ယူရိုပါကွန်းဖရင့်လိဂ်အောင်ပွဲအပြီး ရိုက်စ်အတွက် ဆုံးဖြတ်ချက်ချလိုက်တဲ့ အာဆင်နယ်
ဒီကလန် ရိုက်စ်ဟာ ဝက်စ်ဟမ်းအသင်းကို ယူရိုပါကွန်းဖရင့်လိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ၎င်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ရှောင်ပုန်းနေဆဲဖြစ်ပါတယ်။
ဘိုဝင်က ဖီအိုရင်တီးနားကို ၂-၁ နဲ့ အနိင်ရရှိခဲ့တဲ့ပွဲစဉ်မှာ နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် ဝက်စ်ဟမ်းအသင်းဟာ ၄၃ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ဆုဖလားအောင်မြင်မှုကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ဘန်ရာမာက ပင်နယ်တီကနေတဆင့် ဝက်စ်ဟမ်းအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း ဘိုနာဗန်တူရာက ဖီအိုရင်တီးနားအသင်းအတွက် ချေပဂိုးကို ပြန်လည်သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။
ယူရိုပါကွန်းဖရင့်လိဂ်ဗိုလ်လုပွဲဟာ အချိန်ပိုအထိ ဆက်ကစားရတော့မယ့်ပုံပေါ်နေချိန်မှာ ဘိုဝင်က ပါကယ်တာရဲ့ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုကနေတဆင့် ဖီအိုရင်တီးနား ဂိုးသမားကို အလဲထိုးပြီး နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဒီကလန် ရိုက်စ်ဟာ ၁၉၆၅ မှာ ဥရောပဖလား၊ ၁၉၇၅ နဲ့ ၁၉၈၀ ခုနှစ်တွေမှာ အက်ဖ်အေဖလား ရယူပေးခဲ့တဲ့ ဝက်စ်ဟမ်းဂန္တဝင်တွေဖြစ်တဲ့ ဘော်ဘီ မိုး၊ ဘီလီ ဘွန်းစ်တို့ရဲ့ ခြေရာကို လိုက်နင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်၊ ချဲလ်ဆီး၊ မန်ယူနိုက်တက်၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးတို့အားလုံးဟာ ဒီကလန် ရိုက်စ်အတွက် တိုက်ပွဲဝင်နေတာကြောင့် အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ဝက်စ်ဟမ်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့်လည်း ဒီကလန် ရိုက်စ်က ယူရိုပါကွန်းဖရင့်လိဂ်အောင်ပွဲအပြီးမှာ ၎င်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရချိန်မှာတော့ အဖြေမပေးဘဲ ရှောင်ဖယ်ခဲ့တာ ဖြစ်ပါတယ်။
“ဒီမှာ အခုအချိန်က ကျွန်တော့်အနာဂတ်နဲ့ပတ်သက်ပြီး ကောလာဟလတွေအများကြီးထွက်နေတာ သိသာပါတယ်။ တခြားအသင်းတွေဆီကနေ စိတ်ဝင်စားမှုရှိနေတာလည်း သိသာပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ကျွန်တော်က ဝက်စ်ဟမ်းနဲ့ စာချုပ်သက်တမ်း၂ နှစ်ကျန်ရှိနေသေးပြီး ဒီအသင်းကို ချစ်မြတ်နိုးတယ်။ ကျွန်တော် ဒီအသင်းအတွက် ကစားပေးရတာကို နှစ်သက်တယ်။ အဲဒါအပြင် တစ်ခြားဘာမှ မရှိသေးပါဘူး။ ကျွန်တော့် အာရုံစိုက်မှုက ဝက်စ်ဟမ်းအတွက် ကစားပေးဖို့ပါ။ ဒီညကို ပျော်ရွှင်ခံစားပြီး ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်တာပေါ့။ ကျွန်တော်က ဒီအသင်းရဲ့ အသင်းခေါင်းဆောင်ပါ။ ကျွန်တော် အသင်းနဲ့ ပတ်သက်တဲ့အရာအားလုံးကို ချစ်မြတ်နိုးတယ်။ ကျွန်တော် ဒီနေရာနဲ့ပတ်သက်ပြီး ဒီထက်ပိုပြီး မပြောပြတတ်တော့ဘူး။ ဘာတွေဖြစ်လာမလဲ ကြည့်ကြရအောင်။”
ယူရိုပါကွန်းဖရင့်လိဂ်အောင်ပွဲက ပြီးပြည့်စုံတဲ့ နှုတ်ဆက်မှုဖြစ်မှာလားလို့ မေးမြန်းခဲ့ရာမှာ “စောင့်ကြည့်ကြတာပေ့ါ။ ဘယ်သူက ကြိုသိနိုင်မလဲ”လို့ ပြောကြားခဲ့ပါတယ်။ CBS Sport သတင်းထောက် ဂျိမ်းစ် ဘန့်ဂျ်က အာဆင်နယ်အသင်းဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ ဒီကလန် ရိုက်စ်ကို ခေါ်ယူမယ့်လုပ်ငန်းစဉ်ကို တရားဝင်လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပြီဖြစ်ပြီး ဝက်စ်ဟမ်းကြယ်ပွင့်က ၎င်းကို ခေါ်ယူမယ့်ပြိုင်ပွဲထဲမှာ ဂန်းနားတွေကို ရွေးချယ်မယ်လို့ ယုံကြည်ချက်ရှိနေတယ်လို့ သိရပါတယ်။
ဂန်းနားတွေဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ ဝက်စ်ဟမ်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ မျှော်မှန်းခြင်းခံထားရပေမယ့်လည်း ကနဦး ကမ်းလှမ်းမှုဟာ ဝက်စ်ဟမ်းအသင်းက ၎င်းတို့ရဲ့ ကြယ်ပွင့်ကစားသမားအတွက် တောင်းဆိုထားတဲ့ ပေါင်သန်း ၁၀၀ ထက် လျော့နည်းမယ်လို့ သိရပါတယ်။
အာတီတာရဲ့အသင်းဟာ ၎င်းတို့ရဲ့ ထိပ်တန်းပစ်မှတ် ဒီကလန် ရိုက်စ်ဟာ အပြောင်းအရွှေ့ ပြုလုပ်ချင်နေတယ်လို့ ယုံကြည်ချက်ရှိနေပြီး ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟာ လန်ဒန်က အခြားကလပ်အသင်းကို ပြောင်းရွှေ့ဖို့ကို ပိုမိုသဘောကျတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေရဲ့ပြောကြားချက်အရ သိရပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- News
- Team News
- Transfer News