ဂန်းနားတွေနဲ့ ဆုဖလားတိုက်ပွဲမတိုင်ခင် စီးတီးရဲ့စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ ဂွါဒီယိုလာ
ပက် ဂွါဒီယိုလာက ရှက်ဖီးယူနိုက်တက်၊ အာဆင်နယ်တို့နဲ့ ကစားရမယ့် အရေးကြီးတဲ့ပွဲစဉ် ၂ ပွဲမတိုင်ခင် မန်ချက်စတာစီးတီးက မောပန်းနေပြီလို့ ပြောကြားခဲ့ပါတယ်။
မန်စီးတီးဟာ ကမ္ဘာ့ဖလားအပြီးကတည်းက စိတ်လှုပ်ရှားဖွယ် ပုံစံကောင်းကို ရရှိနေခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူနစ်ကို ၂ ကျော့ပေါင်း ၄-၁ နဲ့ အနိုင်ယူပြီးနောက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကွာတားဖိုင်နယ် နိုင်ပွဲဟာ ပေးဆပ်ရမှုတွေလည်း ရှိခဲ့ပုံပေါ်ပြီး ဂွါဒီယိုလာက ၎င်းရဲ့အသင်းဟာ မြူးနစ်က ဒုတိယအကျော့အပြီးမှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာ မောပန်းနွမ်းနယ်နေပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ဖလားအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ပွဲစဉ်ကို မယှဉ်ပြိုင်မီ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရှက်ဖီးယူနိုက်တက်နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။
အာတီတာရဲ့ ဂန်းနားတွေကိုသာ အနိုင်ရရှိခဲ့မယ်ဆိုရင် မန်ချက်စတာစီးတီးအတွက် အမှတ်ပေးဇယားထိပ်ဆုံးနဲ့ ကွာဟမှုကို နောက်ထပ် လျော့ကျစေမှာဖြစ်ပေမယ့်လည်း ဂွါဒီယိုလာက ပွဲဆက်တွေများလွန်းတဲ့အပေါ်မှာ ၎င်းရဲ့ စိုးရိမ်မှုကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ မောပန်းနေပါပြီ။ ရှက်ဖီးယူနိုက်တက်နဲ့ ကစားဖို့ ဘယ်လို အနားပြန်ယူရမလဲဆိုတာ ကျွန်တော် မသိပါဘူး။ အခုက စနေနေ့ပွဲအတွက် ခက်ခဲတဲ့အခိုက်အတန့်ပါ။ ဟုတ်တာပေါ့။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ၃ နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တဲ့အတွက် ပျော်တာပေ့ါ”
“ကျွန်တော်တို့ ပထမပိုင်းမှာ ရုန်းကန်ခဲ့ရတယ်။ ကျွန်တော်တို့ ပင်နယ်တီမလွဲချော်ခင်အထိ ကံကောင်းခဲ့တယ်။ သူတို့တွေ အခွင့်အရေး ၁ ကြိမ်၊ ၂ ကြိမ် ရခဲ့ပြီး ဘာမဆို ဖြစ်သွားနိုင်ခဲ့ပေမယ့်လည်း ကျွန်တော်တို့ တကယ်ကောင်းကောင်း ကာကွယ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ ရှိထားတဲ့ အတွေ့အကြုံ၊ ကစားသမားတွေက အဲဒါကို အများကြီး ခံစားမိတယ်။ သူတို့တွေ တကယ်ကောင်းကောင်း လုပ်ချင်တယ်။ ဒုတိယပိုင်းက ပထမဆုံးတစ်မိနစ်ကတည်းက အများကြီး အများကြီး ပိုကောင်းခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဖလားပြိုင်ပွဲမှာ ရာသီအချိန်အများစုကို ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း ဘာနာဒို ဆေးလ်ဗားက မန်စီးတီးက ဂန်းနားတွေကို ကျော်ဖြတ်ပြီး ဖလား ၃ လုံးရယူနိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“ကျွန်တော်တို့ ဖေဖော်ဝါရီလမတိုင်ခင်အထိ ရုန်းကန်ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အရင်က ၁၀ပွဲ၊ ၁၅ ပွဲဆက်တိုက်အနိုင်ရခဲ့တဲ့ ပုံမှန်ခြေစွမ်းအတိုင်း မရနိုင်ခဲ့လို့ပါ။ ဒါပေမယ့် အခုကျွန်တော်တို့ အရမ်းခြေစွမ်းတည်ငြိမ်နေပါပြီ။ ကျွန်တော်တို့ ပြိုင်ပွဲတိုင်းမှာ အခွင့်အရေးရှိတယ်လို့ ခံစားနေရပြီး အဲဒီဖလားတွေကို ရယူသွားမှာပါ”
“ကျွန်တော်တို့က တစ်ပွဲရှုံးတာနဲ့ ပြိုင်ပွဲကနေ ထွက်သွားရနိုင်တဲ့ အချိန်ကို ရောက်နေပါပြီ။ အဲဒါက ခက်ခဲလာတော့မှာပါ။ ဒါပေမယ့် ကျွန်တော်တို့ အိမ်ကို ဆုဖလားအချို့ ယူဆောင်သွားနိုင်ဖို့ အရမ်းကို ပြင်းပြင်းထန်ထန် အလုပ်လုပ်သွားမှာပါ။ အနိုင်ပြီးရင်း အနိုင်အပေါ်မှာ တည်ဆောက်သွားမှာဖြစ်ပြီး ဒီယုံကြည်ချက်က အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့ အဲဒီအတိုင်းပဲ ဆက်ပြီး လုပ်သွားဖို့လိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Rivals' Talk