အာဆင်နယ်ပါဝင်တဲ့ ဆုဖလားဟောကိန်းကို ထုတ်လိုက်တဲ့ လီဗာပူးလ်ဂန္တဝင် user

အာဆင်နယ်ပါဝင်တဲ့ ဆုဖလားဟောကိန်းကို ထုတ်လိုက်တဲ့ လီဗာပူးလ်ဂန္တဝင်

ဂရေမီ ဆောင်းနက်စ်က အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်တို့က မန်ချက်စတာစီးတီး လွှမ်းမိုးနေမှုကို အဆုံးသတ်ဖို့ ကြိုးပမ်းကြလိမ့်မယ်လို့ ၎င်းရဲ့ လာမယ့်ရာသီ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲဟောကိန်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်အသင်းနောက်ကနေ တစ်ရာသီလုံး လိုက်ကစားခဲ့ရပြီးမှ ရာသီနောက်ဆုံးရက်သတ္တပတ်တွေမှာ ဂန်းနားတွေကို ကျော်တက်ပြီး ၃ နှစ်ဆက် လိဂ်ဖလားကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ဖလားရခါနီးမှ လက်လွှတ်ခဲ့ရတဲ့အတွက် လာမယ့်ရာသီမှာ နောက်ထပ်တစ်ကြိမ် စိန်ခေါ်နိုင်ဖို့အတွက် ယခုနွေရာသီမှာ ပေါင်သန်း ၂၀၀ ကျော် သုံးစွဲထားပြီး မန်ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ကလည်း ဂွါဒီယိုလာရဲ့အသင်းနဲ့ ယှဉ်ပြိုင်နိုင်ဖို့ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

“ပရီးမီးယားလိဂ်က တစ်ဦးတည်းပိုင် ဖြစ်လာမယ့် အန္တရာယ်ရှိနေတယ်လို့ ကျွန်တော် မထင်ပေမယ့် မန်ချက်စတာစီးတီးက နောက်ထပ်တစ်ကြိမ် ချန်ပီယံဖြစ်လိမ့်မယ်လို့တော့ ထင်ပါတယ်။ သူတို့တွေက အားအကောင်းဆုံးအသင်းဖြစ်ပြီး သူတို့မှာ ပရီးမီးယားလိဂ်က ကျွန်တော် သိခဲ့သမျှထဲမှာ အကောင်းဆုံးကစားသမားအစုအဖွဲ့ကို ပိုင်ဆိုင်ထားတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ မှန်ကန်တဲ့ တည်ဆောက်ပုံရှိနေပြီး ဘောလုံးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ချမယ့် ဘောလုံးနဲ့သက်ဆိုင်တဲ့လူတွေရှိပါတယ်။ သူတို့မှာ အရမ်းကြီးမားတဲ့အတွေ့အကြုံတွေရှိပြီး အောင်မြင်မှုရခဲ့တဲ့ နည်းပြကောင်း(ဂွါဒီယိုလာ)လည်းရှိတယ်။ သူတို့တွေမှာ အကောင်းဆုံးကစားသမားတွေရှိတယ်။ အကောင်းဆုံးကစားသမားတွေနဲ့ဆိုတော့ ခင်ဗျား လိဂ်ဖလားတွေ ရမှာပါ။ ဒီနှစ်မှာလည်း တူညီတဲ့ စိန်ခေါ်မှုမျိုး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ အာဆင်နယ်က စီးတီးကို စိန်ခေါ်နိုင်ပါလိမ့်မယ်”

“အာဆင်နယ်သာ နည်းနည်းလေးပိုပြီး အတွေ့အကြုံရှိခဲ့ရင်၊ ခက်ခဲတဲ့အချိန်တွေမှာ ယုံကြည်မှုလေး နည်းနည်းပိုရှိခဲ့ရင် သူတို့တွေ လိဂ်ဖလားကို ရခဲ့မှာပါ။ ခင်ဗျား မနှစ်က အာဆင်နယ်ကို ကြည့်လိုက်။ သူတို့အသင်းထဲမှာ ဆုဖလားဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့သူတွေ မရှိဘူး။ တနင်္လာနေ့မှာ သူတို့တွေ လိဂ်ဇယားကို ကြည့်ပြီး သူတို့တွေက ၁၀ မှတ်အကွာမှာရှိနေတာကို သိလိုက်ရတဲ့အချိန်မှာ သူတို့ရှိနေတဲ့ အခြေအနေကိုတောင် မယုံနိုင်ဖြစ်နေခဲ့ကြတဲ့သူတွေချည်းပဲ။ အဲဒီလိုအနေအထားဖြစ်နေတဲ့အချိန်မှာ မန်စီးတီးက သူတို့ကိုယ်သူတို့ ဒီပွဲကို ငါတို့ အနိုင်ကစားရုံပဲ။ နောက်ဆုံးမှာတော့ အာဆင်နယ်က လှည့်ကြည့်လှည့်ကြည့်နဲ့ သူတို့ရဲ့ ပွဲစဉ်အပေါ် မှာ အာရုံစိုက်မှုက လျော့ကျသွားလိမ့်မယ်ဆိုပြီး ပြန်ပြောခဲ့ကြတယ်။ အဲဒီအတိုင်းပဲ အတိအကျဖြစ်ခဲ့တာပဲလေ။ အာဆင်နယ်က အခွင့်အရေးကို လွှင့်ပစ်ခဲ့တယ်”

“အာဆင်နယ်အတွက် နောက်ထပ်တစ်ကြိမ် ဆုဖလားစိန်ခေါ်ဖို့ဆိုရင် ပြီးခဲ့တဲ့နှစ် အတွေ့အကြုံကြောင့် ထိခိုက်ပျက်စီးခဲ့လားဆိုတာကို မြင်ရမှာ စိတ်ဝင်စားစရာဖြစ်လာပါလိမ့်မယ်။ ခင်ဗျား ပေါ့သေးသေးလုပ်လို့မရဘူး။ ပရော်ဖက်ရှင်နယ်ဘောလုံးလောကက ခက်ခဲကြမ်းတမ်းတဲ့ လုပ်ငန်းပဲ။ သူတို့တွေ လဲပြိုခဲ့ပြီး တလွဲလုပ်ပစ်ခဲ့တယ်။ သူတို့တွေ အရမ်းကောင်းတဲ့နေရာမှာ ရှိနေခဲ့ပြီး မန်စီးတီးက သူတို့ကို နောက်ကနေ လိုက်နေခဲ့ရတာပါ။ အခု အဲဒါက သူတို့ကို ဖျက်ဆီးပစ်မှာလား ဒါမှမဟုတ် ပိုပြီး နက်နက်ရှိုင်းရှိုင်း ယှဉ်ပြိုင်နိုင်ဖို့ တွန်းအားဖြစ်စေမလားဆိုတာ ကြည့်ရမယ်။ ဒီကလန် ရိုက်ကို ခေါ်ယူခဲ့တာက သူတို့ကို တိုးတက်စေပါလိမ့်မယ်။ ဘယ်လောက်များများစားစား တိုးတက်မှုရှိမှာလဲဆိုတဲ့ မေးခွန်းကတော့ ရှိတာပေါ့။ ဒါပေမယ့် စီးတီးကတော့ အားလုံးကို ဦးဆောင်မယ့်အသင်းဖြစ်နေဆဲပါပဲ”လို့ ပြောဆိုခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet