အဓိကပစ်မှတ်နဲ့ ဆေးစစ်ဖို့ နီးပြီဖြစ်တဲ့ အာဆင်နယ် coyg

အဓိကပစ်မှတ်နဲ့ ဆေးစစ်ဖို့ နီးပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့ဟာ ခိုင် ဟာဗတ်ဇ်အတွက် ပေါင် ၆၅ သန်းနဲ့ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီဖြစ်တယ်လို့ The Athletic သတင်းထောက် ဒေးဗစ် အွန်းစတိုင်းက ပြောကြားခဲ့ပါတယ်။

လန်ဒန်ကလပ် ၂ သင်းဟာ လက်ရှိမှာတော့ အရစ်ကျပေးချေမှုနဲ့ ထပ်ဆောင်းပေးချေမှုတွေ ပါဝင်နိုင်တဲ့ စာချုပ် တည်ဆောက်ပုံကို အပြီးသတ်ဖို့အတွက် လုပ်ဆောင်နေကြတာဖြစ်ပြီး ဟာဗတ်ဇ်ဟာ အာဆင်နယ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီးဖြစ်ပါတယ်။

မြောက်လန်ဒန်ကလပ်အသင်းဟာ ဂျာမန်လက်ရွေးစင်ကြယ်ပွင့်ကို အနည်းဆုံး တစ်ပတ်လုပ်ခလစာ ပေါင် ၂၁၀၀၀၀ ဝန်းကျင်တန်ကြေးရှိတဲ့ ကာလရှည် စာချုပ်ကို ကမ်းလှမ်းသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပြီး ဟာဗတ်ဇ်ဟာ အမ်းမရိတ်စ်မှာ လစာအမြင့်မားဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာမှာဖြစ်ပါတယ်။

စီစဉ်ထားတဲ့အတိုင်းသာ ဖြစ်လာခဲ့မယ်ဆိုရင် အပြောင်းအရွှေ့မတိုင်ခင် ဆေးစစ်ဖို့ စီစဉ်သွားမှာဖြစ်ပြီး အာဆင်နယ်ဟာ ကနဦးက ဟာဗတ်ဇ်အတွက် ပေါင်သန်း ၅၀ ကမ်းလှမ်းခဲ့ပေမယ့် ချဲလ်ဆီးက ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ အာတီတာက အသက် ၂၄ နှစ်အရွယ် တိုက်စစ်ကစားသမားကို ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ထားတာကြောင့် ဟာဗတ်ဇ်အတွက် ပြောင်းရွှေ့ကြေး တိုးမြှင့်ကမ်းလှမ်းခဲ့တာဖြစ်ပြီး နှစ်သင်းစလုံး သဘောတူညီမှု ရရှိဖို့အတွက် အလွန်နီးစပ်နေပြီဖြစ်ပါတယ်။

ဟာဗတ်ဇ်ရဲ့ နေရာစုံ ကစားနိုင်စွမ်းနဲ့ လုပ်အားနှုန်းက အာဆင်နယ်နည်းပြကို ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပြီး ဂျာမန်လက်ရွေးစင်ကြယ်ပွင့်ကလည်း မြောက်လန်ဒန်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

ဟာဗတ်ဇ်ဟာ တောင်ပံကစားသမားအဖြစ် ကစားတာများပေမယ့်လည်း ပြီးခဲ့တဲ့ရာသီမှာ ချဲလ်ဆီးအသင်းအတွက် ကျောနံပါတ် ၉ ကစားသမားအဖြစ် ကစားပေးခဲ့ပြီး နောက်ချန်တိုက်စစ်နဲ့ တိုက်စစ်တောင်ပံ ၂ ဖက်စလုံးမှာ ကစားနိုင်တာကြောင့် အာဆင်နယ်အတွက် လာမယ့်ရာသီမှာ လေဗာကူဆင်ကြယ်ပွင့်ရဲ့ အရည်အသွေးနဲ့ အတွေ့အကြုံက တိုက်စစ်မှာ အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet