ဂန်းနားတွေကို ငြင်းခဲ့တဲ့ မာဒရစ်ခ်ကို ဘာပြောခဲ့လဲဆိုတာ ပြောပြခဲ့တဲ့ ဇင်ချန်ကို
အိုလက်ဇန်းဒါး ဇင်ချန်ကိုဟာ ၎င်းရဲ့ ယူကရိန်းလက်ရွေးစင်အသင်းဖော်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ငြင်းပယ်ခဲ့ပြီးနောက် မာဒရစ်ခ်အပေါ်မှာ ဘာအာဃာတမှ မထားခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။
ဂန်းနားတွေဟာ ဥရောပဘောလုံးလောကရဲ့ အလားအလာအရှိဆုံး လူငယ်တိုက်စစ်ကစားသမားတွေထဲက တစ်ဦးကို ခေါ်ယူဖို့အတွက် ၎င်းတို့ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးကိုတောင် ရိုက်ချိုးတော့မယ့်ပုံပေါ်ခဲ့တာဖြစ်ပါတယ်။
မာဒရစ်ခ်ဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ချင်တဲ့ဆန္ဒကို လူမှုကွန်ရက်ပေါ်မှာ ပို့စ်တွေ တင်ပြီး ပြသခဲ့သလို ဇင်ချန်ကိုရဲ့ ဇနီး ဂျာနယ်လစ် ဗလာဒါ ဆီဒန်နဲ့ အင်တာဗျူးမှာလည်း မြောက်လန်ဒန်ကို ပြောင်းရွှေ့ဖို့ အိပ်မက် မက်ခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ ရှက်တာဒိုးနတ်နဲ့ ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှု မရရှိခဲ့တာဖြစ်ပြီး ယူကရိန်းကလပ်အသင်းက တောင်းဆိုခဲ့တဲ့ ပမာဏကို ပေးချေဖို့ ငြင်းဆန်ခဲ့တာကြောင့် ချဲလ်ဆီးအသင်းက ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းက ရှက်တာဒိုးနတ်တောင်းသလောက် ပေးဖို့ အဆင်သင့်ဖြစ်နေခဲ့တာကြောင့် မာဒရစ်ခ်လည်း ရွေးချယ်စရာမရှိတော့ဘဲ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တာကြောင့် ဇင်ချန်ကိုအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် သူ့ကို ပြောခဲ့တယ်။ ဖြစ်ခဲ့တာတွေက ဖြစ်ခဲ့ပြီးပြီ။ မင်း ဘာပဲလိုချင်ခဲ့ လိုချင်ခဲ့၊ တခြားလူတွေ ဘာတွေပဲ လိုချင်ခဲ့ လိုချင်ခဲ့ အရေးမပါတော့ဘူး။ အခု မင်းက ချဲလ်ဆီးကစားသမားဖြစ်နေပြီ။ မင်း ကာလရှည် စာချုပ် ချုပ်ဆိုခဲ့ပြီဆိုတော့ မင်းမှာ ရွေးချယ်စရာ တစ်ခုပဲ ရှိတော့တယ်။ တစ်ခုတည်းသော နည်းလမ်းက ဖြစ်လာတာနဲ့ မျက်နှာချင်းဆိုင်ပြီး ရှေ့ဆက်သွားလို့ ပြောခဲ့တယ်။ ကံဆိုးစွာနဲ့ပဲ သူ အာဆင်နယ်ကစားသမားဖြစ်မလာခဲ့ဘူး။ ကျွန်တော် ဖြစ်စေချင်ခဲ့တဲ့အတိုင်း ဖြစ်မလာခဲ့ဘူး။ ဒါပေမယ့် အဲဒါက ဘဝပဲ”လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ မာဒရစ်ခ်ရဲ့ ငြင်းပယ်မှုကို ဘရိုက်တန်က လီအန်ဒရို ထရော့ဆာ့ဒ်ကို ခေါ်ယူပြီး တုံ့ပြန်ခဲ့တာဖြစ်ပြီး အဲဒီဆုံးဖြတ်ချက်ဟာ ချက်ချင်းဆိုသလို အကျိုးသက်ရောက်မှု ပြသခဲ့တာ ဖြစ်ပါတယ်။
ထရော့ဆာ့ဒ်ဟာ ပရီးမီးယားလိဂ်မှာ အသားကျနေပြီးသား ကစားသမားဖြစ်တာကြောင့် အမ်းမရိတ်စ်မှာ ချက်ချင်း အကျိုးသက်ရောက်မှု ပြသနိုင်ခဲ့ပြီး မာဒရစ်ခ်ကတော့ အင်္ဂလိပ်ဘောလုံးလောကမှာ အသားကျဖို့အတွက် ရုန်းကန်နေရတာဖြစ်ပါတယ်။
လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ပွဲဦးထွက်ပွဲစဉ်မှာ အထင်ကြီးဖွယ် ခြေစွမ်းအချို့ ပြသခဲ့ပေမယ့်လည်း နောက်ထပ် ၆ ပွဲကစားခဲ့ရာမှာ ဂိုးဖန်တီးမှု တစ်ကြိမ်သာ ပြုလုပ်ထားနိုင်သေးပြီး ဂရေဟမ်ပေါ့တားရဲ့ ပုံမှန်အပြောင်းအလဲရှိနေတဲ့ ပွဲထွက်လူစာရင်းထဲမှာလည်း နေရာတစ်နေရာ အခိုင်အမာ မရရှိသေးတာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Players' Talk