ရိုက်ကို အထိုင်ကျအောင် ကူညီပေးနေပြီး စီးတီးကို သတိပေးလိုက်တဲ့ အော်ဒီဂွါဒ်
အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်က ဂန်းနားတွေဟာ ဆုဖလားရဖို့ ရေပန်းမစားတဲ့အသင်းအနေအထားမဟုတ်တော့ဘူးလို့ ပြောဆိုခဲ့ပြီး ဂွါဒီယိုလာရဲ့အသင်းကို ကျော်တက်နိုင်ဖို့ ကစားသမားသစ်တွေကို အထိုင်ကျအောင် ကူညီပေးနေပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကို အံ့အားသင့်အောင် စွမ်းဆောင်ပြနိုင်ခဲ့ပြီး မန်ချက်စတာစီးတီးအသင်းကို တစ်ရာသီလုံး ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း ရာသီနှောင်းပိုင်းမှာ ဒဏ်ရာပြဿနာတွေကြောင့် ၁၉ နှစ်ကြာဝေးကွာနေတဲ့ ချန်ပီယံရှစ်ဖလားကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ခိုင် ဟာဗတ်ဇ်၊ ယူရီယန် တင်းဘား၊ ဒီကလန် ရိုက်တို့လို ထိပ်တန်းအရည်အသွေးရှိတဲ့ ကစားသမားတွေကို ခေါ်ယူအားဖြည့်ထားတာကြောင့် လာမယ့်ရာသီမှာ မန်ချက်စတာစီးတီးကို စိန်ခေါ်နိုင်ဖို့ ပိုမို အင်အားကောင်းလာပြီဖြစ်သလို ပြီးခဲ့တဲ့ရာသီကထက် ဖိအားတွေလည်း ပိုများလာတော့မှာ ဖြစ်ပါတယ်။
နုရင်ဘတ်နဲ့ ဝါရှင်တန်ဒီစီတို့မှာ အစောပိုင်း ရာသီကြိုလေ့ကျင့်ရေးတွေ လုပ်ဆောင်နေတဲ့ အာဆင်နယ်အသင်းသားတွေဟာ ယုံကြည်မှုတွေနဲ့ ပျော်ရွှင်မှုတွေ ပြည့်နှက်နေတာမြင်တွေ့ခဲ့ရပြီး အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ထက် ယုံကြည်ချက်ပိုမို ပြင်းထန်တဲ့ကစားသမားကတော့ အနည်းငယ်သာ ရှိမှာဖြစ်ပါတယ်။
“မျှော်မှန်းချက်တွေက အပြင်ဘက်ကနေ(ပရိသတ်တွေထဲက) ပိုပြီးတော့ များမယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော် ပြီးခဲ့တဲ့ရာသီအတွက် တကယ်ကို ယုံကြည်ချက်ရှိနေခဲ့ပြီး စိတ်လှုပ်ရှားခဲ့တယ်လို့ ခံစားရပါတယ်။ မနှစ်က ကျွန်တော်တို့ ပိုင်ဆိုင်ခဲ့တဲ့ ရာသီကြိုက အရမ်းအံ့အားသင့်စရာကောင်းခဲ့တယ်။ ကျွန်တော်တို့မှာ ရလဒ်ကောင်းအချို့ရှိခဲ့ပြီး အရမ်းကောင်းတဲ့ ဘောလုံးကစားပုံအချို့ ကစားနိုင်ခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်မှာပဲလို့ ယုံကြည်ချက်ရှိခဲ့တယ်။ အဲဒီတော့ မျှော်မှန်းချက်တွေက အပြင်ဘက်က ပိုများမယ်လို့ ထင်ပါတယ်။ အခု ကစားသမားသစ်တွေနဲ့ မနှစ်က ကျွန်တော်တို့ လုပ်နိုင်ခဲ့တာတွေနဲ့ ပေါင်းလိုက်ရင် မျှော်မှန်းချက်တွေက ပိုမြင့်တက်သွားတော့မယ်လို့ ထင်ပါတယ်။ ဒါက ပြိုင်ပွဲရဲ့ အစိတ်အပိုင်းဖြစ်ပြီး ကျွန်တော်တို့ အဲဒါကို ရင်ဆိုင်ဖြေရှင်းရမှာပါ။ ကျွန်တော်တို့အားလုံးလုပ်နိုင်တာက ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပြီး နေ့တိုင်း ပြင်းပြင်းထန်ထန် အလုပ်လုပ်သွားရမှာပါ။ ကျွန်တော်တို့ လုပ်သွားမှာက အဲဒါပါပဲ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်း ယခုနွေရာသီမှာ ပေါင်သန်း ၂၀၀ ကျော်သုံးစွဲပြီး ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေ အသင်းနဲ့ လျင်လျင်မြန်မြန်အသားကျဖို့က အရေးကြီးပြီး ခိုင် ဟာဗတ်ဇ်က နုရင်ဘတ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ပြီးဖြစ်သလို ရိုက်နဲ့ တင်းဘားတို့ကလည်း ကြာသပတေးနေ့ မေဂျာလိဂ်ကြယ်စင်စုအသင်းနဲ့ ကစားရမယ့်ပွဲမှာ ပွဲဦးထွက်သွားဖွယ်ရှိနေပါတယ်။
အသင်းခေါင်းဆောင် အော်ဒီဂွါဒ်က အသင်းသားသစ်တွေအနေနဲ့ အသင်းရဲ့ တောင်းဆိုမှုတွေကို လျင်လျင်မြန်မြန်နဲ့ လိုက်မီနိုင်ဖို့ အရေးကြီးတယ်ဆိုတာ ကောင်းကောင်း သတိပြုမိနေပြီး အသင်းဖော်သစ်တွေကို အသားကျအောင် ကူညီပေးနေတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။
“ကျွန်တော် သူတို့တစ်စုံတရာ လိုအပ်ရင် ဒါမှမဟုတ် သူတို့ကို ကျွန်တော်တို့ လုပ်နေတဲ့အရာတွေနဲ့ပတ်သက်ပြီး ရှင်းပြဖို့လိုလာတယ်ဆိုရင် စကားပြောဖို့ ကြိုးစားပါတယ်။ သူတို့တွေအနေနဲ့ နွေးနွေးထွေးထွေး ကြိုဆိုတာခံရတယ်လို့ ခံစားရအောင် လုပ်ပေးနေပြီး ကျွန်တော်တို့ရဲ့ ပြိုင်ပွဲပုံစံကို နားလည်အောင် ကူညီပေးနေပါတယ်။ ကစားသမားတွေအနေနဲ့ အသင်းသစ်ကို ရောက်လာရင် ကျွန်တော်တို့ လုပ်နေတာတွေအားလုံးကို နားလည်ဖို့က ခက်ခဲနိုင်တဲ့အတွက် သူတို့ကို အသေးအဖွဲလေးတွေကအစ လိုက်ပြီး ကူညီပေးနေပါတယ်။ ဒါပေမယ့် ဒီအသင်းက ကစားသမားသစ်တွေကို ကြိုဆိုရာမှာ အရမ်းကောင်းမွန်တယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့က မိသားစုလိုပဲ။ ကျွန်တော်တို့ တကယ်ကို တစုတစည်းတည်းရှိကြတယ်။ သူတို့တွေ ပျော်ရွှင်နေပြီး အသင်းအဖွဲ့ရဲ့ အစိတ်အပိုင်းအဖြစ်၊ မိသားစုဝင်အဖြစ် ခံစားနေရပြီးသားဖြစ်တယ်လို့ ခံစားရပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
အော်ဒီဂွါဒ်က ဂွါဒီယိုလာရဲ့အသင်းနဲ့ ရင်ဆိုင်ရာမှာ ပြီးခဲ့တဲ့ရာသီကထက် ပိုလို့တောင် ပြင်းထန်လာလိမ့်မယ်ဆိုတာကို သိနေပေမယ့်လည်း ဘာဖိအားမှ ခံစားမနေရဘူးလို့လည်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
“ခင်ဗျား တူညီတဲ့ပုံစံအတိုင်းပဲ ပွဲအားလုံးကို တိုက်စစ်ဆင်သွားရမှာပါ။ ကျွန်တော်တို့ ကစားတဲ့အချိန်တိုင်း အနိုင်ရချင်တယ်။ ဒါက ရာသီကြိုမှာရော၊ ပရီးမီးယားလိဂ်မှာရော၊ ချန်ပီယံလိဂ်မှာပါ အတူတူပါပဲ။ ကျွန်တော်တို့ အနိုင်ရတဲ့ အစဉ်အလာတစ်ခုကို တည်ဆောက်ချင်ပြီး ရာသီကြိုမှာ အဲဒါကို လုပ်ဖို့ အခွင့်အရေးကောင်းရှိနေပါတယ်။ အဲဒါက ကျွန်တော်တို့ နေ့တိုင်း လေ့ကျင့်ရေးမှာ လုပ်နေတဲ့အရာဖြစ်ပြီး ပြိုင်ပွဲတိုင်းမှာ အားလုံးက အနိုင်လိုချင်ကြတာချည်းပါပဲ။ ကျွန်တော်တို့ အဲဒီ အစဉ်အလာကို စတည်ဆောက်နေပြီ။ ခင်ဗျား အသင်းကြီးတွေနဲ့ ကစားတဲ့အချိန်မှပဲ အဲဒီလို ဖြစ်လို့မရပါဘူး။ ပွဲတိုင်းမှာ ရှိနေရမှာပါ။ ပရီးမီးယားလိဂ်မှာ အဲဒီလို ဖြစ်နေတာပါ။ ခင်ဗျားမှာ နားရက်ရှိတယ်ဆိုရင် ဘယ်လိုအသင်းမျိုးကိုမဆို အနိုင်ယူဖို့ ခက်ခဲပါလိမ့်မယ်။ ကျွန်တော်တို့ လုပ်ရမှာက မနှစ်ကအဖြစ်ကနေ သင်ခန်းစာယူဖို့ပဲ။ စိတ်ပျက်မှု၊ ဒေါသထွက်မှု၊ ဆိုးရွားတဲ့ ခံစားချက်တွေအားလုံးကို ခွန်အားအဖြစ် အသုံးချဖို့ပဲ။ ကျွန်တော်တို့ ကောင်းမွန်တဲ့ပုံစံနဲ့ အဲဒါကို အသုံးပြုရမယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့ရာသီပိုင်ဆိုင်ခဲ့ပြီး ကြီးမားတဲ့ခြေလှမ်းအချို့ လှမ်းနိုင်ခဲ့တယ်။ ရာသီမစခင်တုန်းက ကျွန်တော်တို့ ဆုဖလားစိန်ခေါ်မယ်လို့ ယုံကြည်တဲ့သူ များများစားစားမရှိခဲ့ဘူးလို့ ထင်ပြီး ဒါပေမယ့် ကျွန်တော်တို့ အရမ်းနီးစပ်ခဲ့ပါတယ်။အဲဒါက နာကျင်နေရတုန်းပဲ။ အဲဒါကို ကျွန်တော်တို့ပိုပြီး အားကောင်းတဲ့ပုံစံနဲ့ ပြန်လာပြီး လေ့လာသင်ယူခဲ့လို့ တိုးတက်လာခဲ့တယ်ဆိုတာကို ပြသဖို့ ကောင်းတဲ့နေရာမှာ သုံးဖို့ အရေးကြီးတယ်။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: internet
- Posted In:
- News
- Players' Talk
- Team News