အမ်းမရိတ်စ်မှာ လစာကောင်းကောင်းလိုချင်နေတဲ့ ပေါင် ၂၇ သန်းတန်ကြယ်ပွင့်
အာဆင်နယ်ကြယ်ပွင့် ဝီလီယံ ဆာလီဘာဟာ အမ်းမရိတ်စ်မှာ စာချုပ်သစ် ချုပ်ဆိုမှာလားဆိုတဲ့ သံသယတွေ မြင့်တက်နေချိန်မှာ လစာကောင်းကောင်း လိုချင်နေတယ်လို့ CBS သတင်းထောက် ဘန် ဂျေကော့ဘ်က ပြောကြားခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာနဲ့ ဘောလုံးဒါရိုက်တာ အီဒူးတို့ဟာ ဘူကာယို ဆာကာနဲ့ အာရွန် ရမ်းစ်ဒေးလ်တို့ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ စာချုပ်သစ် ချုပ်ဆိုဖို့ အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့ပြီးနောက် နောက်ထပ် အဓိကကစားသမားတစ်ဦးကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
The Sun ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ စာချုပ်သစ်အတွက် ဆွေးနွေးညှိနှိုင်းနေချိန်အတွင်း ဆာလီဘာရဲ့ ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုမှုတွေကြောင့် အံ့အားသင့် တုန်လှုပ်ခဲ့ရပြီးနောက် ဆာလီဘာနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ကိစ္စက သဘောတူညီမှု မရဖြစ်နေတယ်လို့ သိရပါတယ်။
အာဆင်နယ်အသင်းဟာ ဆာလီဘာအတွက် တစ်ပတ်လုပ်ခလစာ ပေါင် ၁၂၀၀၀၀ တန်ကြေးရှိတဲ့ ကာလရှည် စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်ထားပေမယ့်လည်း သဘောတူညီမှု ရရှိဖို့ နီးစပ်ခြင်းမရှိဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အဲဒီအခြေအနေကြောင့် ပီအက်စ်ဂျီအသင်းဟာ ဆာလီဘာနဲ့ အာဆင်နယ်တို့ရဲ့ အနေအထားကို အနီးကပ်စောင့်ကြည့်လာခဲ့ပြီး အမည်မဖော်လိုတဲ့အသင်း ၃ သင်းကလည်း ဂန်းနားနောက်ခံလူကို ခေါ်ယူဖို့အတွက် စုံစမ်းမေးမြန်းခဲ့တယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ စာချုပ်သက်တမ်း နောက်ဆုံး ၁၂ လထဲကို ရောက်ရှိနေပြီဖြစ်တဲ့ ဆာလီဘာကို စာချုပ်သစ် ချုပ်ဆိုချင်နေတာဖြစ်ပြီး ဘန် ဂျေကော့ဘ်က ပီအက်စ်ဂျီရဲ့ စိတ်ဝင်စားမှုက အလွန်စစ်မှန်ပေမယ့်လည်း ဂန်းနားတွေက ပြင်သစ်နောက်ခံလူနဲ့ သဘောတူညီမှုရမယ်လို့ ယုံကြည်ချက်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဂျေကော့ဘ်က ဆာလီဘာဟာ အာဆင်နယ် ပထမအသင်းပွဲထွက်လူစာရင်းထဲမှာ အဓိကကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့ပြီးနောက် သိသာထင်ရှားတဲ့ လစာတိုးမြှင့် ရရှိချင်နေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ ပြင်သစ်နောက်ခံလူကို ခေါ်ယူချင်တဲ့ အသင်းတွေ ရှိနေတာကြောင့် ဆွေးနွေးညှိနှိုင်းမှုတွေက ထင်သလောက် ရိုးရှင်းမှာမဟုတ်ဘူးလို့ ဂျေကော့ဘ်က အာဆင်နယ်ကို သတိပေးခဲ့တာ ဖြစ်ပါတယ်။
“သူက လစာကောင်းကောင်း လိုချင်နေတာ သိသာပါတယ် ။သူ ပိုင်ဆိုင်ခဲ့တဲ့ရာသီကြောင့် အဲဒါကလည်း ဖြစ်သင့်ပါတယ်။ ဒီလိုကိစ္စမျိုးက အမြဲတမ်း အချိန်နည်းနည်း ပိုယူရတယ်။ စာချုပ်အခြေအနေကြောင့် ဆာလီဘာကို စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြားရှိနေပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
ဆာလီဘာဟာ လွန်ခဲ့တဲ့ ၄ နှစ်က စန် အီတျန်ကနေ ပေါင် ၂၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့်လည်း ၂၀၂၂-၂၀၂၃ ရာသီမှသာ အသင်းအတွက် ပထမဆုံးပွဲဦးထွက် ရာသီအဖြစ် ပါဝင်ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် နောက်ခံကစားသမားဟာ ယခု ပရီးမီးယားလိဂ်ရာသီအတွင်း အာဆင်နယ်ကို ၁၁ ပွဲ ပေးဂိုးမရှိအောင် ကူညီပေးနိုင်ခဲ့ပြီး တစ်ပွဲပျမ်းမျှ ရှင်းထုတ်မှု ၃ ကြိမ်၊ ဖျက်ထုတ်မှု ၁.၃ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet