လိဒ်စ်ရဲ့ခက်ခဲတဲ့စမ်းသပ်မှုမခံရခင် ဂန်းနားတွေကို သတိပေးလိုက်တဲ့ ရမ်းစ်ဒေးလ် coyg

လိဒ်စ်ရဲ့ခက်ခဲတဲ့စမ်းသပ်မှုမခံရခင် ဂန်းနားတွေကို သတိပေးလိုက်တဲ့ ရမ်းစ်ဒေးလ်

အာရွန် ရမ်းစ်ဒေးလ်ဟာ တန်းမဆင်းရဖို့ တိုက်ပွဲဝင်နေတဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ အာဆင်နယ်အသင်းဖော်တွေကို သာမန်ထက်ပိုပြီး ဂရုစိုက်ကြဖို့ သတိပေးခဲ့ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်အသာနဲ့ ဦးဆောင်နေတာဖြစ်ပြီး ရာသီနောက်ဆုံး ၁၀ ပွဲမှာ ချဲလ်ဆီး၊ လီဗာပူးလ်၊ နယူးကာဆယ်လ်၊ မန်စီးတီးတို့လို ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ဇယားအောက်ခြေနားက လိဒ်စ်ယူနိုက်တက်လို အသင်းကိုလည်း ယနေ့ အိမ်ကွင်းမှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရမ်းစ်ဒေးလ်က အာဆင်နယ်ရဲ့ပြီးခဲ့တဲ့လ ဘုန်းမောက်နဲ့ပွဲက အံ့အားသင့်ဖွယ် နိုင်ပွဲဟာ အန္တရာယ်ရှိတဲ့အသင်းတွေက ရှင်သန်ကျန်ရစ်နိုင်ဖို့အတွက် ဘယ်လိုတိုက်ပွဲဝင်လဲဆိုတာကို ပြသခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ နောက်ကနေ ဂိုးတွေ လိုက်သွင်းခဲ့တာဖြစ်ပြီး ၉၇ မိနစ်မှာ ရိစ် နယ်လ်ဆန်က အနိုင် ၃ မှတ် ရရှိစေမယ့် နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

“ဇယားထိပ်ဆုံးက အသင်းမဟုတ်ဘူးဆိုရင် ခင်ဗျား ပိုပြီးတော့ ဂရုစိုက်ရမယ်ဆိုတာ အမှန်ပါပဲ။ ဘုန်းမောက်လုပ်ခဲ့တာကို ခင်ဗျား မြင်တယ်မလား။ ကျွန်တော်တို့ ပေါ့ပေါ့ဆဆပဲ သဘောထားခဲ့တယ်လို့တောင် မထင်ပါဘူး။ ခင်ဗျားက အမှတ်ပေးဇယား အောက်ခြေက ဒါမှမဟုတ် အောက်ခြေကရေရင် ဒုတိယက အသင်းဖြစ်နိုင်တယ်။ ခင်ဗျားက ဒီလိဂ်က ဘယ်သူ့ကိုမဆို ဂိုးသွင်းယူနိုင်တယ်။ ကျွန်တော်တို့ အသင်းကြီးတွေ ရမှတ်တွေလျော့ကျတာကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီတော့ ဒီလိုပွဲစဉ်တွေမှာ ခင်ဗျားရဲ့ အာရုံစူးစိုက်မှုနဲ့ ကြိုတင်ပြင်ဆင်မှုက ပိုပြီးအရေးကြီးပါတယ်။ ပြီးရင်တော့ ကွင်းထဲက ခင်ဗျားရဲ့ စွမ်းဆောင်ရည်ကို ဂရုစိုက်ရပါမယ်။”

ရမ်းစ်ဒေးလ်က ၂၀၂၁ ခုနှစ်မှာ အာဆင်နယ်ကို မပြောင်းရွှေ့ခင် ဘုန်းမောက်၊ ရှက်ဖီးယူနိုက်တက်တို့နဲ့အတူ တန်းဆင်းခဲ့ဖူးတာကြောင့် တန်းမဆင်းရရေးအတွက် တိုက်ပွဲဝင်တာက ဘယ်လိုမျိုးလဲဆိုတာကို သိရှိနေတာဖြစ်ပြီး အမှတ်ပေးဇယားအောက်ခြေက အသင်းတွေဟာ ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ဖိအားပိုမိုနည်းပါးတဲ့ပုံစံနဲ့ ကစားနိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော် အမှတ်ပေးဇယားအောက်ခြေက အသင်းမှာ ကစားခဲ့တုန်းက ပိုပြီးကြီးမားတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ချိန်မှာ လွတ်လပ်မှုပိုရှိခဲ့ပါတယ်။ အဲဒါက ပြိုင်ဘက်အပေါ်မှာ အလွယ်တကူ အသာစီးရနိုင်တဲ့ အခွင့်အရေးရှိတယ်လို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျား အနီးအနားဝန်းကျင်မှာ ရှိနေတဲ့သူနဲ့ ကစားရတဲ့အခါမှာ ဖိအားကြီးမားတဲ့ပွဲစဉ်ဖြစ်မှာပါ။ အသင်းတွေက စိတ်လှုပ်ရှားနေကြပြီး အမှားမလုပ်ချင်တာကြောင့် သာမန်အားဖြင့် အရည်အသွေးနိမ့်တဲ့ပွဲစဉ် ဖြစ်လေ့ရှိတယ်။ ဒါပေမယ့် ခင်ဗျား အမ်းမရိတ်စ်ကို လာရတဲ့အခါကျရင် ငါတို့တွေ ကောင်းကောင်း သွားကစားကြပြီး ဘာဖြစ်မလဲ ကြည့်တာပေါ့ဆိုပြီး ပြောမှာပါ။ သူတို့တွေမိနစ် ၆၀ အကြာမှာ ၀-၀ ရအောင် ကစားပြီးရင် အသေထိုင်ပြီး မရှုံးဖို့ ကာကွယ်သွားမှာပါ။ အဲဒီတော့ ပြိုင်ဘက်အပေါ်မှာ အသာစီးရဖို့ အခွင့်အရေးအလွယ်တကူရတယ်ဆိုတဲ့ စကားမျိုး ကျွန်တော် မသုံးချင်ပါဘူး။”

လိဒ်စ်ယူနိုက်တက်ဟာ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာဖြစ်ပေမယ့်လည်း တန်းဆင်းဇုန်နဲ့ ၂ မှတ်သာ ကွာဟနေပြီး ဒီလို ဆိုးရွားတဲ့ရလဒ်တွေကြောင့် နည်းပြ ဂျက်ဆီ မာ့ရှ်ကို ဖေဖော်ဝါရီလမှာ ဝက်ဖို့ဒ်နည်းပြဟောင်း ဂျာဗီ ဂါစီယာနဲ့ အစားထိုးခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ခက်ခဲတဲ့ပွဲဖြစ်မယ်လို့ မျှော်မှန်းထားပါတယ် ။သူတို့တွေက နည်းပြအပြောင်းအလဲ ပြုလုပ်ခဲ့တာ သိသာပေမယ့် ပြီးခဲ့တဲ့ပွဲတွေမှာ သူတို့ရဲ့ ချဉ်းကပ်ပုံက အရမ်းတူညီနေတုန်းပဲလို့ ခံစားရပါတယ်။ ပြိုင်ဘက်အသင်းထက် ပြေးလွှားမှုတွေ ပိုမိုပြုလုပ်ပြီး လွှမ်းမိုးချင်တဲ့ပုံစံနဲ့ ပြီးတဲ့နောက် သူတို့ရဲ့ အရည်အသွေးတွေကို ပြသခွင့်ပေးတဲ့ တူညီတဲ့ ပုံစံမျိုးရှိပါတယ်။ အဲဒါက နောက်ထပ် ခက်ခဲတဲ့ စမ်းသပ်မှုဖြစ်ပါလိမ့်မယ်။ ဒီပွဲကို ဒီရာသီ အမ်းမရိတ်စ်မှာ ကျွန်တော်တို့ လုပ်ခဲ့သလိုမျိုး ပွဲစဉ်တွေအတိုင်း ကျော်ဖြတ်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet