အာတီတာဆီ စာပို့မယ်လို့ ခြိမ်းခြောက်တဲ့ ဖခင်အကြောင်း ပြောပြခဲ့တဲ့ ရမ်းစ်ဒေးလ် admin

အာတီတာဆီ စာပို့မယ်လို့ ခြိမ်းခြောက်တဲ့ ဖခင်အကြောင်း ပြောပြခဲ့တဲ့ ရမ်းစ်ဒေးလ်

အာရွန် ရမ်းစ်ဒေးလ်ကလ်က ၎င်းရဲ့ ဖခင်ဟာ နောက်တန်းကနေ တိုက်စစ်စတင်ဖို့ တောင်းဆိုနေတဲ့ နည်းပြ အာတီတာဆီကို စာပို့မယ်လို့ ခြိမ်းခြောက်တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အာတီတာရဲ့ ဘောလုံး ကစားနိုင်တဲ့ ဂိုးသမားမျိုး လိုချင်တဲ့ဆန္ဒကြောင့် ဘန်းဒ် လီနိုရဲ့ အာဆင်နယ်ဂိုးသမားဘဝဟာ အဆုံးသတ်ခဲ့ရတာဖြစ်ပြီး အာရွန် ရမ်းစ်ဒေးလ်က အသင်းရဲ့ နံပါတ် ၁ ဂိုးသမား ဖြစ်လာခဲ့တာဖြစ်ပါတယ်။ အာရွန် ရမ်းစ်ဒေးလ်ဟာ ဘောလုံးကို ခြေထောက်နဲ့ပါ ကစားနိုင်တဲ့ အရည်အချင်းဟာ အလိုလို ဖြစ်လာတာမဟုတ်ဘူးလို့ ပြောကြားခဲ့ပေမယ့်လည်း အာဆင်နယ်ဂိုးသမားဟာ ပရီးမီးယားလိဂ်မှာ ဘောလုံးကစားနိုင်တဲ့ အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးအဖြစ် လျင်လျင်မြန်မြန် တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ရမ်းစ်ဒေးလ်ကို နောက်တန်းကနေ တိုက်စစ် စတင်တဲ့ ကစားပုံကို ကြည့်ရတာက ၎င်းရဲ့ ဖခင် နစ်ခ်အတွက်တော့ စိတ်မသက်မသာဖြစ်စရာ အခိုက်အတန့်ဖြစ်ခဲ့ပြီး သားဖြစ်သူကို ကိုယ့်ပင်နယ်တီဧရိယာထဲကနေ တိုက်စစ်စတင်ဖို့ ကြိုးပမ်းတာ မြင်ရတာ မုန်းတီးခဲ့တာ ဖြစ်ပါတယ်။

“သူ အဲဒါကို မုန်းတီးနေဆဲဖြစ်ပြီး လုံးဝကို မုန်းတီးတာပါ။ သူက မီခေးလ်ကို စာတိုပို့မယ်ဆိုပြီး ခြိမ်းခြောက်နေတုန်းပါ။ တစ်ခုတည်းသော ပြဿနာက ကျွန်တော် နည်းနည်းရှေ့ပိုတက်ပြီး တွန်းအားပေးမိရင် လုပ်လေ။ ဆက်လုပ်ပါ။ မင်း အဲဒါကို လုပ်ချင်မှာမဟုတ်ပါဘူးဆိုပြီး ပြောနေတာပါ။ သူ တကယ်ကို စာတိုပို့မှာပါ။ ဘာလို့လဲဆိုတော့ အာတီတာရဲ့ဖုန်းနံပါတ် သူ့ဆီမှာ ရှိလို့ပါ။ ကျွန်တေ်ာ အဲဒါ တစ်ခုကိုတော့ တကယ် ဂရုတစိုက်နဲ့ ကစားနေရပါတယ်။ အဲဒီလို ကစားတာက ကျွန်တော့်အတွက် အလိုအလျောက်ဖြစ်လာတာမျိုး မဟုတ်ခဲ့ပါဘူး။ ကျွန်တော် ဘော်လ်တန်ကနေ ကျွန်တော့်ရဲ့ အရပ်အမောင်းနဲ့ ဘောလုံးမကန်နိုင်တာကြောင့် ထွက်ခွင့်ပေးခြင်းခံခဲ့ရပါတယ်။ အဲဒီတော့ ခံစစ်ကနေ ဘောလုံးကစားပြီး တိုက်စစ်စတင်တာက ကျွန်တော့်မှာ အမြဲတမ်းရှိနေခဲ့တဲ့ အရည်အချင်းတစ်ခုတော့မဟုတ်ဘဲ ရှက်ဖီးယူနိုက်တက်နဲ့ အင်္ဂလန်က လူငယ်အသင်းနည်းပြတွေကို ကြီးကြီးမားမား ချီးကျူးရမှာပါ။”

“သူတို့တွေက အသင်းမှာ ခင်ဗျား လုပ်တာထက် နည်းနည်းပိုပြီး ထက်မြက်မှုရှိလာဖို့ ပြင်ပ ကစားသမားတွေနဲ့ လေ့ကျင့်ရေးလုပ်ဖို့ ပြောခဲ့တယ်။ ကျွန်တော် လူငယ်အသင်းကစားသမားဘဝတုန်းက အဲဒီကို သွားပြီး လူငယ်ဂိုးသမားတွေကို အင်္ဂါနေ့နဲ့ ကြာသပတေးနေ့ညမှာ ကူညီပေးပြီး ပိုက်ဆံနည်းနည်းပိုရှာခဲ့တယ်။ ကျွန်တော် ယူ-၁၆ သင်းနဲ့လည်း ပူးပေါင်းပြီး ပြင်ပကစားသမားအဖြစ်နဲ့လည်း ကစားပေးခဲ့ပါတယ်။ အဲဒါတွေက ကျွန်တော့်ကို ဘောလုံးအပေါ်မှာ နည်းနည်းပိုပြီး သက်တောင့်သက်သာရှိစေခဲ့ပြီး ခြေထောက် ၂ ဖက်စလုံးနဲ့ ကစားနိုင်စေခဲ့တယ်။ အဲဒါက အမြဲတမ်း တိုးတက်နေခဲ့တဲ့ အရာတစ်ခုပါ”လို့ ပြောကြားခဲ့ပါတယ်။

လီနိုဟာ ပြီးခဲ့တဲ့ရာသီ အာဆင်နယ်ရဲ့ ပထမဆုံး ၃ ပွဲကို ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ရမ်းစ်ဒေးလ်က သိပ်မကြာခင်မှာပဲ အာတီတာရဲ့ ပထမဦးစားပေး ဂိုးသမား ဖြစ်လာခဲ့တာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရမ်းစ်ဒေးလ်ဟာ အမ်းမရိတ်စ်ကွင်းမှာ အထင်ကြီးဖွယ် ရာသီကို ပိုင်ဆိုင်နေပြီး ၂၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၂၆ ဂိုးသာ ခွင့်ပြုပေးခဲ့ရပြီး ဂန်းနားတွေကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ် ဦးဆောင်နိုင်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်က ပြီးခဲ့တဲ့ရာသီကုန်တုန်းက အာဆင်နယ်အသင်းဟာ စိတ်လှုပ်ရှားနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပေမယ့် ဒီရာသီမှာတော့ မတူညီတဲ့ရလဒ်တွေကို မျှော်မှန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့ရာသီကုန်မှာ ကျွန်တော်တို့ အချို့ပွဲတွေမှာ စိတ်လှုပ်ရှားနေခဲ့ကြတယ်။ ကျွန်တော်တို့ အဲဒီကနေ လေ့လာသင်ယူခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အဲဒါကို ဘယ်လို ဖြေရှင်းရမလဲဆိုတာကို အခုအချိန်မှာ အများကြီး ကောင်းကောင်းပိုသိနေပြီလို့ ထင်တယ်။ အဲဒါက ကျွန်တော်တို့ ပွဲစဉ်တွေကို စိတ်လှုပ်ရှားခြင်းမရှိဘဲ ကစားသွားမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် ပွဲကစားချိန်အများစုအတွက် ကျွန်တော်တို့ ဘာလိုအပ်လဲ၊ ဘယ်လိုကစားရမလဲ၊ ဘယ်လိုပြုမူရမလဲဆိုတာကို သိနေပြီလို့ ပြောချင်တာပါ။ ကျွန်တော်တို့က ငယ်ရွယ်တဲ့အသင်းပါ။ ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်မှာ ထိပ်ဆုံး ၄ နေရာနဲ့ လွဲချော်ပြီး ခက်ခဲကြမ်းတမ်းတဲ့နှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ထိပ်ဆုံး ၄ နေရာကို တော့တင်ဟမ်ကို ပေးလိုက်ရတာက ပိုလို့တောင် ခက်ခဲခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ တစ်ပွဲချင်းစီကနေ လေ့လာသင်ယူနေတယ်။ ကျွန်တော် နည်းပြအဖွဲ့ကို ကြီးမားတဲ့ ချီးကျူးမှုပြုလုပ်ရမှာဖြစ်သလို ကျွန်တော်တို့ရဲ့ ပြီးခဲ့တဲ့နှစ် ကျရှုံးမှုကိုလည်း ကျေးဇူးတင်ရမယ်လို့ ထင်ပါတယ်။”လို့ပြောကြားခဲ့ပါတယ်။

Arsenal Myanmar
Ref: Internet