အမ်းမရိတ်စ်မှာ ဟာဗတ်ဇ် ကစားရမယ့်နေရာကို ပြောပြလိုက်တဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီခေးလ် အာတီတာက ချဲလ်ဆီးကနေ ပေါင် ၆၅ သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ ခိုင် ဟာဗတ်ဇ်ကို အထောင်တိုက်စစ်နဲ့ ကွင်းလယ်တိုက်စစ်နေရာတွေမှာ အသုံးပြုသွားမယ်လို့ သဲလွန်စပေးခဲ့ပါတယ်။
ဟာဗတ်ဇ်ဟာ မေဂျာလိဂ် မြေမကျဘောစိန်ခေါ်မှုမှာ တစ်ဂိုးမှ မသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့သူဖြစ်ပေမယ့်လည်း အဲဒီစိတ်ပျက်စရာတွေကို ကြာသပတေးနေ့မှာ မေဂျာလိဂ် ကြယ်စင်စုအသင်းကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နောက်ကျသွင်းဂိုးကို သွင်းယူပြီး ချေဖျက်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ အသက် ၂၄ နှစ်အရွယ်ကစားသမားနဲ့ပတ်သက်ပြီး အာတီတာဟာ မေးခွန်းတွေ အများအပြားနဲ့ ရင်ဆိုင်ခဲ့ရပြီး စပိန်လူမျိုးနည်းပြက ဟာဗတ်ဇ်အနေနဲ့ ၎င်းရဲ့ ကစားကွက်ထဲက ဘယ်နေရာမှာ အံဝင်မလဲဆိုတာ ပထမဆုံး အရိပ်အမြွက် ပြောဆိုခဲ့တာဖြစ်ပါတယ်။
“သူက ကျွန်တော်တို့ကို သူ့ရဲ့ အရည်အသွေးနဲ့ရော အရွယ်အစားနဲ့ပါ အရမ်းကွဲပြားခြားနားတဲ့အရာကို ပေးနေပါတယ်။ ဥပမာအနေနဲ့ ခင်ဗျားက ဖိအားပေးမှုကို အနိုင်ယူဖို့ လိုတဲ့အခါမှာ သူ့ကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုနိုင်တယ်။ အဲဒီတော့ ကျွန်တော်တို့ ကြည့်တာပေ့ါ။ အခုအချိန်အထိတော့ သူက ကွင်းလယ်တိုက်စစ်နေရာမှာ ကစားနေပေမယ့် တစ်ရာသီလုံးရော ပွဲစဉ်တွေအများအပြားမှာပါ သူ့ကို မတူညီတဲ့နေရာတွေမှာ ကစားစေဖို့ ရွေးချယ်သွားမှာပါ။”
အာဆင်နယ်နည်းပြက ဂန်းနားတွေရဲ့ ကစားသမားသစ်တွေဟာ အသင်းနဲ့ လျင်လျင်မြန်မြန်ပဲ အသားကျသွားပြီးဖြစ်တာကို အလွန်အထင်ကြီးမိခဲ့တဲ့အကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။
“သူတို့တွေက လျင်လျင်မြန်မြန်ပဲ အသားကျသွားတယ်။ ကျွန်တော်တို့ ပွဲစဉ်အတွင်းမှာ ဒီလိုက်လျောညီထွေရှိမှုနဲ့ အဲဒီလို ဆက်ဆံရေးတွေကို ရှာဖွေသွားရမှာပါ။ နည်းပြတစ်ယောက်အနေနဲ့ ဘာတွေလုပ်သွားမလဲဆိုတာကို ခန့်မှန်းဖို့က ခက်ခဲတဲ့အရာဖြစ်ပေမယ့်လည်း တစ်ခါတလေမှာ ကွင်းထဲမှာပဲဖြစ်ဖြစ်၊ စားပွဲမှာ ထိုင်နေတာပဲဖြစ်ဖြစ် သူတိုတွေအချင်းချင်းကြားထဲမှာ အလိုအလျောက် အပြန်အလှန်နားလည်မှုကို ရှာတွေ့နိုင်ပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာ ကျွန်တော်တို့ စတင်ခဲ့တဲ့ပုံစံက ရာသီဥတုကြောင့် နည်းနည်းအခက်တွေ့ခဲ့ပါတယ်။ ကျွန်တော်တို့ ရိုးရှင်းတဲ့ ဘောလုံးပေးပို့မှုတွေကို လွဲချော်ခဲ့ပြီး ပွဲကို တကယ် မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဒီနေ့ ပင်နယ်တီဧရိယာ ၂ ခုစလုံးထဲမှာ ထူးခြားခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးပိုက်ထဲကို ဝင်အောင် သွင်းယူနိုင်ခဲ့ပြီး ကျွန်တော်တို့ ဘောလုံး ပေးလိုက်ရတဲ့အခါမှာ သူတို့ရဲ့ တိုက်စစ်အကူးအပြောင်းတွေကို ခုခံနိုင်ခဲ့တယ်။ ကျွန်တော်တို့ တကယ်ကောင်းကောင်း ခုခံနိုင်ခဲ့တယ်လို့လည်း ထင်ပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်၊ ဘာစီလိုနာအသင်းတို့နဲ့ ယူအက်စ်အေမှာ ဆက်လက် ရင်ဆိုင်ကစားသွားမှာဖြစ်ပြီး ပြီးရင်တော့ ဝင်ဘလေကွင်းမှာ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းလုပွဲကစားပြီး ရာသီသစ်ကို မဖွင့်လှစ်မီ အမ်းမရိတ်စ်မှာ မိုနာကိုအသင်းနဲ့ ခြေစမ်းပွဲကို ကစားသွားမှာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Manager's Talk
- News
- Team News