အသင်းဖော်ကို ကြမ်းတမ်းတဲ့ မာတီနက်ဇ်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ အော်ဒီဂွါဒ် user

အသင်းဖော်ကို ကြမ်းတမ်းတဲ့ မာတီနက်ဇ်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ အော်ဒီဂွါဒ်

အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ နယူးဂျာစီမှာ ချစ်ကြည်ရေး ခြေစမ်းပွဲကစားခဲ့ကြတာဖြစ်ပေမယ့်လည်း ဒီ ၂ သင်းကြားမှာ ခြေစမ်းပွဲဆိုတာ မရှိဘူးဆိုတဲ့ စကားအတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ဘက် ၂ သင်းဟာ ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ Metlife ကွင်းမှာ ရင်ဆိုင်တွေ့ခဲ့ကြတာဖြစ်ပြီး ပထမပိုင်းမပြီးဆုံးခင်မှာ လီဆန်ဒရို မာတီနက်ဇ်က အန်ကီးတီးယားကိုပြင်းထန်တဲ့ ဖျက်ထုတ်မှုအပြီး ပြဿနာတက်ခဲ့ကြပါတယ်။

ကစားပုံကြမ်းတမ်းတဲ့ အာဂျင်တီးနားနောက်ခံလူဟာ အန်ကီးတီးယားနဲ့ ဘောလုံးကို ယှဉ်လုရာမှာ ဂန်းနားတိုက်စစ်မှူးကို ကြမ်းကြမ်းတမ်းတမ်းဝင်ခဲ့ပြီး ဘောလုံးရသွားခဲ့ပေမယ့်လည်း အာဆင်နယ်တိုက်စစ်မှူးဟာ အနာတရဖြစ်သွားခဲ့တာဖြစ်ပါတယ်။

ဘူကာယို ဆာကာကလည်း ပြင်းထန်တဲ့ ဖျက်ထုတ်မှု အချို့ကြောင့် နာကျင်မှုအချို့ ရရှိခဲ့ပြီး အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်က လုံးဝ သဘောမကျခဲ့ဘဲ ဒီလောက်ဆို သည်းခံနေတာ တော်လောက်ပြီလို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။ အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်က လီဆန်ဒရို မာတီနက်ဇ်ကို လျင်လျင်မြန်မြန်ပဲ ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး ရင်ဘတ်ကို ဆောင့်တွန်းပြီး ၎င်းရဲ့ မကျေနပ်မှုကို ဖွင့်ဟ ပြောဆိုခဲ့တာကို တွေ့ရပါတယ်။

နှစ်ဖက်အသင်းကစားသမားတွေကြားမှာလည်း ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့ကြပြီး ကွင်းဘေးစည်းကနေ မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ကလည်း ဒိုင်လူကြီးတွေအပေါ် စိတ်ကျေနပ်မှုမရှိမှုကို အော်ဟစ်နေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ကြားဝင်ပြီး အခြေအနေတွေကို အေးဆေးဖြစ်သွားအောင် ဝင်ရောက်ထိန်းသိမ်းပေးခဲ့တဲ့အတွက် ရန်ပွဲ ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဖျက်ထုတ်မှုအချို့ကို မြင်တွေ့ခဲ့ရပြီး အာဆင်နယ်အသင်းဟာ အမှား ၂ ကြိမ်ကျူးလွန်မိခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်သစ် ဘရူနို ဖာနန်ဒက်စ်ဟာ အာရွန် ရမ်းစ်ဒေးလ်ရဲ့ အမှားကနေတဆင့် ပင်နယ်တီဧရိယာအစွန်ကနေ အဖွင့်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဂါဘရီယဲလ် မာဂါလိုင်စ်လည်း အဝေးဘောပေးပို့ရာမှာ လွဲချော်ခဲ့တာကြောင့် ဂျေဒန် ဆန်ချိုကို လွတ်လွတ်ကျွတ်ကျွတ် ဂိုးသွင်းခွင့်ပေးခဲ့မိပြီး အင်္ဂလန်တောင်ပံကစားသမားက ရမ်းစ်ဒေးလ်ကို ကျော်လွန်ပြီး ဂိုးပိုက်ခေါင်မိုးကို ထိအောင် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အတွက်တော့ အပြုသဘောဆောင်တဲ့အရာတွေ အများကြီးရှိနေခဲ့ပြီး လူငယ်ကွင်းလယ်ကစားသမား ကော်ဘီ မိန်းနိုးရဲ့ ခြေစွမ်းက အထင်ကြီးစရာကောင်းခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကတော့ ဂိုးသမားသစ် အိုနာနာကို မြင်တွေ့ရဖို့ အခွင့်အရေး မရခဲ့ဘဲ ကင်မရွန်းဂိုးသမားဟာ ကြာသပတေးနေ့မှာ အမေရိကားကို ရောက်ရှိလာခဲ့ပေမယ့်လည်း ဂန်းနားတွေနဲ့ပွဲမှာ ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။