ ကြီးမားတဲ့ပွဲစဉ်အချို့ ရှိနေသေးပုံပေါ်ပြီး တစ်ပွဲကတော့ စီးတီးနဲ့ အာဆင်နယ်တို့ကြား ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး နောက်တစ်ပွဲကတော့ လီဗာပူးလ်နဲ့ စီးတီးတို့ကစားရမယ့်ပွဲစဉ်ဖြစ်ပါတယ်။ ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ယခုအပတ်မှာ ဂွါဒီယိုလာရဲ့အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က အာဆင်နယ်ပရိသတ်တွေ စိတ်ကျေနပ်စေမယ့် သတင်းစကားမျိုး ပေးပို့ခဲ့တာဖြစ်ပါတယ်။

လက်ရွေးစင်အသင်းဖော် နေသန် အာကီနဲ့ ရင်ဆိုင်ရမှာနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ဗန်ဒိုက်က “ကျွန်တော် နေသန်နဲ့ အရမ်းနီးစပ်ပါတယ်။ နေ့စဉ်ဘဝထဲမှာရောပါပဲ။ ကျွန်တော်တို့ အိမ်ချင်းကလည်း နီးတယ်။ ကျွန်တော်တို့ မိသားစုတွေကလည်း အရမ်းသင့်မြတ်ကြပြီး အပတ်တိုင်း တွေ့ဖြစ်ကြပါတယ်။ နတ်က တစ်နှစ်လုံး ကောင်းမွန်တဲ့ ပုံစံရရှိနေခဲ့ပေမယ့် သူက ရိုးရိုးကုပ်ကုပ် နေတတ်သူလည်း ဖြစ်ပါတယ်။ သူက အခုအချိန်မှာ အရမ်းကောင်းကောင်း ကစားနေပြီး ကျွန်တော်တို့ လက်ရွေးစင်အသင်းနဲ့ မန်စီးတီးအတွက်လည်း အရမ်းအရေးပါတဲ့သူပါ”

“သူက အရမ်းကို ခြေစွမ်းပိုင်းတည်ငြိမ်မှုရှိပြီး လူတွေက အဲဒါဟာ ဘောလုံးသမားတွေ လုပ်ဖို့အတွက် အခက်ခဲဆုံးအရာဆိုတာကို မသိကြပါဘူး။ ကျွန်တော် သူ့အတွက် ပျော်ရွှင်မိပါတယ်။ ဘာလို့လဲဆိုတော့ နောက်ကွယ်မှာ ဖြစ်နေတာတွေနဲ့ ဘယ်လောက်အထိ ဒီလိုမျိုး ခြေစွမ်းပြသနိုင်အောင် သူ လုပ်ခဲ့ရလဲဆိုတာကို သိနေလို့ပါ။ စနေနေ့မှာ သူက မို ဆာလားနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ကျွန်တော်တို့ ရလဒ်ကောင်းရနိုင်တယ်လို့ မျှော်လင့်မိပါတယ်။ ဝီစီမှုတ်လိုက်တဲ့အချိန်မှာ ကွင်းထဲမှာ တိုက်ပွဲနဲ့ စစ်ပွဲ စပါပြီ။ အဲဒါအပြီးကျရင်တော့ ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် ခင်မင်ရင်းနှီးစွာနဲ့ ပြန်လည်ဆက်ဆံသွားမှာဖြစ်ပြီး ဘောလုံးထက် ဘဝမှာ ပိုပြီးအရေးကြီးတဲ့အရာတွေရှိနေပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်အနေနဲ့ မန်စီးတီးနဲ့ပွဲစဉ်မှာ ရလဒ်ကောင်း ရရှိပြီး ယခုအပတ်မှာ ဂွါဒီယိုလာရဲ့ အသင်းကို ၁၁ မှတ်အထိ ဖြတ်ထားနိုင်တဲ့ အနေအထားမှာ ရှိလာနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

Arsenal Myanmar
Ref: Internet